Tuesday, June 16, 2009

ကဗျာရေးနည်း ၁



ကဗျာ ရေးထုံး ၃ မျိုးရှိပါတယ်။ သံပေါက်စပ်နည်း၊ ဒွေးချိုးစပ်နည်း နှင့် လေးချိုးစပ်နည်း တို့ ဖြစ်ပါတယ်။ အခု ရေးမှာက ”သံပေါက်စပ်နည်း” ပါ။

သံပေါက်စပ်နည်းမှာ ၃ ပိုဒ်နှင့် ပြီးအောင် စပ်ဆိုရပါတယ်။
၁။ ပထမစာပိုဒ်မှာ အက္ခရာလေးလုံး ရှိရမယ်
၂။ ဒုတိယစာပိုဒ်မှာ အက္ခရာသုံးလုံး ရှိရမယ်
၃။ တတိယစာပိုဒ်မှာ အက္ခရာ ငါးလုံး ဖြစ်စေ၊ ခုနစ်လုံး ဖြစ်စေ ရှိရမယ်

ကာရန်ယူပုံကတော့ ပထမစာပိုဒ်ရဲ့ ၄ လုံးမြောက် အက္ခရာ၊ ဒုတိယစာပိုဒ်ရဲ့ ၃ လုံးမြောက် အက္ခရာ နှင့် တတိယစာပိုဒ်ရဲ့ ၂လုံးမြောက် အက္ခရာတို့ အသတ်ချင်းတူ၍ ကာရန်မိရပါမယ်။ တတိယစာပိုဒ်မှာ ခုနစ်လုံးနဲ့ ပြီးရင်တော့ တတိယစာပိုဒ်ရဲ့ ၄ လုံးမြောက် အက္ခရာဟာ ၄င်းစာပိုဒ်ရဲ့ ၇လုံးမြောက် အက္ခရာနှင့် ကာရန်မိရပါမယ်။

အတိုမှတ်ချင်ရင်တော့ ဒီလို မှတ်နိုင်ပါတယ်။
သံပေါက်စပ်နည်း
၁။ ဂဏာန်းမ”သင်” (၄ လုံး……နံပါတ် ၄)
လာဘ်မ”မြင်” (၃ လုံး….နံပါတ် ၃)
ကူး”လျှင်” ရှုံးမည်မှတ်။ (၅ လုံး….နံပါတ် ၂)

၂။ တရံခါ”သော်” (၄ လုံး……နံပါတ် ၄)
မြိုင်ခန်း”ပေါ်” (၃ လုံး…..နံပါတ် ၃)
မှီ”ပျော်”နေထ ကျားမင်းလှ (၇ လုံး…. နံပါတ် ၂)

သင်္ဂဇာ ဆရာတော်ကြီး၏ ဆုံးမစာ ကလည်း သံပေါက် ဖြစ်ပါတယ်။
ကျွေးမွေးမပျက် ( ၄)
ဆောင်ရွက်စီမံ (၃)
မွေခံထိုက်စေ (၂…..၄)
လှူမျှဝေ၍ (၃)
စောင့်လေမျိုးနွယ် (၂…….၄)
ဝတ်ငါးသွယ် (၃လုံး…..၃)
ကျင့်ဖွယ်သားတို့တာ။ (၅လုံး ….၂)

မနေ့က ရေးထားတဲ့ ကဗျာလေးက အဲဒီဆုံးမစာသံပေါက်ကို အတုယူပြီးရေးထားတာပါ။
ဒီပို့စ်လေးက ကျွန်မတို့လို ”ကဗျာဆိုတာ ဘာကြီးလဲ” ဆိုတဲ့ အခြေအနေရှိသူတွေအတွက် ရေးတာပါရှင်။ တကယ့် ကဗျာ ကျွမ်းကျင်သူတွေကို မရည်ရွယ်ပါဘူး။ လိုအပ်တာတွေ အများကြီး ရှိမှာပါ။ ကျွန်မက ကဗျာရေးချင်လွန်းလို့ စာအုပ်ကို ဖတ်ပြီး ရေးတာပါ။ ကျွန်မလို ဘာမှ မသိတဲ့သူတွေကို ပြောပြချင်တဲ့ စေတနာသက်သက်နဲ့ပါရှင်။

ကိုးကား ။ ။ “ကဗျာရေးနည်း နိဿရည်း” ၊ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ ဦးဘိုးသစ် ၊ ၁၉၂၁။
http://www.howtodothings.com/files/u10023/how-to-write-a-rhyming-poem.jpg

3 comments:

လင်းကြယ်ဖြူ said...

သံပေါက်မှာဆိုရင်(ကာရံကိုတော့)
အစလေးလုံး
အလယ်သုံး
အဆုံးနှစ်နဲ့ သတ်။
(စကားလုံးအရေအတ္ဂက်ကိုတော့)
အစလေးလုံး
အလယ်သုံး
အဆုံး ငါးခုနစ်၊။ ။

လို့ လည်းမှတ်သားဘူးပါတယ်ခင်ဗျာ။ကျေးဇူးပါ။

လပြည့်ရိပ် said...

ကဗျာရေးနည်းမှတ်သားသွားတယ်ကွယ်။

လပြည့်ရိပ် said...

ကဗျာရေးနည်း လာရောက်မှတ်သားသွားတယ် သယ်ရင်း