Saturday, September 20, 2008

Harburg လေဟာပြင်ဈေး

အရင်တစ်ပတ် တနင်္ဂနွေနေ့က အိမ်နားမှာ Flohmarkt ရှိလို့ မဟာဆန်တို့ မမောနိုင်မပန်းနိုင် တစ်နေကုန် လျှောက်လည်ခဲ့ပါတယ်။ Flohmarkt ဆိုတာ မြန်မာမှာဆို လေဟာပြင်ဈေးလိုပေါ့။ ပစ္စည်းမျိုးစုံကို ဈေးချိုချိုနဲ့ ရောင်းကြတာလေ။ မီးဖိုသုံးပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ electronics ပစ္စည်းမျိုးစုံကအစ Laptop နဲ့ PC တွေအထိ အစုံချရောင်းပါတယ်။ ရောင်းတဲ့သူတွေကလည်း အပျော်လာရောင်းကြ၊ ၀ယ်တဲ့သူတွေကလည်း ဈေးဆစ်ဝယ်ကြနဲ့ အပျော် ဈေးဝယ်တမ်း ကစားသလိုပါပဲ။ အမယ်..ကလေးပေါက်စ ၆နှစ် ၇နှစ် အရွယ်လေးတွေတောင် ဈေးလာရောင်းတာသေး။ သူတို့စီးတဲ့ ကလေးလှည်းလေးပေါ်မှာ သူတို့အရုပ်ဟောင်းလေးတွေတင်ပြီး ဈေးရောင်းတမ်းလာကစားနေတာ။ လူကြီးတွေကလည်း အဲဒီကလေးကိုပဲ လူကြီးလိုလုပ်ပြီး ဈေးဆစ်ဝယ်ကြ၊ အားပေးကြတာလေ။

ဂျာမနီကမြို့တွေမှာ စနေ၊ တနင်္ဂနွေနေ့တွေဆို ပုံမှန် Flohmarkt တွေရှိတတ်ပါတယ်။ များသောအားဖြင့်တော့ စနေနေ့တွေပေါ့။ Hamburg မှာတော့ စနေနေ့ ဖွင့်တဲ့ Flohmarkt ရော၊ တနင်္ဂနွေနေ့ဖွင့်တဲ့ Flohmarkt ရောရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေက ရထားစီးသွားမှ ရောက်မှာဆိုတော့ ပျင်းတာနဲ့ ဘယ်တော့မှ မသွားဖြစ်ပါဘူး။

ဒီFlohmarkt ကတော့ ကိုယ့်အိမ်ရှေ့တည့်တည့်မှာဆိုတော့ အဆင်ပြေသွားတာပေါ့။ ရောက်ဖူးသမျှ Flohmarkt တွေထဲမှာတော့ အကြီးဆုံးပဲ။ မနက် ၁၀နာရီက စထွက်လိုက်တာ ညနေ ၃နာရီမှ တစ်ပတ်ပတ်မိတော့တယ်။ ဒါတောင် ဘာမှဝယ်တာမဟုတ်ဘူး။ ဟိုကြည့်ဒီကြည့်နဲ့ပြန်လာတာရယ်။

သွားတုန်းကတော့ မှန်ရယ်၊ ဖုန်စုပ်စက်ရယ် ၀ယ်မလားလို့ သွားတာပါ။ ဖုန်စုပ်စက်တွေကလည်း လေး၊ ငါးဆိုင်တော့ တွေ့ပါရဲ့။ ဈေးတွေကအမျိုးမျိုး။ တစ်ဆိုင်က ဖုန်စုပ်စက် ဈေးမေးကြည့်တော့ ၄€ တဲ့။ အဲဒါနဲ့ ကောင်းသလား၊ ဘာပျက်နေလို့ ဈေးလျှော့ရောင်းတာလဲလို့ မေးကြည့်တယ်။ လုပ်ပုံကတော့ ရိုက်ပေါက်ပဲ။ စိတ်မဆိုးဘူးတော့။ စက်ကတော့ သုံးလို့ရပါတယ်၊ ဈေးချိုချိုနဲ့ရမှတော့ နဲနဲတော့ အနာအဆာရှိတာပေါ့တဲ့။ အင်းလေ ဟုတ်သားပဲ။ ဈေးချိုချိုလဲ ရချင်သေး၊ ပစ္စည်းကောင်းလဲ လိုချင်သေးဆိုတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

အဲလောက်ကြီး ဈေးချိုလွန်းတော့လည်း တော်တော်ကို ပျက်စီးနေလို့နေမှာပဲထင်ပြီး မကြည့်တော့ဘဲ ဆက်လျှောက်လာတယ်။ လျှောက်ရင်းနဲ့ မှန်များရှိမလားလို့ ရှာနေရသေးတယ်။ ကိုယ့်အခန်းကမှန်က သေးသေးလေးလေ။ အပြင်ထွက်ခါနီးရင် ရေချိုးခန်းဘက် ကူးကူးပြီးမှန်ကြည့်ရတာက တစ်ဒုက္ခနော်။ ဒါကြောင့် ကိုယ်လုံးပေါ်မှန် အကြီးကြီး လိုချင်လို့ လိုက်ရှာရတာ။

ဟော…နောက်ထပ် ဖုန်စုပ်စက် တစ်ဆိုင်တွေ့ပါပြီ။ ဒီတစ်ခါတော့ ၁၅€ တဲ့။ အဲဒါကျ ဈေးက များပြန်ရော။ အသစ်စက်စက်မှ ဈေးအချိုဆုံး ၃၀€ လောက်ပဲရှိတာကို။ သူ ရောင်းတဲ့စက်ကတော့ အသစ်ဆို ၈၀€ လောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူ့ဟာက အဟောင်းပဲဟာ။ ၁၀€ ဆစ်တာကို မလျှော့ဘူးလေ။ ဘာဖြစ်လို့ပါ၊ ညာဖြစ်လို့ပါနဲ့ အကြာကြီး ဖွဲ့နွဲ့ပြောနေလို့ မနည်းကို စိတ်ရှည်သည်းခံပြီး နားထောင်နေရသေးတယ်။ နောက်ဆုံးတော့ “မလျော့နိုင်ဘူးပဲ“ လေ။ ဒါများ အကြာကြီးပြောနေရသေးတယ်နော်။ ဟင်း..ဟင်း။ ကိုယ့်အလိုသာဆိုရင်တော့ …

“ဒီ စက်ကလေး ဘယ်လောက်လဲဟင်“

“၁၅ကျပ်ပါ“

“လျော့ပါဦး ၁၀လောက်နဲ့ မရဘူးလား“

“မရောင်းနိုင်လို့ပါ“

ဒါပဲ။ ပြီးပြီ။ ကိုယ်ပေးချင်တဲ့ဈေးနဲ့ မရောင်းနိုင်ရင် ပြီးတာပဲပေါ့။ ကိုယ် ကိုယ်တိုင်ကိုက သူများနဲ့မတူ။ ကပ်သီးကပ်သတ်နိုင်နေတာနေမှာပါလေ။ ကျန်တဲ့သူတွေအားလုံးက ဈေးဆစ်ရတာကိုပဲ အပျော်လုပ်ချင်လို့ Flohmarkt တွေ ရောင်းကြ။ ၀ယ်ကြတာပေါ့။ နောက်ထပ်ဆိုင်တွေကျတော့လည်း ပစ္စည်းကြိုက်ပြန်တော့ ဈေးကမကြိုက်၊ ဈေးကြိုက်ပြန်တော့လည်း ပစ္စည်းကို သဘောမကျနဲ့ နောက်ဆုံးတော့ အသစ်ပဲ ၀ယ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးရော။

အဲဒါနဲ့ မှန်ပဲဝယ်တော့မယ်ဆိုပြီး Target ပြောင်းလိုက်တယ်။ ဆက်လျှောက်ရင်းနဲ့ red indian သီချင်းသံ ကြားရတယ်။ အဲဒီတီးလုံးက သိပ်မြူးကြွတာပဲ။ ဂျာမနီမှာ ဈေးစည်တဲ့နေ့တို့၊ ပွဲတော်တို့မှာဆိုရင် သူတို့တွေ လာပြီး တီးမှုတ်တတ်ကြတယ်။ တီးမှုတ်သီဆိုရင်းနဲ့ သီချင်းခွေတွေရောင်း၊ ပိုက်ဆံလည်း အလှူခံတာပေါ့။ မြန်မာနတ်ဒိုး လိုပဲ စိတ်ကို မြူးကြွစေတယ်။ သီချင်းသုံးလေးပုဒ်လောက် ရပ်ကြည့်နေလိုက်သေးတယ်။ အခွေဝယ်မလို့ ဈေးမေးကြည့်တော့ ၁၃€တဲ့။ တော်ပါပြီ။ ၀ယ်နိုင်ပါဘူး။ ဒါနဲ့ ပိုက်ဆံလေး အလှူထည့်ပြီး video ရိုက်ယူလာခဲ့တယ်။ မပိုင်လား။

အဲဒီနားမှာပဲ မှန်တွေ့တယ်။ ဆိုဒ်ကလည်း ကိုယ်လိုချင်တဲ့ဆိုဒ်ကြီး၊ ဈေးကလည်း မဆိုးပါဘူး။ ၃€တဲ့။ Flohmarkt ထုံးစံအရ ဈေးမဆစ်ရင် ဈေးကြီးမိပြီပဲ။ အဲတော့ ၂€ လို့ ဆစ်ကြည့်လိုက်တယ်။ တခါတည်းရောင်းလိုက်ရော။ ကဲ…လက်ထဲမှာ ကင်မရာကတစ်ဘက်။ မှန်ကြီးကတစ်ဘက်ဆိုတော့ နောက်ထပ်ကျန်တဲ့ဆိုင်တွေမကြည့်နိုင်တော့ပါဘူး။ မိုးကလည်းရွာတော့မှာမို့ အောင်မြင်စွာ ပြန်လာတော့တာပါပဲ။

ကိုယ်ကြိုက်တဲ့ red indian သီချင်းလေး ကြည့်ကြည့်ပါဦး။


3 comments:

Unknown said...

It's really nice to read!
Danke!

မဟာဆန် said...

ကျော့
မတွေ့တာကြာပီနော်
နေကောင်းလား
သတိတရ လာလည်တာ ကျေးဇူးနော်

Unknown said...

Maharsann,

Fine,thank you!
Yap! I'm quite busy and also have a problem of Myanmar font in my computer!
Waiting for your new posts!
Tschüss!