Monday, September 24, 2012

1.8.2012

မန္တလေး ဗထူးကွင်းနားက တော်ဝင်မှာ မွေးတယ်။ ကလေးအမေရဲ့ OG က Expected delivery date (EDD) ကို ၁၆.၈.၂၀၁၂ လို့ ကနဦးကမှန်းထားခဲ့ပေမယ့်၊ အနားနီးလာလို့ ရိုက်လိုက်တဲ့ 3D အဖြေက ၇.၈.၂၀၁၂ အထိပဲ ရေမွှာကို စိတ်ချနိုင်မယ်ပြောတာနဲ့ ၁.၈.၂၀၁၂ မှာခွဲမွေးလိုက်တယ်။ ဗမာဗေဒင်တွက်ကိန်း အရသိုက်ဖွားယူလိုက်တယ်။ တရုတ်အဆို နဂါးနှစ်မို့ မွေးလူနာတော်တော်များတယ်ပြောကြတယ်။ ခွဲခန်းထဲက ရှေ့နောက်ထွက်လာတဲ့ ဖွားဖက် ယောကျာင်္းလေးနှစ်ဦးနဲ့ မိန်းကလေးသုံးဦး ကို ကြည့်လိုက်တာ ယောကျားလေးတွေက မျက်လုံးမှိတ်ရက်သားငြိမ်နေကြတယ်.။ အဲ သမီးလေး အပါအ၀င် မိန်းကလေးသုံးဦး စလုံးကြည့်လိုက်တာ မျက်လုံးတွေဖွင့်ရက်သားနဲ့ ဟိုကြည့်ဒီကြည့်တွေချည်းပဲ။ အပေါ်နှစ်ပုံက နှစ်ရက်သမီးပါ။



၂.၉.၂၀၁၂ မှာ ရိုက်ထားတဲ့ ပုံ သုံးပုံ။ အမူအရာမျိုးစုံနဲ့ပေါ့။

၁၂.၉.၂၀၁၂ အီးအီးတွေပါတာများသွားလို့ ဆေးရုံပြန်သွားလိုက်ရတယ်။ ကျွတ်...ကျွတ်။

ဆက်ဖတ်ရန်.....................

Friday, October 14, 2011

ဒီအတောအတွင်း

ဒီအတောအတွင်းဆိုတာ ဘလော့ မရေးဖြစ်တဲ့ အချိန်အတိုင်းအတာကို ဆိုတာပါ။ တစ်နှစ်ကျော်တော့ ကြာခဲ့ပါပြီ။ ဘာတွေလုပ်ဖြစ်သလဲ။ ဘာတွေတိုးတက်မှုရှိသလဲ ပြန်သုံးသပ်ကြည့်တယ်။ တိုးတက်လာတာတွေတော့ တွေ့ရတယ်။ အတ္တတွေကို ထည့်မစဉ်းစားကြေး။ မြန်မာပြည်ပြန်ရောက်တယ်။ မင်္ဂလာဆောင်လိုက်တယ်။ ကိုယ့်အတွက်လည်းပါ တခြားသူလည်း အမြတ်ရနိုင်တာတွေ လုပ်ဖြစ်လိုက်တယ်။ ကိုယ့်အနေနဲ့ ကြမ်းတမ်းတယ်လို့ ထင်ရတဲ့ အတွေ့အကြုံတွေ အတော်ရလိုက်တယ်။ တိုးတက်တယ်ဆိုတာ အတွေ့အကြုံလို့ပဲ ဆိုနိုင်တယ်။ ပြင်ပ ကမ္ဘာနဲ့ အဆက်မပြတ်အောင်ဆိုပြီး တစ်နှစ်ကျော်ကြာမှ အင်တာနက် လွယ်လွယ်သုံးလို့ရအောင်စီစဉ်ဖြစ်တယ်။ အနောက်ကမ္ဘာ နဲ့ ချိတ်ဆက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကြည့်ချင်တယ်။ ဘာမှတော့ ထူးမလာသေးဘူး စီစဉ်နေဆဲပဲ။ ကိုယ့်နောက်က လာမယ့် အငယ်တွေအတွက် တတ်နိုင်သမျှ စီစဉ်ပေးတယ်။ Lab Facility တစ်ခုရဖို့ ကြိုးစားနေတယ်။ ဖြစ်မဖြစ်တော့မသိဘူး။ ဂျာမန် ပါမောက္ခတွေ လာသွားတယ်။ အထောက်အပံ့ပေးနိုင်တယ်ပြောတယ်။ ဒီဖက်ပိုင်းက ချိတ်ဆက်မှုတွေလိုအပ်နေသေးတယ်။
ကိုယ့်အတွက်တော့ မြေတစ်ကွက် ၀ယ်လိုက်တယ်။ တန်ဖိုးအနည်းဆုံးလို့ ဆိုနိုင်တယ်။ မြေမရှိရင် နောင်ရေး စိတ်မအေးလို့။ ကံကောင်းတာလားမသိဘူး ၀ယ်ပြီးခဏမှာ လေးဆ တက်သွားတယ်။ ကံဆိုးတာက ဒေါ်လာဈေးက ပက်ပက်စက်စက်ကျသွားတယ်။ အပေါ်ကလူတွေကို မော့ကြည့်မိရင်တော့ ကိုယ့်ကိုကိုယ် ဘာမှမဖြစ်သေးဘူး ဆိုပြီး စိတ်မောတယ်။ အောက်ကို ငုံ့ကြည့်ပြန်တော့လည်း မောနေတဲ့ ဘ၀တွေအများကြီးတွေ့ရတယ်။ သက်သာပြီး စိတ်ဖိစီးမှုနည်းတဲ့ ဘ၀တစ်ခုမှာ စားဝတ်နေရေး ပြေလည်ယုံလောက်နဲ့ ရှင်သန်နေတယ်။ နောက်ပါးစပ်ပေါက် တစ်ခုတိုးလာရင်တော့ ဒီတိုင်း နေလို့ မလွယ်ဘူး။

ဆက်ဖတ်ရန်.....................

Tuesday, September 13, 2011

EVDO နဲ့ အင်တာနက်

တစ်နှစ်ကျော် မ၀င်ဖြစ်ခဲ့တဲ့ ဘလော့ဂ်ကို ဒီနေ့ ၀င်ဖြစ်တယ်။ တစ်ရက်၊နှစ်ရက်အတွင်း EVDO ဖုန်းအင်တာနက် လျောက်လိုက်တာ ကျလာလို့ အင်တာနက် အလွယ်သုံးဖြစ်တာကြောင့်ရော။ ဘန်းကျော်စရာမလိုပဲ ပို့စ် အသစ်တင်လို့ရတာကြောင့်ရော၊ ဘာရော ညာရောတွေကြောင့် ဒီနေ့ ပြန်ပြီး ဘလော့ဂင်းဖြစ်တယ်။ EVDO ဖုန်းက အင်တာနက်သုံးတာ မယုံနိုင်လောက်အောင်မြန်နေတယ်။ ၂ ရက်တွင်းအမြန်ရချင်တာနဲ့ ၂ သောင်းလောက် ပိုပေးပြီး ဆိုင်ကိုလုပ်ခိုင်းလိုက်တာ ငါးသောင်းပြုတ်သွားတယ်။ တစ်နှစ်တိတိ ဒီလောကနဲ့ အဆက်ပြတ်သွားတာဗျာ လမိုက်ည မီးပျက်သွားသလိုခံစားလိုက်ရတယ်။

ဒီနေ့တော့ ဒါလောက်ပါပဲ။.......

ဆက်ဖတ်ရန်.....................

Thursday, April 15, 2010

သတင်းခေတ်ထဲက ငပျင်း နဲ့ အရူးချေးပန်း

ဒီနေ့က တကယ့်နေ့ပဲ။ မကောင်းသတင်းချည်း ကြားနေရတယ်။ သင်္ကြန်တွင်း ဖြစ်တဲ့ သတင်းက မကောင်းလှတဲ့ အထဲ ကြေငြာချက် ကျောင်းအီးမေးဝင်လာတယ် ပါချုပ်ဟောင်း Professor Peter Dietz အီကွေဒေါမှာ ကားမတော်တဆ ဖြစ်သေဆုံးသွားတယ်တဲ့။ သူ့အသက်ဟာ ၇၀ ရှိပါပြီတဲ့။ ဒီအရွယ်ရောက်မှ သေတာတောင် အေးအေး မသေရပဲ ဘာလို့ ဒီလိုအန္တရာယ်တွေ ဖြစ်သေကြတယ်မသိ။ ပါချုပ်အဖြစ် ၁၉၉၆ ကနေ ၂၀၀၀ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီ ကလောက်စထယ်မြို့လေးရဲ့  မြို့တော်ဝန် အဖြစ်လည်း ထမ်းဆောင်ခဲ့တယ်တဲ့။ သူဟာ လက်ရှိ တရုတ်နိုင်ငံ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး Professor Wan Gang Ph.D ကျောင်းသားတုန်းက Doktorvater လို့ ခေါ်တဲ့ Supervisor ဖြစ်ပါတယ်တဲ့။ နောက်ထပ်ပြောချင်တာကတော့ ဒီမြို့  မြို့ တော်ဝန်ကို သေမှပဲ သိတော့တယ်ဗျာ၊ လေ့လာမှုအားကောင်းပုံများ။

နိုဗယ်ဆုရှင် Dr.Robert Koch ဟာ တီဘီရောဂါပိုး နဲ့ ကုထုံးကို ဒီမြို့ မှာတွေ့တယ် ဆိုတာတော့ တခန်းထဲ အလုပ်လုပ်ဖူးတဲ့ ဂျာမန် တစ်ယောက် ကြွားချင်တာနဲ့ သိသွားတာပါ။ တမြို့ လုံး သူ့ရုပ်ထုတွေ မြင်နေတာလဲမသိ၊ ကျောင်းသားဆောင်က Oven ထဲဟင်းထည့် ဖုတ်ရင်း အနှုတ်မတော်လို့ ကျွန်တော့်လက်မကြီး အပူလောင်အနာရင်းပြီး အရိုးထိလုနီးနီး ပြည်စားနေခဲ့တာ ဆေးရုံသွားခွဲတုန်းကလဲ Robert Koch ဆေးရုံကြီးဆိုပြီး ရေးထားတာလဲ ဒီလူဘယ်သူမှန်းမသိနဲ့ ၊ အဲဒီ တစ်ယောက်က တစ်နေ့တော့ ပြောတယ် အခု ငါနဲ့ မျက်နှာချင်းဆိုင် မင်းထိုင်နေတဲ့ ခုံမှာ အရင်နှစ်က အာဖရိကန် လူမည်းတစ်ယောက်ထိုင်သွားဖူးတယ်။ ခုတော့ တီဘီဖြစ်လို့ ဆေးရုံရောက်နေတယ်တဲ့။ မထူးဆန်းဘူးလားကွာ၊ ဒါလောက် ၁၂ လရာသီ နှင်းဖုံးနေတဲ့ ကလောက်စထယ် ဒီငတိ ဘယ်လို တီဘီဖြစ်တာတုန်းတဲ့။ နောက်ပြီး ဟို Robert Koch ဆိုတဲ့ ငနဲကြီးက လည်း ဒီတီဘီ ရောဂါပိုးကို ဒီမြို့ မှာတွေ့သွားတာကွတဲ့။ နောက် ကျွန်တော့်တွေ့တိုင်း အဲဒီငတိ ရွှတ်နောက်နောက်နဲ့ ချောင်းဆိုးပြပြီး စနေတော့တာပဲဗျာ။


နည်းနည်းပို ရယ်စရာကောင်းတာက တချိန်က တီဘီ ရောဂါ ဆိုတာ masturbation ကြောင့်ဖြစ်တာလို့ တချို့ က ယုံနေခဲ့ကြတာတဲ့ (Ref:link)။

သတင်းခေတ်လို့ ပြောရလောက်အောင် သတင်းတွေရတာ သိပ်မြန်လွန်းတယ်။ တစ်နာရီလောက် အွန်လိုင်းမရောက်တာနဲ့ သတင်းပေါင်းများစွာ သိဖို့ နောက်ကျသွားတယ်။ တရက်လောက်နောက်ကျပြီဆို ပတ်ဝန်းကျင်ကို သတိမထားတဲ့ ငပျင်းလို့လို့တောင် ခေါ်ရမလားပဲ။ ဒီနေ့ခေတ်ရဲ့  အသုံးလုံးက အင်တာနက်(Internet)၊ အင်ဖော်မေးရှင်း (information) ၊ အင်္ဂလိပ်စာ (English)တဲ့။ ကျွန်တော်ထင်တာကတော့ အင်တာနက်၊ အီးမေးလ် နဲ့ အင်္ဂလိပ်စာဖြစ်မယ်ထင်တာပဲ။ အင်တာနက်သုံးတတ်ရမယ်၊ အီးမေးလ် သုံးတတ်ရမယ်၊ အင်္ဂလိပ်စာ တတ်ရမယ် ဆိုချင်သလားလို့ဗျာ။ ဒီအသုံးလုံး ဆိုတာကြီး ဘယ်သူစသုံးမှန်းလဲ မသိပါဘူး။ ဘယ်ဆရာသမားက ဘယ်လို စ ရေးလို့ သတင်းခေတ်ရဲ့  အသုံးလုံး ဖြစ်လာရတယ်မသိပါဘူး။ အဲ ထပ်ပြောရရင် ဘယ်သူက ကော သတင်းခေတ်လို့ နံမည်ပေးတာတုန်း ဟာ..ကြာလေ မသိတာတွေ များနေပါလား။ ဒီကြားထဲ Vergessen Idee ist Keine Idee (Forget idea is no idea) ဆိုတာကလဲ ရှိသေး။ အာဂုံရမှ အာဂလူ ဆိုတာနဲ့ ဆန့်ကျင်ဖက်အဓိပ္ပါယ် တူမလားပဲ။ ဟိုဟာလေးဆိုလဲ ပြေးသိချင်လိုက် ဒီဟာလေးဆိုလဲ ပြေးသိချင်လိုက်နဲ့ ပြီးတော့လဲ ဘာမှ သုံးမရ။ သုံးရတဲ့ ဟာလေးတွေ ကြတော့လည်း သတင်းတွေကို ဖတ်ယုံပဲ ဖတ်ပြီး မေ့ပစ်တတ်တဲ့ ဒီဥာည် ကြောင့် ဘာမှ မှတ်မရ။ သတင်းတွေအပြင် သိစရာဗဟုသုတတွေကလဲ များပါဘိတောင်း။ ဒီခေတ်ကြီးထဲ မ တစ်လုံးကြေ ခင်ကြီးဖျော်သာ ပြန်ရောက်လာရင်တော့ သူ့ခမျာ အင်တာနက်ဆိုင်က ထနိုင်ပါ့မလားမသိ။

ဒီနေ့လဲ မဟာဆန်တစ်ယောက် ကျောရိုးထဲ အပ်သွင်းခံရတာတောင် ခံလိုက်ရမှန်းမသိပါဘူး။ PRT injection နည်း ဆိုပဲ။ ပထမနေ့မှာ Magnetic resonance tomography နည်းအရ သေတ္တာထဲအသွင်းခံလိုက်ရတာ ခေါင်းထဲ သွင်းပါတယ်ဆိုပြီး ကြောက်လို့တုန်နေတယ်။ တကိုယ်လုံး အရိုးတွေ ပုံဖော်လိုက်တာ ခါးရိုးနေရာက အဆစ်တစ်ခုမှာ ပြဿနာဖြစ်နေတာသွားတွေ့တယ်။ နောက်တစ်ပတ်ထပ်ချိန်းခဲ့လို့ ဒီနေ့သွားလိုက်တယ် ၀မ်းလျားမှောက်လို့ ကျောရိုးထဲ အပ်သွင်းပြီး ဆေးထိုးထဲ့တာခံလိုက်ရတယ်။ အရိုးထဲ အပ်သွင်းမယ်ဆိုတာ မသွားခင်ညက အင်တာနက်မှာ ရှာလိုက်လို့ သေချာသိလိုက်ရတယ်။ တကယ် သွင်းတော့ အရေပြားလောက်ပဲ အပ်ဖောက်လိုက်တယ် ထင်တာတဲ့။ စက်နဲ့ သွင်းသွားသလား လက်နဲ့သွင်းသွားသလားတောင် ကောင်းကောင်းသိပုံမရဘူး။ ကြာချိန်က လဲ ငါးမိနစ် လောက်ပဲ။ လာလိုက်တဲ့ လူနာကလဲ သောက်သောက်လဲပဲ။ လာတဲ့လူနာတွေကလည်း အေးအေးဆေးဆေးပဲ ပြုံးပြုံးရွှင်ရွှင်ချည်းပဲ ထသွားတော့မှ ခြေထော့နဲ့ ထော့နဲ့ တို့ ၊ ခါးစောင်းတို့ ဆိုတာသိရတယ်။ ပြီး ၅ မိနစ်အတွင်းပြန်ထွက်လာကြတဲ့သူချည်းပဲ။ ဒီအထဲ မဟာဆန်တစ်ယောက်ပဲ ရှုံမဲ့မဲ့ နဲ့ ထိုင်နေတာ။


ယူရိုတွေ ဈေးတွေ တက်နေလား၊ ဒေါ်လာဈေးတွေ ဘယ်လိုလဲ၊ ဂရိကြွေးကျေရင်ကော ယူရိုဈေးတက်မှာလား၊ ဘယ်သမ္မတက ဘယ်မှာ လေယာဉ်ပျက်လို့၊ ဘယ်နိုင်ငံမှာ ပြဿတွေ ဖြစ်နေလဲ၊ ဘယ်သူတွေ ဘလော့က ဘာတွေ ရေးထားတာ၊ ဘယ်ဟင်းကို ချက်စားဖို့ ဘယ်ဘလော့ သွားရှာရင် ကောင်းမယ် အချိန်မပြတ် အင်တာနက်မှ အင်တာနက်ဖြစ်နေရင်းကနေ တရက်စာလောက် နောက်ကျသွားတာ ညနေပိုင်း အင်တာနက် အသည်းအသန် ကောက်ဖွင့် အီးမေးလ်စစ်၊ ဖိုရမ်တွေထဲ လျှောက်ဝင်လိုက်တာ သတင်းတွေ ပလူပျံလို့ ငပျင်းတစ်ယောက် နောက်ကျ ကျန်ခဲ့ပါကြောင်း။

Ref:

http://en.wikipedia.org/wiki/Tuberculosis
http://www.radiologie-schwabing.de/prt_en.html
http://books.google.com/books?id=72AHO0rE2HoC&lpg=PR1&pg=PA80#v=onepage&q&f=false

ဆက်ဖတ်ရန်.....................

Saturday, April 10, 2010

ပြည်ကြီးငါး ဆီပြန် နဲ့ ပဲဆူးပုပ် ကြော်


ငယ်ငယ်က စားဖူးခဲ့တာ တွေ ချက်စားဖြစ်တယ်။ အရသာတွေကို မှန်းဆရင်း ချက်လိုက်မိတာ အဆင်ပြေသွားတာနဲ့ ဘလော့ မောင်နှမတွေကို မျှဝေလိုက်ပါတယ်။ စားဖြစ်လိုက်တဲ့ နေ့လည်စာကတော့ ပြည်ကြီးငါး ဆီပြန်ချက် နဲ့ ပဲဆူးပုပ်ကြော် ဖြစ်ပါတယ်။ ငံပြာရည်ချက်နဲ့ တို့စရာအဖြစ် သရက်သီးကင်း ရေစိမ်၊ ရုံးပတီးသီး ရေနွေးဖျော တွေ လည်း ပါသမို့ တသက်မမေ့စရာ နေ့လည် စာပဲ ဖြစ်ခဲ့ပါတော့တယ်။ (ဓါတ်ပုံမှာပါတဲ့ Sekt ပုလင်းကတော့ စိုက်ထားတဲ့ အပင်တွေ ရေလောင်းတာပါ ငှဲငှဲ)။




ပထမဦးဆုံး ပြည်ကြီးငါးကို ရေစင်စင်ဆေး၊ အကွင်းလိုက် ကြီးကြီးတုံး လို့ ဆား၊ အချိုမှုန့် နယ်ထားရပါမယ်။ (သတိထားစရာအချက်ကတော့ ပြည်ကြီးငါးတွေကို မာတောင့်စေဖို့ အထဲမှာ ပလတ်စတစ် ချောင်း တစ်ချောင်းထည့်ထားတာကို ရောမလှီးမိဖို့ပါပဲ)။ ကြက်သွန်နီ ဖြူကို ပါးပါးလှီး၊ ဆီပူပူမှာ ထည့်ကြော်၊ ကြက်သွန်နံ့များသင်းလို့ နွမ်းသွားတဲ့အခါ ငြုပ်သီး အကြမ်းမှုန့် အနုမှုန့် ကို ၂ ဇွန်းစာ ခပ်ထည့်ပြီး အနံ့ထွက်လာသည်ထိ ကြော်ပါတယ်။ နောက် ခပ်သေးသေးစိပ်ထားတဲ့ ခရမ်းချဉ်သီးကို လိပ်သွားအောင် မီးအေးအေးမှာ ထပ်ထည့်ပြီး ကြော်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်သွားပြီဆိုရင် စောစောက အသင့်ပြင်ထားတဲ့ ပြည်ကြီးငါးကို ထည့်ပြီး မီးအသင့်အတင့်မှာ ဆီပြန်ပြီး ကျက်သည်အထိ ကြော်ချက် လေး ချက်လိုက်ပါတော့တယ်။

ပဲဆူးပုပ်ဟင်းအတွက်ကတော့ ပဲကတ္တီပါ တစ်ဖြစ်လဲ အသင့် စားသုံးယုံ စည်သွတ် Kidney Bean ပဲဗူး ဗူးကြီး တစ်ဗူး နဲ့ အာရှဆိုင်တွေက ရတတ်တဲ့ ဆူးပုပ်ကြီးကို အဓိက အသုံးပြုပါတယ်။ ဒီနေရာမှာ စားကောင်းတာက အညာမှာ တွေ့လေ့ရှိတဲ့ ဆူးပုပ်လေး မဟုတ်ပါဘူး၊ ဆူးပုပ်ကြီးပါ။ ပါးပါးလှီးထားတဲ့ မျှစ် ကိုလည်း ထည့်ကြော်ရင် ကောင်းပါတယ်။ ပထမဦးဆုံး ဆီပူပူမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို အနံ့ထွက် နွမ်းသည်ထိ ကြော်ပြီးတာနဲ့ ပဲဗူးကို ဖောက်ထည့်ပြီး ဆား၊ အချိုမှုန့် ခပ်ပါတယ်။ နောက် ဆူးပုပ်ရွက် နုနုလေးတွေကို ကိုင်းမသင်ပဲ ရေဆေးပြီး ပဲထဲမှာ ဒီအတိုင်းနှစ်လိုက်ပါတယ်။ နောက် ပါးပါးလှီးထားတဲ့ မျှစ် အနည်းငယ် ထပ်ထည့်ပြီး အပေါ့အငန် မျှသွားအောင် အနည်းငယ် ရောမွှေပေးလိုက်ပါတယ်။ ရေမခမ်း တခမ်းမှာ မီးဖိုပေါ်က ချလို့ စားလိုက်မယ်ဆိုရင်တော့ ဆူးပုပ်နဲ့ မျှစ်နံ့သင်းနေတဲ့ ပဲတ္တီပါ ကြော်ချက်ကို ရပါတော့တယ်။

တို့စရာအဖြစ် အာရှဆိုင်ကနေ ဆွဲလာတဲ့ သရက်သီးကင်းကို အစိတ်လေးတွေ စိတ်လို့၊ ရုံးပတီသီးနုနုကို ရေနွေးဖျော နဲ့ မြန်မာတို့ အကြိုက် ငံပြာရည် ကြော်ချက် နဲ့ တို့မြှုပ်ကာစားဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ငံပြာရည်ချက်တာ အရှင်းဆုံးပါ။ ကြက်သွန်ဆီသတ်ကို ငံပြာရည်လောင်းထည့်ပြီး မီးဖိုပေါ်မှာ ၅ မိနစ်ခန့် တင်ထားမယ်ဆို ရပါပြီ။

အငန်တွေ ပါသမို့ ရေငတ်ဖြေဖို့ Green Tea ၂ ထုတ် ကို လ္ဘက်ခြောက်အစား သုံးပြီး ရေနွေးကြမ်းပါ စီစဉ်ထားလိုက်ပါတယ်။ ကြွားစရာရှိပါသေးတယ် ၄၅ ဆင့် နဲ့ ၀ယ်လာတဲ့ မြေကလုံးဆွဲ နှင်းဆီကိုင်းကလေးကနေ ရက်ပိုင်းအတွင်း အပင်ကြီးဖြစ်လာတာမို့ မကြာခင်ပွင့်တော့မည် ဆိုတဲ့အကြောင်း မဟာဆန် အရမ်းပျော်နေပါကြောင်း ပွင့်တဲ့ အခါမှာလည်း နောက်တပို့စ် တင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။


Type your summary here.

Type the rest of your post here.

ဆက်ဖတ်ရန်.....................

Thursday, March 11, 2010

ပဲရစ်ကို တူးဖော်ခြင်း


ပဲရစ်ကို ရောက်ခဲ့သည်မှာ သုံးရက်တာ ကြာခဲ့ပြီ။ ပဲရစ်မြို့  မြေအောက်ရှိ မြို့ တော်တစ်ခုပမာ ရှုပ်ထွေးလှသော မြေအောက်ဘူတာမှတ်တိုင်များကို Tourism info point မှပေးသော ရထားလမ်းကြောင်းပြမြေပုံ သုံးလျှက် အတန်အသင့် အခက်အခဲမရှိ သွားနိုင်ပြီ။ ရောက်စနေ့မှာ Charles de Gaulle လေဆိပ်မှ အွန်လိုင်းကြိုငှားဖြင့် ငှားရမ်းထားသော Garden Hotel သို့ အသွား Gard du Nord မှတ်တိုင်မရောက်မှီ အဖြစ်အပျက်တခုက ပဲရစ်မှ ရှင်သန်မှု့  စရိုက်တချို့  အကြောင်းသိခွင့်ရခဲ့သလို ရန်ကုန်မှာနေစဉ် Bus စီးခဲ့ရစဉ် အိပ်ကပ်ကို မကြာခဏစမ်းကြည့်မိ သလိုမျိုး အစစအရာရာ သတိထားခဲ့ရသည်။ ပြင်သစ်စကား (ဒီနေရာတွင် ပြင်သစ်စကားဟုထင်သည်) ဖြင့် အထိတ်တလန့် အော်သံကို ကြားပြီးနောက် ကျွန်တော်တို့ ရ ထားပေါ်တက်ခါစက နောက်နားကပ်လာသော နီဂရိုးလူငယ် နှင့် လူဖြူ လူငယ် နှစ်ဦး ရုတ်တရက်ဆင်းပြေးသွားတာ တွေ့လိုက်မိသည်။ တဆက်တည်း အလုခံလိုက်ရသော ကောင်မလေးလည်း အော်ဟစ်ရင်း ခုန်ဆင်းသွားတာ တွေ့လိုက်ရသည်။ ရထားကထွက်နေပေပြီ။ မည်သူမျှ ဆင်းလိုက်သည်ကိုလည်း မတွေ့။ ပြတင်းပေါက်မှ ခေါင်းပြူကြည့်ကြတာလောက်သာ တွေ့သည်။ ကြိုဆိုပုံ သင်းလိုက်ပါဘိ ပဲရစ်။ ဒိနောက် ပထမဆုံးအကြိမ် ကျွန်တော်တို့ နှစ်ယောက်ခရီးစဉ်အတွက် စိတ်အနှောက်အယှက်ဖြစ်မိသည်။ အနားကပ်လာသူမှန်သမျှ မသင်္ကာစိတ် ဖြင့် ကြည့်မိသည်။ ခွင့်လွှတ်တော်မူကြပါကုန်။ ကံကြီးပေလို့ပဲ သူမကိုင်ထားသော လက်ပွေ့အိတ်ထဲမှာ ပတ်စ်ပို့၊ အပြန်လေယာဉ်လက်မှတ်၊ ပိုက်ဆံအိတ် အရေးကြီးတာ အကုန်ပါသည်။ ခရီးဆောင်အိတ်ကြီး နှင့် ကျွန်တော်ခံနေ၍သာ သူတို့ လုသွားခြင်းကို ရုတ်တရက် မခံလိုက်ရခြင်းဖြစ်သည်။ ကျွန်တော့်နောက်ဖက်ခုံတွင်ထိုင်နေသော ပြင်သစ်သူမလေးတော့ ပါသွားရှာသည်။ ဂျာမနီတွင် ခါးပိုက်နှိုက် အန္တရာယ် မရှိသလောက်ရှားပါးစွာဖြင့် အေးအေးလူလူ နေမိသောအလေ့အကျင့် အလျှင်အမြန်ပြန်ဖျောက်ရသည်။ ပဲရစ်လမ်းညွှန်ဆိုင်းဘုတ်များဖြင့် မရင်းနှီးသေးသောကျွန်တော် ခရီးဆောင်အိတ်တကားကားဖြင့် လိုချင်သော ထွက်ပေါက်ကို ရုတ်တရက်ရှာမရ။ သယ်သွားတာက ၂၀ ကီလိုကျော်၊ ထွက်ရမယ့်ထွက်ပေါက်ကလည်း စက်လှေကားကမရှိ၊ မြေအောက်လမ်းတွေကလည်း ကြွက်တွင်းတွေလို ရှည်လျားပြီး များလှပါဘိတောင်း။ ပေတရာကျော် လောက်နက်တဲ့ အထဲမှာ ရထားတစင်းနဲ့ တစင်း ပြောင်းဖို့ကလည်း မြေအောက်တင် လမ်းလျှောက်ပြီး ပြောင်းခဲ့ရတယ်။ ဂျာမနီမြေအောက် ရထားတွေက အဲသလောက်မရှုပ်ဘူး မနက်ဘူး။ ကြီးမားတဲ့ အဆောက်အအုံတွေ မြေပေါ်မှာဆောက်ထားပြီး အောက်မှာ ”ခြအုံ”လို ရှုပ်ထွေးလှတဲ့ ဒီလိုတွင်းတွေတူးထားနိုင်တဲ့ နည်းပညာကိုတော့ လိုချင်မိပါရဲ့ ။ ကမ္ဘာ့ အကြီးဆုံး မြေအောက်စစ္စတမ် တစ်ခုလို့တော့ အင်တာနက်မှာ ရှာတွေ့လိုက်မိတယ်။ ပဲရစ်ရဲ့ မြေအောက်မြို့တစ်ခုပမာရထားလမ်းတွေက ရှုပ်ထွေးလွန်းလှတယ်။ ရထားလမ်းတွေက တချို့ နေရာတွေဆို သုံးထပ် လေးထပ်လောက်အလွှာလိုက် ဆောက်ထားပုံရတယ်။ Rock Mechanics ပညာရပ်မှာ အောင်မှတ်တောင် ခြစ်ကုတ်ရအောင် မနည်းသင်ခဲ့ရတဲ့ ကျွန်တော့်အဖို့ ဘယ်လိုတူးမလဲဆိုတာ လိုက်မမှီပါဘူး။ Metro line 14 lines နဲ့ RER line 5 lines မှာ ပြေးဆွဲနေတဲ့ ရထားပေါင်းများစွာက လာတဲ့ အသံလှိုင်းတွေကို ထိန်းဖို့ ဆိုတာလည်း ရှိသေးတယ်။ လေ၀င် လေထွက် လေသန့်စင် စနစ်တွေ။ နည်းပညာပိုင်းဆိုင်ရာတွေ လိုက်မမှီလို့ ထားလိုက်ပါတော့။

မြို့ ကြီးဖြစ်တာနဲ့ အညီ အစစ အရာရာ သွားသတိလာသတိ ရှိဖို့ သတိထားသင့်တဲ့နေရာတွေ မှာ ကင်မရာနဲ့ ၂၄ နာရီစောင့်ကြည့်နေတာတွေရှိတယ်။ Pigalle, Chatelet, Bastille, Republique စတဲ့ မှတ်တိုင်တွေက သတိထားသင့်တဲ့ နေရာတွေလို့ဆိုတယ်။ နောက်သုံးနေရာကို လျှောက်လည်တိုင်းဖြတ်နေရတော့ မျက်ခုံးက ခပ်လှုပ်လှုပ်ပါပဲ။ လူမည်း နိုင်ငံတွေအတော်များများဟာ ပြင်သစ်စကားကို ဒုတိယဘာသာအနေနဲ့ သင်ကြလို့လားတော့ မသိဘူး နေရာတိုင်းနီးနီးမှာ လူဦးရေ သုံးချိုးတစ်ချိုးလောက် လူမည်းတွေ တွေ့နေရတယ်။ လမ်းဘေးမှာ အမှတ်တရပစ္စည်းတွေ လိုက်ရောင်းနေတာလည်း သူတို့ပဲ၊ Church ကျောင်းတွေမှာ ချည်မန်းကွင်းဆိုပြီး လက်အတင်းလိုက်စွပ်လို့ ပိုက်ဆံတောင်းတာလည်း သူတို့ပါပဲ။ ရောက်စမှာ ဟိုတယ် Reception က ပုဂ္ဂိုလ်က လူမည်းဖြစ်နေတော့ အနည်းငယ်စိတ်ပျက်သွားမိတာတော့ အမှန်ပါ။ မကြာခင်လေးကမှ ရထားပေါ်မှာ ပိုက်ဆံလုသွားတာ လူမည်း အမျိုးသားမို့ စိတ်ကစွဲနေတာရယ်။ ဒီဆရာသမားရဲ့  ရူတည်တည်ဆက်ဆံမှုတွေ၊ ပြောပုံဆိုပုံနေပုံထိုင်ပုံက နည်းနည်း ကလေကချေ ဆန်သလိုဖြစ်နေတာတွေက ရောက်စနေ့မှာ နည်းနည်း စိတ်ကသိကအောက်ဖြစ်မိတာ။ ၅ မိနစ်နီးပါးမှာ ရထားတစ်စီးထွက်နေတာတောင် လူတွေက ပြွတ်သိပ်ကြပ်နေတယ်။ တစီးနဲ့ တစ်စီးကို အချိန်မကုန်ပဲ ပြောင်းစီးနိုင်အောင် လူတွေ ပြေးလွှားသွားနေကြတယ်။ စီးနေတဲ့ လူအချင်းချင်း မှတ်တိုင်မေး ပြီးစီးဖို့တော့ စိတ်မကူးနဲ့ ဖြေဖို့ သူတို့မှာ အချိန်မရှိကြဘူး။ အလွယ်ဆုံးနဲ့ အဆင်ပြေဆုံး ကိုယ့်ဟာကိုယ် ရှာစီးပဲ။ ဒီလိုရှာစီးဖို့ ဘူတာက info point မှာ ရထား လမ်းကြောင်း ဘူတာနဲ့ ခရီးသွားတွေ လာလည်လေ့ရှိတဲ့ Monuments များပြတဲ့ မြေပုံ တောင်းထားလိုက်ရင်ပြီးပြီ။ အနောက်နိုင်ငံ တွေရဲ့  မီးရထားလမ်း ကားလမ်းတွေ စနစ်လိုပါပဲ၊ zone ခွဲပြီး သိထားဖို့တော့လိုတယ်။ ကျွန်တော်တို့တည်းတဲ့ ဟိုတယ် က မြို့ လယ် ၁ ဇုံ ထဲမှာ ရှိသမို့ ဒုတိယ တစ်ရက်ကိုတော့ ၁ ဇုံ ကနေ ၃ဇုံ အတွင်းသွားလို့ရတဲ့ Paris visit လက်မှတ် တစ်ယောက်တစ်စောင်စီဝယ်ထားလိုက်တယ်။ တစ်ယောက် ၉ ယူရိုနဲ့ ၁၈ ယူရိုလောက်တော့ ကုန်သွားတယ်။ Eiffel tower, Louvre Museum, Arc de Triomphe, Opera Garnier, Invalides, Notre-Dame စတဲ့ Monuments အများစု နဲ့ Museum အများစုဟာ ၁ ဇုံ အတွင်းမှာ ကျလို့ 1 day- 1 to 3 zone ticket နဲ့ တရက်မှာ အတော်အဆင်ပြေပါတယ်။ လတစ်လရဲ့  အစဆုံး အပတ်မှာ တနင်္ဂနွေ တရက် Museum Fee ကင်းလွတ်ခွင့် ရတာဆိုတာကို အစ်ကိုမိသားစု တစ်စုကပေးတာ တန်ဖိုးရှိတဲ့ သတင်းပါ။ ၄ ရက်တာ ဟိုတယ်အခန်းယူထားပြီး လေယာဉ် အသွားအပြန်ခရီးဖြတ်ထားတဲ့ ခရီးစဉ်ထဲမှာ ပထမဆုံး တနင်္ဂနွေတရက်ကို ထည့်သွင်းယူထားခဲ့ပါတယ်။ အဲဒီနေ့က မပြန်ခင် အရင်တရက်ပါ။ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရှိတဲ့ Louvre Museum ၀င်ကြေးကတင် ၁၀ ယူရိုလောက်ရှိပါတယ်။ နှစ်ယောက်စာ ၀င်ကြေးမကုန်ခဲ့တာနဲ့ ပြတိုက် ကက်တလောက်လိုမျိုး Museum collection တွေကို ဓါတ်ပုံနဲ့ သမိုင်းကြောင်းကို ဖော်ပြတဲ့ Visit Guide တစ်အုပ်ကို ၁၇ ယူရိုပေးဝယ်ယူခဲ့တယ်။လီယိုနာဒို ဒါဗင်ချီ ရဲ့  မိုနာလီဇာပန်းချီ ၊ ဗီးနပ် ရုပ်တုအပြင် နပိုလီယံ Code Law လို့ ဥရောပမှာ နာမည်ကျော်တဲ့ ဟမ်မူရာဘီရဲ့  ကိုဓ ဥပဒေ ကျောက်စာတိုင်၊ မိုက်ကယ် အိန်ဂျလိုရဲ့  Dying Slave ရုပ်တု နှစ်ခုကို Museum ရောက်မှ အဲဒီမှာရှိမှန်းသိခဲ့ရတယ်။ Museum မှာရှိတဲ့ collection တွေကို အကုန်ဓါတ်ပုံလျှောက်ရိုက်နေရင် တနေ့တည်းနဲ့ မပြီးနိုင်ဘူး။ များလှတဲ့ ဒီပစ္စည်းတွေဟာ သူတို့ နိုင်ငံအတွက်တော့ တကယ့်ရတနာပုံပါပဲ။ နေ့စဉ်မပြတ်တဲ့ ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာဆီက ငွေတွေကို သဲ့ယူနေတာ ဒီပစ္စည်းတွေပါပဲ။ ခုပဲကြည့်ပါအုံး ကျွန်တော့်လို လူဆီက ငွေကိုတောင် ၁၇ ယူရို ယူသွားနိုင်သေးတယ်။ ကျွန်တော်ရဲ့ ၀ါသနာကလည်း အဲဒီအဟောင်းအမြင်းတွေကို ကြည့်ချင်တယ် နောက်ပြီး Museum တစ်ခုရောက်ရင် အဲဒီက ပစ္စည်းအစုံရဲ့  ဓါတ်ပုံ အချက်အလက်တွေလိုချင်တယ်။ အဲဒါတွေ စုထားချင်တယ်။


ဗီးနပ်စ် ရဲ့  သုံးဖက်မြင်အလှ

ဒါလည်း Louvre Museum က ကျောက်သားရုပ်တုတစ်ခုပါပဲ။

အသွင်ပြောင်း ဗီးနပ်စ်။


လီယိုနာဒို ဒါဗင်ချီနဲ့ ခေတ်ပြိုင် အီတလီ ကျောက်ဆစ်ပန်းပုနဲ့ ပန်းချီကျော် မိုက်ကယ်အိန်ဂျလိုရဲ့ Dying slave ဆိုတဲ့ ကျောက်ရုပ်တု။ စိန့်ပီတာက ပီယေတာရုပ်တုလောက်မကောင်းသလိုပဲ။

နောက်သွားဖို့ လမ်းညွှန်ချင်တာက ဗာဆိုင်း နန်းတော် (Palace of Versiailles) ပါ။ ဘာရယ်မဟုတ် ရောက်တုန်းသွားချင်တာနဲ့ ရောက်သွားဖြစ်တယ်။ ၄ ဇုံထဲမှာ ရောက်နေပြီး ခရီးကလည်း ၅ ဇုံထဲမှာရှိတဲ့ Disney land ကနေ ၁ နာရီလောက်သွားရတာနဲ့ 1day ticket (1 to 6 zone) လက်မှတ်ကိုပဲ ၀ယ်လိုက်တော့တယ်။ နှစ်ယောက်စာ ယူရို၄၀ထုတ်လိုက်ရလို့ သူမတောင် မျက်နှာတွေပျက်လို့။ တကယ်တော့ Disney land ကို သွားချင်တာ သူမအလိုဆန္ဒပါ။ ကျွန်တော်က ဗာဆိုင်းသွားချင်တယ်။ ရထားသုံးဆင့် ချိန်းပြီးတဲ့ နောက်မှာတော့ Disney land ကနေ ဗာဆိုင်း ရောက်သွားတော့တာပါပဲ။ ဗာဆိုင်းနန်းတော်တွင်း တစ်နေ့တာ ၀င်ကြေးက တစ်ယောက်ကို ၁၅ ယူရိုလောက် ကုန်သွားတယ်။ ၀ါသနာအတိုင်း Collection တွေကို ပြထားတဲ့ ဓါတ်ပုံနဲ့ စာအုပ်တော့ ၈ ယူရို ပေးဝယ်ခဲ့မိတယ်။


ဗာဆိုင်းနန်းတော်ရှေ့ အမှတ်တရ။

ဘုရင့် အိပ်ယာဆိုပဲ။

ဗာဆိုင်းမှာလည်း မိန်းမစိုးများ ရှိလေသလား။

နေ့လည်စာတော့ ဥရောပမှာ ဈေးအသက်သာဆုံး Mcdonald မှာ အားလူးချောင်းကြော်၊ Cheese Burger ရေတပုလင်းတို့နဲ့ ပြီးလိုက်ကြတယ်။ ဒါတောင် ဈေးက ဂျာမနီထက် နှစ်ဆလောက်ပိုကြီးနေတယ်။ နှစ်ယောက်စလုံး နည်းနည်းအစားကြီးသူတွေမို့ ၁၃ ယူရိုလောက်တော့ လျှောသွားတယ်။ ဒါတောင်လမ်းမှာ ဟမ်းဘွဂ် က သယ်လာတဲ့ ယိုသွတ် ပေါင်မုန့် နှစ်ချောင်းက ဗိုက်ထဲက ဘယ်ချောင်သွားကပ်လည်းမသိဘူး။ လေးရက်တာ နေ့လည်စာ ညစာ အများစု ကိုတော့ ဟိုတယ်နားက တရုတ်စာ ဂျပန်စာ ဆိုင်မှာပဲ ပြန်ပြန်စားဖြစ်ကြတယ်။ ဟင်းလက်ရာကတော့ ဂျာမနီမှာ ကျွန်တော်စားဖူးတဲ့ အာရှဆိုင်က အစာတွေထက်သာတယ်။ ရောင်းပုံက ထူးဆန်းတယ်။ ဟင်းတွေ ထမင်းတွေ ထမင်းကြော်တွေကို ၁၀၀ ဂရမ် ကို ၁.၈ ယူရို၊ ၁.၆ ယူရို စသည်ဖြင့် ရောင်းတယ်။ ထမင်းကြော် ၁၀၀ ဂရမ်က ၁ ယူရိုတဲ့။ ဟင်းအမယ်ပေါင်း ၂၆ မျိုးလောက်ကို ကြိုတင်ချက်ထားပြီး မှာလိုက်တာနဲ့ ပလတ်စတစ်ဗူးလေးထဲထည့်ပြီး မိုက်ခရိုဝေ့ဗ်နဲ့ နွှေးပေးတယ်။ ဒီဆိုင်က ဟိုတယ်နောက် တလမ်းမှာ ရှိတာမို့ အစားငမ်းတဲ့ ကျွန်တော် ဟန်ကျနေတော့တာပါပဲ။ Breakfast ကိုတော့ ဟိုတယ်ကို ၇ ယူရိုပေးမစားတော့ဘူး။ ရေနွေးအိုးယူသွားပြီး ရယ်ဒီမိတ် ခေါက်ဆွဲဘူး အထုပ်တွေလေးရက်စာ ၈ ခု ယူသွားတယ်။ နှစ်ယောက်ပုံတွေ ရိုက်ဖို့ ကင်မရာတင်တဲ့စင် ကလည်း ၁ ကီလိုကျော်ကျော်လောက် လေးတဲ့အပြင်၊ Wireless ရတယ်ဆိုတာနဲ့ အွန်လိုင်းဂိမ်းဆော့တာ မစွန့်လွှတ်နိုင်တဲ့ ကျွန်တော်တို့ နှစ်ယောက် ကွန်ပျူတာသယ်သွားခဲ့ကြတယ်။ ဓါတ်ပုံမှာ ဖက်ရှင်အမျိုးမျိုး နဲ့ ရိုက်ချင်တဲ့ သူမအတွက် ဖိနပ်အပိုတွေ၊ မင်းတောင် လုပ်တာ ငါလည်း ဘယ်ရမလဲ မခံချင်စိတ်နဲ့ ဖိနပ်အပို အနွေးထည် အပိုတွေ ယူသွားမိတဲ့ ကျွန်တော် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပါပဲ။ ၂၅ ကီလိုလောက်လေးတဲ့ အိတ်ကြီးကို ရထားအတက်အဆင်းမှာ ချလိုက်ရတာ။ တကယ်တော့ အ၀တ်အစား ဘောင်းဘီ နှစ်စုံလောက်နဲ့ အနွေးထည်တစုံလောက်စုံ အိုကေမှာပါ။ ဂျာမနီမှာ ဆီးနှင်းဖုံးနေတဲ့ အချိန် ပဲရစ်မှာ နေသာတဲ့ အချိန်တွေပါပဲ။ ပြန်လာတော့လည်း ဂျာမနီမှာ ဆီးနှင်းတွေ ဖုံးလျှက်ပါပဲ။ ပဲရစ် တမြို့ လုံးဟာ ကမ္ဘာ့ခရီးသွားတွေ ငွေကို ချူမယ့်နေရာတွေချည်းပါပဲ။ ဖြုန်းချင်လောက်အောင်လည်း တန်ပါရဲ့ ။ ဒုတိယ အကြီးဆုံး အင်ပါယာကို တည်ထောင်နိုင်ခဲ့သူတွေပီပီ ကမ္ဘာအရပ်ရပ်က ရှေးဟောင်း အမွေအနှစ်တွေကို သူတို့ပြတိုက်တွေထဲမှာ စုစည်းထားနိုင်ခဲ့တယ်။ ဒါတွေဟာ နေ့စဉ် ၀င်လာမစဲတသဲသဲ ငွေတွေပါပဲ။ ခေတ်ရှေ့ပြေးတဲ့သူတွေပီပီ လှပဆန်းပြားတဲ့ အဆောက်အအုံတွေနဲ့ ခေတ်ဟောင်းအမွေအနှစ်တွေ ပေါင်းတဲ့ အခါ လူတွေကို လာချင်အောင်စွဲဆောင်တော့တာပေါ့။ တဖက်ကလည်း မီဒီယာတွေကနေတဆင့် သူတို့ ခေတ်ဟောင်းပညာရှင်တွေရဲ့  လက်ရာတွေကို ကြေငြာခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ပဲရစ်မှာ လေးရက်ကြာခဲ့တယ်။ ဒီခရီးစဉ်ကို Lab ခန်းမှာ ခေါင်းမဖော်နိုင်အောင် ကျွန်တော် အလုပ်ရှုပ်နေစဉ် အတွင်း ၅ လခန့်လောက်ကတည်းက လေယဉ်လက်မှတ် သူမကြိုတင်စီစဉ်ခဲ့တာဖြစ်တယ်။ လည်ပတ်ဖို့ အစီအစဉ်တာဝန်လောက်ပဲ ကျွန်တော်ယူခဲ့တယ်။ သွားခါနီး တစ်လလောက် ကြိုတင်စဉ်းစားပြင်ဆင်ခဲ့တယ်။ လူခံမရှိသမို့ တိုတောင်းတဲ့ ၄ ရက်တာအတွင်း လည်မယ့်နေရာတွေ Monuments တွေ ပြတိုက်တွေ ဆင်းရမယ့် ဘူတာတွေ အားလုံးကြိုစီစဉ်ခဲ့ကြတယ်။ 3 ညအထက်တည်းရင် ဈေးလျှော့တာ ရထားလက်မှတ်ဈေးလျှော့ဖို့ လည်မယ့် နေရာ ဇုံတွေအတွင်းမှာ တည်းခိုမယ့် ဟိုတယ်ရှိတာ စသည်ဖြင့် ပြင်ဆင်ခဲ့ကြတယ်။ မသွားခင် ကိုယ်သွားလည်မယ့် နေရာအကြောင်းကို ကြိုသိဖို့ စာတွေပြန်ဖတ်ခဲ့ကြတယ်။ ပြတိုက်တွေကို စိတ်ဝင်စားတဲ့ ကျွန်တော် သမိုင်းအဖြစ်အပျက်တချို့  နဲ့ ပဲရစ် Monuments များကို ကိုသိဖို့ ဒီဝက်ဆိုဒ်တွေကို အားကိုးခဲ့တယ်။
(Ref: http://www.parisdigest.com, http://www.ratp.info)

ဆက်ဖတ်ရန်.....................

Friday, October 16, 2009

အိမ်ဦးနတ်ကြီးတဲ့လား

ကျွန်မအတွက်တော့ ချစ်သူတွေ ဆိုတာ ”သံယောဇဉ်ကြိုးတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ ကြိုးတံတားတစ်ခုပေါ်မှာ အမြဲရန်ဖြစ်နေကြတဲ့ လူနှစ်ဦး”လို့ အဓိပ္ပာယ် ရပါတယ်။ အယူအဆမတူတာတွေ များလွန်းပြီး တစ်ယောက်ကို တစ်ယောက်ကလည်း ဘယ်တော့မှ အရှုံးမပေးစတမ်း ငြင်းခုံနေကြလို့ပါ။ တခါတရံများ အ၀တ်အစား အရောင်ရွေးတဲ့ ကိစ္စကနေ စလိုက်တာ ”နင့်စိတ်ကဘယ်လို…ငါ့စိတ်က ဘယ်လို”..တွေအထိရောက်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားနိုင်လုရင်းနဲ့ ကိုယ်ရန်ဖြစ်နေတဲ့ အကြောင်းအရာကို ပြန်ကြည့်လိုက်တော့ မူရင်း ကိစ္စ (အရောင်ရွေးတဲ့ ကိစ္စ)က ပျောက်တောင်နေပေါ့။ အဲလို ချစ်ကြပါတယ်။

စကားများ ရန်ဖြစ်တိုင်း သူပြောတတ်တာက ”နင့် အိမ်ဦးနတ်ဖြစ်မယ့်လူနော်။ လေးလေးစားစား ဆက်ဆံ” ဟူသတတ်။ အဲ့မှာ ကိုယ့်အကွက် ၀င်သွားတာပေါ့ကွယ်။ ”ဟေ့ အိမ်ဦးနတ်ဆိုတာ အိမ်ဦးနတ်ကတော်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရတဲ့သူ” လို့ ရှင်းပြလိုက်တာပေါ့။ ဟုတ်ဘူးလား စဉ်းစားကြည့်လေ။

နတ်ပွဲတွေ နတ်မေးတာတွေ လူတိုင်း သိပါတယ်။ နတ်များခမျာ စားချင်တာလေး၊ ၀တ်ချင်တာလေး၊ သောက်ချင်တာလေးရှိရင် သူ့ကတော်ကို သူ ကပ်ရတယ်မလား။ နတ်ကတော်ကြီးက ”ဟေ့ ကြက်ကင်ဆက်စမ်း” လို့ပြောမှ ဘေးလူတွေက ကြက်ကင်လေး ဆက်တယ်လေ။ ဒါတောင် နတ်ကိုယ်တိုင် စားရရဲ့လား..နတ်ကတော်ပဲ အရင်စားသလား…ဘယ်သူသိတာမှတ်လို့။ အ၀တ်လေးများ ၀တ်ချင်ရင်လည်း နတ်ကတော်ကပဲ ”ဟေ့ ဗောင်းတော်ဆက်မှ ကျေနပ်မဟဲ့” ဆိုမှ ရရှာတယ် မဟုတ်လား။ ဒီကြားထဲ လူတွေများ နေထိုင်မကောင်း၊ အဆင်မပြေတာများ ဖြစ်ရင် နတ်က မကျေနပ်လို့ ဒဏ်ခတ်တယ်လို့ အပြစ်တင်ခံရသေးရဲ့။

မိသားစုရဲ့ အိမ်ဦးနတ် ဆိုရင်ရော ကြည့်ကြပါဦးလေ။ အဖေက ဘော့စ်ဆိုပါတော့။ အမေက မန်နေဂျာပဲ။ တစ်မိသားစုလုံးရဲ့ အရေးကိစ္စတွေကို အမေ ဆုံးဖြတ်မှ ပွဲပြီးတယ်။ အဖေကတော့ အတည်ပြုပေါ့။ အရာရှိကြီးများ မိသားစုဆိုရင်လည်း ကြည့်လိုက်ဦး။ ရာထူးလေးများ တိုးချင်ရင် ဆရာ့ဆီသွားသလား။ ဆရာကတော်ဆီ နောက်ဖေးပေါက်က ၀င်သလား။ စဉ်းစား ချင့်ချိန်ကြပါကုန်။

ဒါဘာကြောင့်လဲဆိုတော့ မိန်းမသားတွေဟာ မိခင်စိတ်ရှိလို့ပါ။ မိန်းကလေးများဟာ သူ့ချစ်သူကို သံယောဇဉ်ရှိသွားတာနဲ့ နဂိုဗီဇ အခံစိတ်ဖြစ်တဲ့ မိခင်စိတ်၊ မိခင်မေတ္တာတွေ ချစ်သူကို ပေးမိတော့တာပါပဲ။ နေမကောင်းလို့ စိတ်ပူတာ၊ အလုပ် အဆင်မပြေမှာစိုးလို့ စိတ်မချတာ၊ စားကောင်းသောက်ဖွယ်လေးတွေ ချက်ကျွေးချင်တာ၊ ဒါတွေ အားလုံးဟာ အမေက သားကလေးကို ချစ်လို့ ဂရုစိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ချစ်သူမို့ ကိုယ့်ခင်ပွန်းမို့ ဂရုစိုက်တာပါလို့ အပြင်မှာ ထင်ရပေမဲ့ တကယ့် အရင်းခံစိတ်လေးက မိခင်စိတ်ပါ။ အဲလို ပျော့ပျောင်း ညင်သာစွာ ခိုင်မာတဲ့ မေတ္တာဓာတ်ရဲ့ တန်ခိုးကြောင့် ယောက်ျားတွေဟာ ခေါင်းညိတ်၊အလိုလိုက်၊ သဘောတူ၊ အကြိုက်ဆောင်နေကြတာပေါ့။ ဒါကြောင့်လေ..အိမ်ဦးနတ်ကြီးများကို သိစေချင်တာက အိမ်ဦးနတ်ကတော်လေးများရဲ့ မေတ္တာစကားကို ကောင်းကောင်း နားထောင်ကြပါလို့။

ဆက်ဖတ်ရန်.....................

Friday, October 9, 2009

အိပ်ယာမ၀င်ခင် အတွေးများ

မွေးဖွားကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင် ဖြတ်သန်းခဲ့ရာ ပတ်ဝန်းကျင် လက်ရှိရောက်ရှိနေတဲ့ ပတ်ဝန်းကျင် တွေက ရတဲ့ အတွေ့အကြုံလေးတွေကို မူတည်ပြီး အတွေးတစ်ချို ၀င်ဖြစ်တယ် အခြေခံပညာ လေးတန်းနှစ်ထိ နံနက်ခင်းကျောင်းတက် ခေါင်းလောင်းထိုးတာနဲ့ ဆိုရတဲ့ သစ္စာဓိဌာန်လေးချက်က စပြောမှ ရမယ်။

‘‘ မိမိ ကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိရွာကို ကောင်းအောင်ကြိုးစားမည်၊ မိမိနိုင်ငံကို ကောင်းအောင်ကြိုးစားမည်‘‘ တဲ့။

တမျိုးတဖုံ နားလည်လိုက်တဲ့ အဓိပ္ပါယ်ကတော့ မိမိကိုယ်ကို တိုးတက်ကြီးပွားအောင် အရင်ကြံဆောင်ပါ။ ပြီးရင် မိမိပတ်ဝန်းကျင် နောက်ထပ်ခါထပ်ခါ ချဲ့လို့ နိုင်ငံ၊ ကမ္ဘာ့ ပတ်ဝန်းကျင် က လူသားမျိုးနွယ် စတာတွေကို တိုးတက်ကြီးပွားအောင် အဆင့်ဆင့် ကြံဆောင်လုပ်ကိုင်ပါလို့ တွေးယူပါတယ်။ မိမိကိုယ်က တော်တဲ့ တတ်တဲ့ လူမဟုတ်ပဲ ပတ်ဝန်းကျင် က လူတွေကို တော်အောင်တတ်အောင် ကြီးပွားအောင် လုပ်ပေးချင်လို့ မလွယ်ပါဘူး။ မဖြစ်နိုင်ဘူးပဲ ပြောပါရစေ။ ခုချိန်မှာတော့ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရင်း နဲ့ လူ့သက်တမ်းတ၀က်ရောက်နေပါပြီ။ ကမ္ဘာကလူသားမျိုးနွယ်အတွက် နိုင်ငံက လူတွေအတွက် ပတ်ဝန်းကျင် မိသားစု အတွက်နေနေသာသာ မိမိကိုယ်ကို ရပ်တည်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အခြေအနေမှာရှိပါတယ်..။ ဒါက စကားချီးပါ။ နောက်ဆက်ပြောမှာက ဒီနေ့ ရေချိုးရင်း စိတ်ကူးယဉ်တာပါ။ အထက်က သစ္စာဓိဌာန်လေးချက်ကို ကြိုက်သမို့ နိုင်ငံကို ဘယ်လိုတိုးတက် အောင်လုပ်မလဲ ဘာတွေလုပ်ကြမလဲ စိတ်ကူးယဉ်ကြည့်တယ်။ အင်း…အဆင့်ကတော့ နည်းနည်းကျော်နေပြီ။

သိပ်ရှုပ်တဲ့ ကိစ္စတွေကို စဉ်းစားတိုင်း စကားလုံးလေးတစ်လုံးပေါ်လာတယ်‘‘ KISS‘‘ တဲ့။ Keep It Simple, Stupid. တဲ့။ စတွေးစို့…။

လူတစ်ယောက် တိုးတက်ကြီးပွားဖို့ဆိုရင် အသိဗဟုသုတ အကြားအမြင် သိကျွမ်းခင်မင်ရာ မိတ်ဆွေ လိုပါတယ် အဲဒါတွေနဲ့ ဆက်စပ်တဲ့ နောက်တစ်ခုက သူ့ ရဲ့ အိပ်မက်ပါ။ စာပေဆိုရာမှာ မြန်မာစာဖတ်ကျွမ်းယုံမဟုတ် အင်္ဂလိပ်စာဖတ်ကျွမ်းခြင်းကိုပါဆိုလိုပါတယ်။ ဒီနေရာမှာ ရေးလိုရင်းက အဲဒီ အင်္ဂလိပ်စာပါ။ အဲဒီစာပေတွေက တဆင့် ကမ္ဘာတ၀ှမ်း သူ့အိပ်မက်ကို ဖြန့်နိုင်တယ်။ မြန်မာစာ မြန်မာစကားက ကိုယ့်ပတ်ဝန်းကျင်မှာပဲရှိသမို့ လွယ်လွယ်သင်ယူလို့ရပါတယ်..။ စာဖတ်ခြင်းကို ကျွမ်းဝင်ဖို့ သူကိုယ်တိုင်စိတ်မပါရင်တောင် မိဘတွေက ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရင် မြန်မာစာဖတ်ချင်တဲ့ အလေ့ အပျော်တမ်းစာဖတ်လေ့ ရှိလာနိုင်ပါတယ်…။ မြန်မာလိုဘာသာပြန်ထားတဲ့ ဘာသာပြန်စာပေတွေကတဆင့် ကမ္ဘာကို သူစိတ်ကူးယဉ် ခြေဆန့်နိုင်တယ်။ စာဖတ်များလေ သူ့အိပ်မက်ကို ကြီးကြီးမက်ဖို့သိလာလေပဲ…။ ပတ်ဝန်းကျင်ကောင်း (ပညာတတ်အသိုင်းအ၀ိုင်း၊ မြို့ ) ရောက်မနေရင်တောင် သူ့ ဘယ်လောက်ကြီးတဲ့ အိပ်မက်ကို မက်ရမလဲ သိလာလိမ့်မယ်..။ နိုင်ငံခြားမှာ ဘာကျောင်းတက်ရင် ဘာဖြစ်မယ် ဘယ်သွားရင် ဘယ်ရောက်မယ် ဘယ်လိုလူမှုဆက်ဆံရေးဆိုဘယ်လိုဆိုတာ မြို့ ပေါ်က ကလေးမှ သိတာမဟုတ် မြို့ နဲ့ ဝေးတဲ့ နယ်စပ်က ကလေးကလဲ စာဖတ်ကျွမ်းရင် သိနိုင်တယ်…။ ဆရာဖေမြင့် ဘာသာပြန်တဲ့ စာအုပ်တစ်အုပ်မှာ (အတိအကျတော့မမှတ်မိတော့) ဖခင်တစ်ယောက်ဟာ သူ့သမီး မြို့ ကျောင်းကို သွားတက်နေတာ သွားရလာရနဲ့ လူငယ်ဘ၀ အချိန်တွေကုန်ပြီး သိပ်ဆင်းရဲ နေတာ တွေ့တော့ အကောင်းဆုံးနည်းလမ်း စဉ်းစားတယ်။ သူနေတဲ့ နေရာကလည်း မြို့ နဲ့ အင်မတန် အလှမ်းကွာဆိုပဲ။ ဒါနဲ့ အိမ်မှာ စာကြည့်ခန်း ကောင်းကောင်းလုပ်ပြီး စာများများဖတ်လို့ သူ့သမီးကို စာသင်ပေးလိုက်တာ တက္ကသိုလ်ကျောင်းသားတွေကို ယှဉ်နိုင်တဲ့ လူမှု အသိ ပညာအသိတွေ ရတယ်တဲ့..။ ဒါ ယေဘုယျ ဆိုချင်တယ်…။ ပြောချင်တာ စာဖတ်ကျွမ်းရင် ရလာတဲ့ အသိပညာ၊ နဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ဆိုလိုတာပါ…။

အင်္ဂလိပ်စာ အနေနဲ့ ပြောရင် တနိုင်ငံလုံး အတွက် စိတ်ကူးယဉ်အိပ်မက်ကိုပါထည့် ပြောချင်တယ်…။ ဘာသာပြန်တွေက တဆင့် ကမ္ဘာ့ရေးရာ စာပေ ဗဟုသုတ သတင်းအချက်အလက်တွေကို လေ့လာတာ တိုက်ရိုက်မဟုတ်လို့ အချိန်နဲ့ တပြေးညီမဖြစ်တာတွေ သူဖတ်မိလို့ သူကြိုက်တာ ပြန်မှ ကိုယ်က ဖတ်ရတာတွေ စတဲ့ ဒုက္ခတွေ တွေ့ရတယ်..။ ကိုယ်ကြိုက်တဲ့ နယ်ပယ် က စာလည်း ရှိချင်မှ ရှိတယ်။ ဒီတော့ အင်္ဂလိပ်စာတတ်ဖို့ လိုလာပြီ…။ ဒီနေ့ကမ္ဘာမှာ ဒုတိယ ဘာသာစကားအဖြစ် အင်္ဂလိပ်ကို ကျွမ်းကျင်ခဲ့ရင်တောင် နှံ့စပ်တဲ့ သူ ဖြစ်နေပါပြီ။ ကမ္ဘာ့စာပေတွေ တော်တော်များများက အင်္ဂလိပ်လိုရှိတာကိုး။ မြန်မာ ကျောင်းသားတွေ ကမ္ဘာအနှံ့ ပညာရှာရာမှာ ဒါမှမဟုတ် မြန်မာကနေ ပြီး ကမ္ဘာပေါ်က ပညာရှင်တွေနဲ့ ချိတ်ဆက်လို့ တဆင့်တက်ပညာရှာရာမှာ ပညာသင်ကြားလာခဲ့တဲ့ သင်ရိုးညွှန်းတမ်းတွေ မနိမ့်ဘူး။ အပြင်ကမ္ဘာကလူတွေနဲ့ ဆက်ဆံရာမှာတော့ ကိုယ့်ကို အထင်ကြီးဖို့ လက်ခံဖို့ဆို ပြောဆိုဆက်ဆံတတ်ဖို့ လိုလာပါပြီ။ ဖတ်နိုင်ရေးသားနိုင်ဖို့လည်း လိုလာပါပြီ။ မြန်မာတွေ ဘယ်လောက်ပဲ အင်္ဂလိပ်စာ တော်ပါတယ်လို့ ပြောကြပါစေ တနိုင်ငံလုံးအတိုင်းအတာဆို မတော်ဘူး ပြောရမယ်။ မြန်မာရဲ့  နေ့စဉ်နေထိုင်မှု ဘ၀မှာ ဧည့်လမ်းညွှန်တွေကလွဲရင် တက္ကသိုလ် အဆင့်မှာတောင် ပြောဆိုဆက်ဆံမှု မရှိသလောက်နည်းပါတယ်။ မရှိရခြင်း နောက်တစ်ကြောင်းက နိုင်ငံခြား ကျောင်းသားမရှိဘူး မရှိတော့ အင်္ဂလိပ်လို လက်ချာ မရှိဘူး။ နိုင်ငံခြားသားမပါ စာတမ်းဖတ်ပွဲတချို့ မှာ ပြောကြသော်ငြား တကယ်လိုအပ်လို့ ပြောတာမဟုတ် လုပ်ပြောရတာဖြစ်လို့ ပြောရင်း သိပ်မရှင်းတော့ရင် ဗမာလို တွယ်ထဲ့လိုက်ကြတာပဲ။ အဓိကကတော့ နိုင်ငံခြားသားပညာရှင်တွေနဲ့ ဆွေးနွေးပွဲတွေမှာ ပညာရှင်အဆင့် မြန်မာတွေ ထပြီး လေမကျယ်နိုင်ကြတာ ဘာသာရပ်ကို နားမလည်လို့မဟုတ် သူပြောတာနားလည်ကောင်း လည်သော်ငြား အင်္ဂလိပ်လို အကျယ်တ၀င့် မရှင်းနိုင်ကြလို့ပါ။ ဘုန်းတော်ကြီးတွေ ပါဠိစာပေတွေ တတ်ကျွမ်းသော်ငြား ပါဠိလို မပြောတတ်ကြတာနဲ့ ဆင်တူပါတယ်…။ ဒါတောင် မြန်မာ တက္ကသိုလ်ဆင့်တွေမှာ ဘာသာရပ်တွေကို အင်္ဂလိပ်လို ဆက်လက်ပြဌာန်းထားလို့ပါ။ မြန်မာတက္ကသိုလ်ထွက်တွေ နိုင်ငံခြားရောက်ပြီး တနှစ်လောက်နေရင် အင်္ဂလိပ်စကား သင်တန်း မတက်ဖူးခဲ့သော်ငြား အင်္ဂလိပ်လို အတော်ပြောတတ်ကြပါတယ်…။ ရွှန်းရွှန်းဝေအောင်ပြောဖို့နဲ့ ကွန်ဖရင့်တွေ စာတမ်းဖတ်ပွဲတွေ လူစည်ကားရာနေရာတွေမှာ လူတွင်ကျယ်လုပ်ဖို့တော့ ဒါနဲ့ မရပါဘူး။ စာတမ်းဖတ်ပွဲတစ်ခုမှာ စီနီယာ အာဖရိကန်တစ်ယောက် ရွှန်းရွှန်ဝေအောင်ပြောသွားတော့ သူ့ကို အားကျခဲ့ဖူးတယ် ရောက်စမှာ သူ့ အသံထွက်က သိပ်မကောင်းသလိုရှိပေမယ့် နှစ်လောက်နေတော့ သူ့ အသံထွက်ကောင်းလာသလို ကိုယ်လည်း နားထောင်တဲ့ အကျင်းတိုးတက်လာတော့ သူပြောတာ ဘယ်လောက်ကောင်းတယ်ဆိုတာ သဘောပေါက်တော့တယ်…။ အသံထွက်သိပ်မကောင်းတာက ခဏနေတော့ ကောင်းသွားပါတယ်….။ အင်္ဂလိပ် စကားပြော အခြေခံကောင်းတာနေမှာပါ…။

တခြားနိုင်ငံခြားရောက်ကျောင်းသားတွေကိုတော့ မဆိုလိုဘူး ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်တော့ အင်္ဂလိပ်စာ မကောင်းတဲ့အထဲပါနေတယ်…။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို… မူလတန်း အလယ်တန်း အထက်တန်းတွေမှာ တကယ့် အသုံးချ အင်္ဂလိပ်စာ မသင်ခဲ့ရတာ အဓိကဖြစ်နေတယ်…။ အင်္ဂလိပ်ကောင်းတဲ့ သူတွေကို လေ့လာကြည့်တာ ဒုတိယ ဘာသာစကားအဖြစ် အပီအပြင်သင်ခဲ့ရတာတွေ့ရတယ်…။ ဂျာမန်မှာ ဘယ်တုန်းကမှ ဂျာမန်လိုမသင်ဖူးသူ တစ်ယောက်ကို ဂျာမန်စကားသင်ပေးတာ သတ်မှတ်ချိန် ၆ လပါ…။ ၆ လပြီးရင် အခြေခံ အကုန်ပြီးပါတယ်…။ထမင်းစားရေသောက် ပြောနိုင်ကြတယ်…။ ဂရမ်မာ ကုန်တယ်…။ ၆ လအတွင်းမှာ သင်တဲ့ သင်နည်းတွေကလည်း တကယ်ကို လက်တွေ့ကျကျ လေ့ကျင့်ကြတာ။ အင်္ဂလိပ်လို တခွန်းမပြောဘူး။ မရရအောင်ရှင်းတယ်။ ကစားနည်းမျိုးစုံသင်တယ်…။ တက္ကသိုလ်မှာ ဂျာမန်လို လက်ချာလိုက်ရတယ်ဆိုရင် နောက်ထပ်နှစ်နှစ်အတွင်း ကောင်းကောင်းကြီးပြောနိုင် ငြင်းနိုင်ခုံနိုင်တဲ့ အဆင့်ရောက်သွားပါတယ်…။ ဂျာမန်၊ အင်္ဂလိပ် ၊ ပြင်သစ် စတဲ့ အနောက်တိုင်း ဘာသာစကားတွေနဲ့ အရှေ့တိုင်းဘာသာစကားတွေကို ကျောင်းသားဆို တက္ကသိုလ်မှာ အခမဲ့ သွားတက်လို့ရသေးတယ်…။ ဘာသာစကားသင်ကျောင်းက သင်ပေးတာကတော့ ပိုကောင်းတာပေါ့။ စကားပြောပါတနာ ကို ကြော်ငြာဘုတ်မှာရှာပြီး ကျင့်လို့ရတယ်…။ စကားပြောဝိုင်းတွေ ရှိတယ်။ ကျောင်းသားများစုဝေးရာနေရာကတော့ စာကြည့်တိုက်နဲ့ Mensa လို့ခေါ်တဲ့ တက္ကသိုလ် စားရိပ်သာ သာဖြစ်တယ်။ ဘေး နည်းနည်းချော်သွားပြီ။

ကိုယ်တွေ့ ခံစားခဲ့တာတွေကို အခြေခံပြီး နိုင်ငံကို ဘာလုပ်ရင် အမြန်ဆုံး တိုးတက်နိုင်မလဲစဉ်းစားတဲ့အခါ အခြေခံအကြောင်းတရားအဖြစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အင်္ဂလိပ်စာမြှင့်တင်ချင်တယ်။ အင်္ဂလန်၊ အမေရိကန်က အင်္ဂလိပ်ဆရာကို တစ်ယောက်ကို ဒေါ်လာ ၄၀၀၀ နှုန်းနဲ့ ၆ လစာ ၂၄၀၀၀ ကို အယောက်တစ်ရာစာ ၆ လ ဒေါ်လာ ၂၄ သိန်းဖိုး ငှားမယ်၊ (လက်ရှိသူတို့ နိုင်ငံတွေမှာလစာက ၃၀၀၀ လောက်ပဲဖြစ်တယ် အဲ..ဆရာဦးရေက တနိုင်ငံလုံးကျောင်းအရေအတွက်ကိုသိမှဖြစ်မယ်...ပိုနေရင်ဒုက္ခ) သင်တန်းက ၆ လ intensive course သင်တန်းသားတွေက တနိုင်ငံလုံးမှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းစီက တစ်ယောက်စီ ခေါ်ထားတဲ့ အင်္ဂလိပ်စာပြ ဆရာတွေပဲဖြစ်တယ်။ သင်တန်းသားဦးရေက ဆရာတစ်ယောက်ကို ၃၀ ထက်ပိုရင်မကောင်းဘူး။ မူလတန်းကျောင်းတစ်ကျောင်းမှာရှိတဲ့ ဆရာတွေကို အင်္ဂလိပ်စာစစ်လို့ အမှတ်အများဆုံးဆရာကို သင်တန်းသားအဖြစ်ရွေးလို့ အဲဒီကျောင်းလေးတွေမှာ အင်္ဂလိပ်ဆရာခန့်မယ်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက်ချင်ရင် တော့ အလယ်တန်း အထက်တန်း ဆရာတစ်ယောက်စီကိုပါ ခေါ်အုံးမယ်…ဒါဆို ဒေါ်လာ ၇၂ သိန်းဖိုးကုန်ကျလိမ့်မယ်…။ အဲဒီက ရတဲ့ အကျိုးဆက်ကို နောင် ၅ နှစ်က ၁၀ အတွင်းခံစားနိုင်လိမ့်မယ်…။ အကျိုးဆက်အနေနဲ့ နောက် ၁၀ နှစ်အလွန်မှာ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး နိုင်ငံတကာ ကွန်ဖရင့်တွေမှာ အာကျယ်နေသူတွေ၊ စာတမ်းဖတ်ပွဲတွေမှာ ဒါကဟိုလို မဖြစ်နိုင်ဖူးလား ဒီလိုမဖြစ်နိုင်ဖူးလား အရစ်ရှည်နေသူတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ သားရဲ တိရစ္ဆာန်ထိန်းသိမ်းရေးတွေ မှာ ထပွက်နေသူတွေ၊ ဖန်လုံအိမ်နိယာမကို ထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေ အကုန်စုစည်းမိတဲ့အခါ မိမိနိုင်ငံထွက် ဖန်လုံအိမ်ဓါတ်ငွေ့ပမာဏအတွက် အလျှော့အတင်းလုပ်ဖို့ အငြင်းအခုံပြုသူတွေ၊ အဲဒီ Emission Credits တွေကို ရောင်းစားတဲ့ ဈေးကွက် ပေါ်လာဖို့ ဆွေးနွေးသူတွေ၊ ဟာ မြန်မာတွေ ဖြစ်လာလိမ့်မယ်…။ ဘာပဲပြောပြော နေရာတကာ စွာကျယ်စွာကျယ်လုပ်ချင်တဲ့ ၀သီဟာ နဂိုကတည်းက ရှိပြီးသားမဟုတ်လား…။ ကမ္ဘာ့တက္ကသိုလ်တွေကမြန်မာ့တက္ကသိုလ်တွေကို အဆင့်တစ်နေရာပေးလာတာတွေ လည်း ရှိလာလိမ့်မယ်…။ အဲဒီတက္ကသိုလ်တွေမှာ နောက်လူတွေကလည်း အဆင့်ညှိ စာမေးပွဲတွေဖြေစရာမလိုပဲ တော်သူ ထက်သူတွေကိုမှီးလို့ နောက်လူတွေလည်း နေရာရလာလိမ့်မယ်။ နောက်လူကလည်း ရှေ့တစ်ယောက်တော်တာနဲ့ ကပ်လိုက်ဖို့ လူအထင်ကြီး အင်္ဂလိပ်စကား၊ စာတော့ ကျွမ်းရလိမ့်မယ်။ ဒါတွေဟာ အထက်တန်းဆင့်ပြီးတာနဲ့ အိုကေနေပြီးသားဖြစ်ရမယ်..။ ဒါတွေဟာ တနိုင်ငံလုံးအတိုင်းအတာ အထက်တန်းဆင့်ပြီးသားကျောင်းသားမှန်သမျှ ဖြစ်နေရမယ့် အခြေအနေပေါ့။ မြန်မာကို အလျှင်အမြန်တိုးတက်စေတဲ့ နည်းတနည်းပဲ…။ စိတ်ကူးယဉ်တာများသွားပြီ မနက်ဖြန် အတွက်တရေးတော့အိပ်မှဖြစ်တော့မယ်..


Type the rest of your post here.

ဆက်ဖတ်ရန်.....................

Wednesday, October 7, 2009

Periodic Table ကစတဲ့ အတွေးများ



ရှုပ်ပွနေတဲ့ Lab ခန်းတခန်းထဲဝင်သွားတော့ ကွန်ပျူတာတစ်လုံးရှေ့  ထိုင်မှိုင်နေတဲ့ ဘော်ဘော် ကို တွေ့လိုက် ရတယ်။ ဆက်မကြည့်ချင်တော့တာနဲ့ မျက်စိ ကစားလိုက်တာ နံရံပေါ်မှာ စိတ်ဝင်စားဖွယ် တစ်ခု သွားတွေ့တယ်။ ၁၀ တန်းနှစ်မှာ ကိုယ်ကိုတိုင် Element တစ်ခု အဖြစ်ပျော်ဝင်သွားမတတ် ကျက်မှတ်ခဲ့ရတဲ့ ဇယားလေး တစ်ခု။ သူ့ကို ဟိုက်၊ ဟီ၊ လီ၊ ဘီ၊ ဘို၊ ကာ၊ နိုက်၊အို၊ အက်ဖ်၊ နီ၊ ဆို၊မောင်၊ လူ၊ ဆိုဒ်၊…..ဘလာ ဘလာ (ဆက်မရတော့ဘူး) စသည်ဖြင့် ကျက်တဲ့သူက ကျက်ခဲ့ကြတယ်။ တချို့ ကလည်း ဇယားပါအတိုင်း ကျက်ခဲ့ကြတယ်။ နောက် သင်ယူလေ့လာရမယ့် သိပ္ပံဘာသာရပ်တွေ အတွက် အခြေခံသိသင့်သိထိုက်တယ်ဆိုတာက လွဲလို့ ဘာမှရေရေရာရာမသိ ဘာတွေသုံးမှန်းလည်း မသိခဲ့ဘူး။ ရှေးခေတ် အဂ္ဂိရတ်ရွှေဖြစ်ငွေဖြစ်နည်း ကို ဒီဇယားလေးနဲ့ ချိန်ထိုးကြည့်ပြီး ပြဒါးကို အီလက်ထရွန် တစ်လုံးဖယ်ရင် ရွှေဖြစ်နိုင်တယ် ဘာညာပြောတဲ့သူလည်း ပြောကြတယ်။ (ပြဒါး နဲ့ ရွှေဟာ ဇယားမှာ ရှေ့ နောက်ကျတယ်)။ ဘာပဲပြောပြော ဒီလို လှပပြီး စိတ်ဝင်စားအောင်ဖန်တီးထားတဲ့ ဇယားမျိုးလေးကို ၁၀ တန်းမတိုင်ခင်သာတွေ့ခဲ့ ရင် ဒီဘာသာရပ်ကို ဒီထက်ပို စိတ်ဝင်စားခဲ့မှာအမှန်ပဲ။ ဒီလိုမျိုး တွေကို ပညာရေးနယ်မှာတော့ သင်ထောက်ကူပစ္စည်းလို့ခေါ်တယ်။

ဟိုတုန်းက ဒီလိုမျိုး သင်ထောက်ကူ ပစ္စည်းဆိုတာ မူလတန်း အရွယ်မှာပဲ လိုတယ်ထင်တာ။ အခုတွေးကြည့်တော့ မူကြိုကနေ တက္ကသိုလ် ပညာဆုံးခန်းတိုင်သည်ထိ အကြောင်းအရာတစ်ခုကို စွဲမြဲစွာမှတ်သားမိစေဖို့၊ ပိုမိုနားလည်သဘောပေါက်စေဖို့၊ သင်ရိုးညွှန်းတမ်းမှာ သာမန်ပဲ ပြထားပေမယ့် စာမေးပွဲအတွက်လည်း သာမန်ကျက်မှတ်ထားယုံမျှနဲ့လုံလောက်ပေမယ့် ဗဟုသုတအနေနဲ့ မှတ်သားသင့်တဲ့ အရာတွေကို သင်ထောက်ကူ အနေနဲ့ ချိတ်ဆွဲထားသင့်တဲ့ အရာတွေ အများကြီးရှိပါလားဆိုတာ တွေးမိလာတယ်။ အစိုးရနည်းပညာကျောင်းတွေ တက္ကသိုလ်တွေက စာသင်ခန်းတွေ သုတေသနခန်းတွေမှာ ချိတ်ဆွဲထားတတ်တဲ့ အခြေခံ ဆားကစ်ပုံတွေ၊ တီ၊ ဆက်စကွဲယား၊ ခဲတံ အခြေခံအသုံးပြုပုံတွေ၊ Tool အမျိုးအစားနဲ့ သူတို့တွေကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတဲ့ အခြေခံ ကိုင်တွယ်သုံးစွဲပုံ နည်းစနစ်တွေ၊ အဆောက်အဦဆောက်ရာမှာ အုတ်စီပုံနည်းစနစ်တွေ စတာတွေကိုကားချပ်တွေမှာ ရေးဆွဲလို့ နံရံတွေမှာချိတ်ဆွဲထားကြတယ်။ ဒါတွေအားလုံးဟာ ပညာရေးဝေါဟာရအနေနဲ့ ခေါ်မယ်ဆိုရင် သင်ထောက်ကူ ပစ္စည်းတွေပါပဲ။ ဒီလိုပစ္စည်းတွေဟာ မူလတန်းကစလို့ တက္ကသိုလ်ထိ လိုတယ်ဆိုတာ ပြောဖို့မလိုလောက်အောင်ပါပဲ။ သင်ထောက်ကူပစ္စည်း တခုဟာ မှတ်ရလွယ်ကူပြီး ကျောင်းသင်ခန်းစာရဲ့  အခြေခံအကျဆုံး အရာတွေဖြစ် သင့်တယ်။ နောက် ကျောင်းသင်ခန်းစာအပြင် အပို ဗဟုသုတပါ ပေးစွမ်းနိုင်ပြီး နောက်ထပ် လေ့လာချင်စိတ်တွေ ပေါ်လာအောင် လှုံ့ ဆော်ပေးနိုင်စွမ်းရှိသင့်တယ်။ ဒီဥပမာပြထားတဲ့ ဇယားလေးကို ကြည့်ရင် ဘယ် Element တွေကို ဘယ်နေရာမှာသုံးလဲ အကြမ်းဖျင်းသိနိုင်တယ်။ နောက်ထပ်လေ့လာချင်စိတ်ကို ဖြစ်စေနိုင်တယ်။ ၁၀ တန်းတုန်းက သင်သာ သင်ခဲ့ရတယ် ဘယ်နေရာသုံးမှန်းမသိတာတွေ အများကြီးပဲ။ ဒါဟာ ဆရာဗဟိုပြု သင်နည်းစနစ်နဲ့ ကျောင်းသားဗဟိုပြုသင်နည်းစနစ်ရဲ့  ကွာခြားချက်တွေလည်း ဖြစ်နိုင်တယ်။ အဲဒီအရွယ်ဟာ အကြောင်းအရာတော်တော်များများကို အာဂုံ အလွတ်မှတ်သင့်တာများပေမယ့် တချို့နေရာတွေမှာ ဗဟုသုတအနေနဲ့ အပိုမှတ်သားသင့်တာတွေ ကို ဆရာကပေးနိုင်ရမယ်။ အချိန်ကန့်သတ်ချက်ရှိတဲ့ အတွက် အဲဒီ ဆရာမပေးနိုင်တဲ့ အချက်အလက်တွေကို သင်ထောက်ကူ ကားချပ်တွေသုံးလို့ ဖော်ပြနိုင်သေးတယ်။ ဒီပို့စ် လေးက ဘာအတွေးကိုမှ ထူးထူးခြားခြားမပေးပါဘူး အဓိက ချီးကျူး ချင်တာက Periodic Table ကိုအသွင်တစ်မျိုး နဲ့ သင်ထောက်ကူပုံစံဖြစ်အောင်ဖန်တီးတတ်တဲ့ မူလဖန်တီးရှင်ရဲ့  စိတ်ကူးဥာဏ်ကိုပါ။ Periodic Table ဖြစ်လာဖို့ လမ်းကြောင်းပေးခဲ့သူ စတင်တီထွင်ဖန်တီးခဲ့သူတွေဖြစ်တဲ့ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ နဲ့ ရုရှက ပညာရှင်တွေကို တော့ မချီးကျူးတော့ဘူး ယောအတွင်းဝန်ဦးဖိုးလှိုင်စာအုပ်ကို ချီးကျူးမိတဲ့ မြင်းထိန်း ငတာလိုဖြစ်မှာစိုးလို့။
[Download Periodic Table]

ဆက်ဖတ်ရန်.....................

Wednesday, September 16, 2009

အမဲသားလုံးကြော်

ဘ၀မှာ(ဒီ အသက်အရွယ်အထိ) ပထမဦးဆုံး ကြော်ဖူးတဲ့ အမဲသားလုံးကြော်ပါ
အမဲသားက စဉ်းကောလုပ်ပြီးသား ၀ယ်တာမို့ လုပ်ရတာ သိပ်ကရိကထတော့ မများပါဘူး။ ဒါနဲ့ပဲ လွယ်မယ်ထင်လို့ စ…မိတယ်။ အမယ်လေး ကြာလိုက်တာဆိုတာ။ တစ်ဒယ်ချင်းကြော်ရတယ်။ ပထမ ၂ ဒယ်လောက် ကြော်ပြီးကတည်းက ခေါင်းက စ ကိုက်လာပြီ။ ည ၉ နာရီမှ ကြော်ပြီးပါတယ်။ ခေါင်းကြီးကို ပစ္စည်းအလေးကြီးနဲ့ ဖိထားသလို ခံနေရတယ်။ ဦးခေါင်းခွံ အရေပြားကြီးကလည်း ၅ စင်တီမီတာလောက် ထူနေသလိုပဲ။ ပထမဆုံးလက်ရာလည်း ဖြစ်ပြန်၊ ခေါင်းကိုက်ယူရအောင်ကို ပင်ပင်ပန်းပန်း ကြော်ထားတာလည်း တစ်ကြောင်း၊ ကိုယ်ကြိုးစားထားတာလေးကို သူငယ်ချင်းတွေကို တကယ်ကျွေးချင်လာလို့ ဘလော့ဂ်ပေါ်တင်လိုက်တယ်။




ငယ်ငယ်တုန်းက မေမေ ကြော်ထားတဲ့ အမဲသားလုံးကြော်၊ ဆိတ်သားလုံးကြော်တွေကို တစွပ်စွပ် အချိန်ရှိသမျှ နှိုက်စားနေတာ။ အခုမှပဲ မေမေ့ကို သနားလိုက်တာ။ အဲဒါတွေကို အကြာကြီး ကြော်ထားရတာနေမှာ။ ကိုယ်က ၀င်ခလုတ်၊ ထွက်ခလုတ်စားနေရင် မေမေက ”စား..စား…နောက်နေ့ ထပ်ကြော်ဦးမှာ” လို့ ပြောသေးတာ။
ဟင်းကြော်တာ စောင့်နေရင်း မေမေလုပ်ပေးခဲ့တာမျိုး သတိရလို့ ထမင်းကိုပါ အဆုပ်လေးတွေ လုပ်လိုက်တယ်။ မေမေက ထမင်းပူပူကို အဲလို အဆုပ်လေးတွေ လုပ်ကျွေးတတ်တယ်လေ။
ဟင်းချိုကတော့ ရှိသမျှအားလုံး ပစ်ထည့်ပြီး ဂျင်း၊ဆား၊အချိုမှုန့်၊ ငံပြာရည် နည်းနည်း ထည့်ထားတာ။ ခေါင်းကိုက်လိုက်တာ။ အိပ်ပြီကွာ။

ဆက်ဖတ်ရန်.....................