Monday, June 8, 2009

သင်ယူခြင်း နည်းပညာ


အတတ်ပညာ တစ်ခုကို သင်ယူသည့်အခါ မြန်ဆန် သက်သာစွာ တတ်မြောက်အောင် စနစ်တကျ လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျ သင်ယူတတ်ခြင်းသည် နည်းပညာတစ်ရပ် ဖြစ်ပေသည်။ လူတစ်ဦးချင်းစီမှာ အသစ်အသစ်သော သင်ယူစရာများ အမြဲရှိနေတတ်သည်။ ထို့ကြောင့် စနစ်တကျ သင်ယူတတ်ခြင်း နည်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်သင့်ပါသည်။

သင်ယူခြင်း နည်းပညာတွင် အဆင့် (၃) ဆင့် ရှိသည်။ ၄င်းတို့မှာ ကြိုတင်ပြင်ဆင်ခြင်း၊ သင်ယူခြင်း၊ မှန်ကန်စွာ ဆက်လက် အသုံးချခြင်း တို့ ဖြစ်သည်။
(၁) ကြိုတင်ပြင်ဆင်ခြင်း
ပညာရပ်တစ်ခုကို စတင်သင်ယူတော့မည်ဆိုလျှင် သင့်တွင် အမှန်တကယ် လိုချင်သော လှုံ့ဆော်စိတ် ရှိနေရမည်။ ပတ်ဝန်းကျင်အရာအားလုံးသည် ထိုပညာရပ်ကို သင်ယူချင်လာအောင် ဆွဲဆောင်မှုရှိနေရမည်။
ဥပမာ….သင်သည် presentation ကောင်းကောင်း ပေးတတ်သူ ဖြစ်ချင်လာသည် ဆိုပါစို့။ သင့် ပတ်ဝန်းကျင်တွင် သူများ စိတ်ဝင်စားလာအောင် စကားပြောကောင်းသူ မိတ်ဆွေများ၊ ဆရာများ ၊ မိမိနည်းတူ presentation ကောင်းကောင်းပေးတတ်အောင် ကြိုးစားလိုသူ အပေါင်းအသင်းများ ရှိနေဖို့ လိုအပ်သည်။ စကားပြောကောင်းသူများနှင့် ထွေရာလေးပါး စကားပြောခြင်း၊ လူအများ ၀ိုင်းဖွဲ့စကားပြောကြသည့်အခါ ထိုစကားပြောကောင်းသူသည် မည်သို့ စိတ်ဝင်စားဖွယ် ဦးဆောင်ပြောဆိုသွားသည်ကို အတုယူခြင်းများ ပြုနိုင်ပေသည်။ မိမိနည်းတူ presentation ကောင်းကောင်းပေးတတ်အောင် ကြိုးစားလိုသူ အပေါင်းအသင်းများ ရှိခြင်းကြောင့်လည်း သူတို့နှင့် အတူ လေ့ကျင့်ခြင်း၊ ဆွေးနွေးခြင်းများ ပြုနိုင်သည်။ ထိုပတ်ဝန်းကျင်သည် သင့်အား presentation ကောင်းကောင်း ပေးတတ်သူ ဖြစ်ချင်လိုစိတ်ကို စေ့ဆော်ပေးပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ သင်၏ စိတ်သည် တက်ကြွလန်းဆန်း နေရမည်။
(၂) သင်ယူခြင်း
သင်ယူမှု စတင်ချိန်တွင် သင်သည် များပြားသော နည်းမျိုးစုံကို အသုံးပြုတတ်ရန် လိုအပ်သည်။ သင်သည် မိမိကိုယ်ကို သင်ယူနေသူ တစ်ဦးအဖြစ် သိရှိ စွဲမှတ်နေဖို့ လိုသည်။ ကိုယ်ပိုင် တီထွင်တွေးခေါ်ဥာဏ်ကို ချက်ကျလက်ကျ ထုတ်သုံးတတ်ရမည်။
တက်ကြွသော နားထောင်ခြင်း (Active Listening) ရှိ သင့်သည်။ တက်ကြွသော နားထောင်ခြင်းဆိုသည်မှာ ဥပမာ စာသင်ခန်းတွင်း မရှင်းလင်းသည်ကို ချက်ချင်း မေးခွန်းထုတ်ခြင်း ကဲ့သို့ ဖြစ်သည်။ တုံးအ ရိုးရှင်းသော မေးခွန်းများထုတ်ဖို့ ရှက်ကြောက် တွန့်ဆုတ်ခြင်းမရှိသင့်ပါ။ (Dare to ask stupid question)
သင်သည် အောင်မြင်မှု၊ လွဲချော်မှားယွင်းမှုများအပေါ်တွင် တည်တည်ငြိမ်ငြိမ် ရပ်တည် ဖြေရှင်းနိုင်ရပေမည်။
(၃) မှန်ကန်စွာ ဆက်လက် အသုံးချခြင်း
သင်ယူတတ်မြောက်ပြီးသောအခါတွင် လက်တွေ့ အသုံးချသင့်သည်။ ထိုပညာရပ်၏ လက်ရှိအသုံးချနည်းစနစ်များထက် ပိုကောင်းလာအောင် ပြင်ဆင်ပြောင်းလဲနိုင်သော အချက်များကို ကြံစည်စိတ်ကူးနေသင့်သည်။


ကိုးကား

'Powerup Your Mind: Learn faster,Work smarter' by Bill Lucas
http://www.cartoonclipartfree.info/

1 comment:

လင်းကြယ်ဖြူ said...

အင်မတန်တန်ဖိုးရှိတဲ့ Knowledge လေးတစ်ခုပါခင်ဗျာ။
ခုလို Continuous Learning လုပ်နိုင်မှ အဆင်ပြေမယ့် ခေတ်မှာ ဆေးလေးတစ်ခ္ဂက်ပါပဲ။