Thursday, July 16, 2009

ရင်နှင့်ရင်း၍

ရေတမာတက်ဂ်ထားတဲ့ ”ရင်နှင့်ရင်း၍” ကို အစဆွဲထုတ်လိုက်ပါတယ်။ သူပေးထားတဲ့ ခေါင်းစဉ်လေးက သိပ်ကို အဓိပ္ပာယ်ရှိတယ်။ စာရေးသူတစ်ယောက်ဟာ စာတစ်ပုဒ် ဖြစ်လာဖို့ စိတ်အား၊ ကိုယ်အား အကုန်နှစ်ပြီး ပုံဖော်ယူရပါတယ်။ လုပ်ငန်းတွေ၊ လူမှုရေးတွေ တခါတရံ အစားအသောက်ကိုတောင် ပစ်ထားပြီး ရေးရတယ်။
ကိုယ့်ကြိုးစားမှုလေးကို သူများ ဂရုစိုက်စေချင်တာ လူ့သဘာဝပါပဲ။ ကိုယ်ပေးချင်တဲ့ ရသ၊ သတင်း အချက်အလက်လေးတွေကို စာဖတ်သူ ရသွားရင် ပျော်ရွှင်ကျေနပ်ကြပါတယ်။ စာဖတ်သူတွေ ပြောသွားကြတဲ့ ”ကွန်မန့်” ဟာ စာရေးသူအတွက် ကြိုးစားမှုရလာဒ်ပါ။ ဒါကြောင့် ဒီ ”ကွန်မန့်” ဆိုတဲ့ ဆု ကို စာရေးသူက ရင်နှင့်ရင်းပြီး ယူရပါတယ်။

ဘလော့ဂ်တစ်ခုရဲ့ ရှင်သန်မှုဟာ ကွန်မန့်နဲ့တိုက်ရိုက် ပြောင်းလဲ တိုးတက်ပါတယ်။ ရှေ့ပိုင်းအချိန်တွေက ဘလော့ဂ်ထဲမှာ စာတွေနဲ့ ကိုယ်နဲ့ပဲ ရှိတယ်။ နည်းနည်းကြာလာတော့ စိတ်ဓါတ်ကျလာတယ်။ အဲဒီအချိန်မှာ ကွန်မန့်ရဲ့ အခန်းကဏ္ဍ အရေးကြီးလာပါတယ်။ ကွန်မန့်လေး ရလိုက်ရင် ”ငါရေးတာကို သူများ စိတ်ဝင်စားပါလား” ဆိုတဲ့ အတွေးနဲ့ အားရှိလာတယ်လေ။ ကျွန်မ ဘလော့ဂ်ကတော့ ခုမှ လူတွေ စသိခါစမို့ ”ကွန်မန့်” အားလုံးကို နှစ်သက်ပါတယ်။
ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်ရင် ဇာတ်လမ်း အဖြစ်အပျက်ကိုပဲ စိတ်ဝင်စားတယ်။ အခု ရုပ်ရှင်ကြည့်ရင် သရုပ်ဆောင်မှုကို အကဲခတ်တယ်။ ငယ်ငယ်က ၀တ္တုဖတ်ရင် ဇာတ်ကြောင်းကိုပဲ ခံစားတယ်။ ခုကျတော့ စာရေးသူရဲ့ တင်ပြပုံ၊ အဖွဲ့အနွဲ့တွေကို ဘယ်လို ရေးထားလဲဆိုတာပဲ ဂရုစိုက်တတ်တယ်။ အဲလိုပဲ ဘလော့ဂ်ရေးပြန်တော့ အရင်တုန်းက ”ရေးဖို့” ပဲ စိတ်ဝင်စားခဲ့တယ်။ ခုတော့ ကိုယ်ရေးတဲ့စာ ကောင်း၊ မကောင်းကို သုံးသပ်နေတတ်တယ်။
ကျွန်မ အမြင်ပြောရရင် ကိုယ့်စာအရေးအသား ကောင်း၊ မကောင်းဆိုတာ ကွန်မန့်တွေကို ကြည့်ပြီး သိနိုင်မယ်လို့ ထင်တယ်။ ကွန်မန့်တွေကို အမျိုးအစားခွဲကြည့်လိုက်ရင် သုံးမျိုးရှိမယ်။ (၁)မိတ်ဆွေဖြစ်ဖို့ အစပျိုးတဲ့ ကွန်မန့်၊ (၂) ခင်မင်မှုနဲ့ ပေးတဲ့ ကွန်မန့်၊ (၃) ကိုယ်ပေးချင်တဲ့ ရသ(သို့) သတင်းအချက်အလက်ကို သေချာ မြင်လို့ ပေးတဲ့ ကွန်မန့် ဆိုပြီး သုံးမျိုးပေါ့။
ကိုယ့်ရဲ့ ကွန်မန့်တွေထဲမှာ နံပါတ် ၁ နဲ့ ၂ ကွန်မန့်တွေ ရှိလာရင် ကိုယ့်ဘလော့ဂ်လေးကို လူတွေ သိနေပါပြီ။ ဘလော့ဂ်ရွာလေးဟာ ခင်မင်မှု၊ ကိုယ်ချင်းစာမှုတွေနဲ့ ဖွဲ့စည်းထားတာမို့ ဒီလို ကွန်မန့်လေးတွေတော့ ဘလော့ဂ်စရေးပြီး မကြာခင်မှာဘဲ ရနိုင်ပါတယ်။
နံပါတ် ၃ ကွန်မန့်လေးများ ရလို့ကတော့ ကိုယ့်အရေးအသား တိုးတက်လာပြီလို့ ပျော်လိုက်ပါတော့။ ကိုယ့်စာလေးကို ဖတ်ပြီး စာဖတ်သူက သူ့အယူအဆကို မှတ်ချက်ရေးသွားလိမ့်မယ်။ အဲလို စာဖတ်သူကို ကိုယ်ပိုင် အတွေးတစ်ခု ဖြစ်သွားစေရင် ကိုယ်ရေးတာ လိုရင်းရောက်လို့ပါပဲ။ ကွန်မန့်တွေထဲမှာ အယူအဆလေးတွေ၊ အတွေးလေးတွေ အမျိုးမျိုး တွေ့ရရင် ကိုယ်ပေးချင်တာ သူတို့ ရသွားလို့ပေါ့။
အရင်က ကျွန်မ စိတ်ကူးရတာကိုသာ ပို့စ်ရေးခဲ့ပါတယ်။ စာမေးပွဲ မတိုင်ခင် ကိုယ်ရေးချင်တဲ့ ခေါင်းစဉ်ကို စာစီစာကုံးရေးသလိုပေါ့။ အခုတော့ ရေတမာက ”ရင်နှင့်ရင်း၍” အတွေးကို ပေးလာတယ်။ မေးခွန်းလွှာပေါ်က စာစီစာကုံး ခေါင်းစဉ်ပေါ့ရှင်။ သန်းခေါင်ကျော် အချိန်မှာ ရင်ထဲက စကားတွေ၊ ခေါင်းထဲက သုံးသပ်ချက်တွေ ထုတ်ပြီး စာစီလိုက်ပါတယ်။ ဒီတက်ဂ်ပို့စ်က ကျွန်မအတွက် ပထမဆုံး တက်ဂ်ပို့စ်ပါ။

22 comments:

စန္ဒကူးမေ said...

ဟုတ်ပါတယ်.. comment လေးများရရင်.. အောင်စာရင်းထွက်တာထက်ပိုပျော်သေးတယ်..
အမှန်တရားတွေထောက်ပြသလို..မှားတာလေးတွေလဲ ပြင်သွားပေးတတ်တဲ့.. တစ်ခါမှမမြင်ဖူးသေးတဲ့ သူတွေဆီက စာတန်းတိုလေးက.. စိတ်ဓာတ်ကိုဘယ်လောက် မြှင့်တင်ပေးလဲဆိုတာ စာရေးသူတိုင်း ခံစားတတ်ကြမှာပါ.နော်..း)
ကျမ်းမာရွှင်လန်းပါစေ..

ရေတမာ said...

ရင်နှင့်ရင်း၍ ရေးသော comment တွေအများကြီးရပါစေး)

မင်းညို said...

ခင်မင်ရင်းနှီးလို့ ပေးတဲ့ ကွန့်မန့်ကိုကြိုက်တယ်...။ ဒါထက်ပိုကြာလာတော့ ကိုယ်အချိန်ပေး ရေးထားတာ တွေကို အသိအမှတ်ပြုထားတာတွေလိုချင်လာတယ်..။ ပြင်ပ လောကရဲ့  အလုပ်ဒဏ်တွေကို ကုစားဖို့ ဘလော့ဂ်က ငွေကြေးအကုန်အကျ နဲ့ ခန္ဓာကိုယ် ကို ဒုက္ခအပေးအနည်းဆုံး အကောင်းဆုံး အပန်းဖြေ နည်းထင်ပါတယ်...။ ဒါပေမယ့် ကုစားရင်း နစ်မြောပျော်ဝင်လို့ မတန်တဆ အချိန်တွေကို သုံးမိတတ်ပါတယ်..။ ဒါကြောင့် ငွေကြေးမကုန်သော်ငြား ငွေကြေးထက် ပိုတန်ဖိုးရှိတဲ့ အချိန်တွေကို သုံးဖြုန်းပြီး စိတ်ကူးစီစဉ်ထားတာမို့လို့ အသိအမှတ်ပြုခံရတယ်ဆိုရင်ပဲ...။ သုံးဖြုန်းလိုက်မိတဲ့ အချိန်တွေအတွက် နောင်တတွေဖြစ်မလာခဲ့တော့ပါဘူး...။

မေသစ္စာမောင် said...

ဟုတ်ပါတယ်
ဘလော့ဂ်မှာ စာလာဖတ်သူတွေ ရေးပေးခဲ့တာလေးတွေက တကယ့်ကို အားတက်စရာ ပျော်ရွှင်စရာ တွေးစရာလေးတွေ ပါရှိကြပါတယ်။

တစ်ချို့လဲ ရေးထားတဲ့စာနဲ့ ပတ်သက်မှုမရှိတာတွေ ရေးပေးခဲ့ကြပေမယ့် သူတို့ရဲ့ ခင်ခင်မင်မင် ပြောဆိုတတ်တာလေးတွေကို ဖတ်ရတော့ ကြည်နူးမိတာ အမှန်ပါ။ ဘ၀အမောတွေကို ခဏတာ အဝေးကို ဖယ်ချပေးခဲ့သလိုပါပဲ။

သားကြီး said...

ဘာပဲပြောပြောကွန်မန့်အားလုံးကိုကြိုဆိုပါတယ်
နောက်ဆုံးဝင်ဖဲ့သွားတာမျိုးပဲဖြစ်ဖြစ်ပေါ့
အဲလိုခါကျရင် ကိုယ့်မှာဘယ်လိုချို့ယွင်းချက်တွေရှိနေလဲ
ကိုယ့်စာတွေက သူတစ်ထူးကိုထိခိုက်စေသလား သိပြီးဆင်ခြင်ရတာပေါ့
ခုထက်ထိတော့ ကျနော်ဆိုတဲ့ကောင်က
ရေးချင်တာလျှောက်ရေးနေတုန်းပါပဲဗျာ

မီးမီးချစ် said...

မီးချစ် တော့ ၃ တခါ မှ မရဖူး သေးဘူး.. ဟိဟိ
သိပ်တော် တာပဲ နော်.. ဘယ်လိုပဲ ရရ ကွန်မန့်  ရ ရင်တော့ သိပ်ပျော်တာပဲ.. ရုံးကနေလဲ တချိန်လုံး ဒါပဲ ဝင်ကြည်နေတား))

Yu Ya said...

ဘာပြောရမှန်းမသိအောင်ကို ဖြစ်သွားမိပါတယ် မဟာဆန်ရယ်.... ။

ကျေးဇူးတင်စွာဖြင့်
yu ya

မောင်ကောင်း said...

ဟုတ်ပါတယ်အစ်မရေ.. ရင်နဲ့ရင်းရတယ်ဆိုတာ မှန်ပါတယ်....
ကွန်မန့်ဆိုတာတော့ စာရေးသူတွေအတွက် အားဆေးတစ်ခွက်ပါပဲ...
ရင်နှင့်ရင်း၍ရေးရတဲ့ ပိုစ့်တွေနှင့်အတူ ရင်နှင့်ရင်းရတဲ့ ကွန်မန့်တွေကို ပိုင်ဆိုင်နိုင်ပါစေ...

အပြုံးပန်း said...

တခါတလေမှာ ကိုယ်ပေးလိုက်တဲ့ ကွန်မန့်ကြောင့် ပိုစ့်အကြောင်းအရာကို ပေါ့ဆသွားစေရယ်မလားလို့ ကွန်မန့်မရေးဖြစ်ခဲ့တဲ့ လူတွေလည်းရှိပါတယ် မဟာဆန်ရေ (ကိုယ့်လိုပေါ့)။ လင့်ထားရင်တော့ ဖတ်မိတာချည်းပါပဲ။ ဖတ်ချင်လို့ လင့်ထားတာပဲနော်။

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
ဘာတောင်ဆက်ပြောရမှန်းမသိတော့ဘူး
အားလုံး က မှန်နေလို့လေ...
တကယ်ကို ကြိုက်လို့ မန့်ခဲ့တာနော်..နံပါတ်တ္ဂေကို မတ္ဂေးမိတော့ဘူး...ပျော်ပါစေ..

လပြည့်ရိပ် said...

ကိုယ်ပေးလိုက်တဲ့ ကွန့်မန့်တိုင်းဟာ နံပါတ်ဘယ်လောက်ကို ထိရှသွားမလဲဆိုတာ ကိုယ်မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ စာရေးသူရဲ့ စာသားတွေက ကိုယ့်ရင်ကိုထိရှမိလို့သာကိုယ်ကွန့်မန့်ပေးခဲ့တာ များပါတယ်............

Heartmuseum said...

အတွေးလေး ကောင်း၏။ ထောက်ခံပါတယ်ဗျာ။ ”ကွန်မန့်” ဆိုတဲ့ ဆု ကို စာရေးသူက ရင်နှင့်ရင်းပြီး ယူရပါတယ်။

Dream said...

တီကြီးက ရင်နှင့်ရင်းပြီးရေးတဲ့ပို့စ်ကို ရင်းနဲ့ရင်းပြီး
ဖတ်သွားတယ်...ဟိဟိ...

ဟုတ်ပါတယ် တီတီရေ... တီတီပြောတာတွေ
မှန်ပါတယ်......

စာဖတ်သူရဲ့ ကွန်မန့်ဟာ စာရေးသူရဲ့ စိတ်အင်အားနဲ့ တထပ်တည်း ကျပါတယ်...တီတီရေ....

ကွန်မန့်ကြောင့် စိတ်ထိခိုက်ကြရတဲ့သူတွေ ခံစားကြရတဲ့သူတွေ ရှိသလို ကွန်မန့်ကြောင့်
ပျော်ရွှင်ကြည်နူးရတဲ့ သူတွေလဲ တစ်ပုံကြီးပါ....

ကွန်မန့်ကြောင့် ခင်မင်မှုတွေနဲ့ မိတ်ဆွေတွေလဲ တိုးပွားစေနိုင်ပါတယ်။

တီတီ့က ရင်းနင့်ရင်းပြီး ရင်နဲ့ရင်း၍ ပို့စ်ကို မက်မက်ကလဲ ရင်နှင်ရင်းပြီး အာဝါးးးးးးးးးး
ပေးခဲ့တယ်.... ဟိဟိ...

အာဝါးးကို ရင်းနဲ့ရင်း၍ခံစားလိုက်နော်....အဟီးးး

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ
ခင်တဲ့
မက်မက်

ဇော် said...

ဒေါ်လေးမဟာကတော့ အကြွေးကျေပြီနော်။
ကျနော်ပဲ ကျန်တော့တယ်။ =)
ကျနော်လဲ အဲ့ခေါင်းစဉ်နဲ့ ကွန်းမန့်ဘယ်လိုဆက်စပ်ပြီး ရေးရမယ် စဉ်းစားနေတာ။ သိပ်မှ မဆိုင်ဘဲလေ ခေါင်းစဉ်က။ ဒါပေမယ့် ခု ဒေါ်လေးမဟာ ပြောလိုက်မှပဲ.. သြော် ဂလိုကိုး ဖြစ်သွားတော့တာ။
ကျေးဇူးပါဗျာ။ =)

ကျောပိုးအိတ် said...

ကော်မန့် တွေအများကြီးရပါစေ မမရေ။

ဟုတ်တယ်နော်။ အနုပညာရှင်တွေဆို လက်ခုပ်သံဟာ သူတို့ အတွက်အားဘဲ။

သမီးတို့ ကျတော့လေ ကော်မန့် တွေက သမီးတို့ အားတွေဘဲနော်။

ရင်နဲ့ ရင်းပြီးဖတ်သွားတယ်နော်မမ
း)

ချစ်တဲ့
ညီမလေး သမီးလေး

Angel Shaper said...

်မရေ... ရင်နဲ့ ရင်းပြီး မန့် ခဲ့တယ်။ တကယ်ကို မှန်ပါတယ်။ ခုမှပဲရောက်ဖြစ်တာ။ စာတွေတစ်ဝကြီးဖတ်သွားတယ်နော်။

yaewoori said...

စာလုံးပေါင်း မမှန်လို့ မမန့်ဖြစ်တာများပါတယ်

ရင်ထဲကတော့ တိုးတိုးလေး မန့်ပါတယ် ဖတ်တဲ့နေရာတိုင်း

yaewoori said...

နောက်တခေါက် ပြန်လာပါတယ်

ရင်နဲ့ရင်းပီး နာကြင်စွာ

အမ ရေး တာ ပြန်ဖတ်ပီးမျက် ရည်တွေပိုးပိုးပေါက်ပေါက် ကြ လာတယ်

blogger တယောက် ရဲ့ အသက် က ကွန်မန့် ဆို? ကြယ်လေးကို အသက်ရှင်ခွင့် မပေးသွားဘူး လား အမရယ်

ရက်စက်လိုက်တာ အမရာ

မဟာဆန် said...

ကြယ်ကလေးရေ..မန့်ထားတယ်လေကွယ်...

မေလေး said...

မမရေ
မှန်လိုက်တာ။ မေလေးလဲတူတူဘဲ။ကော့မန်ရရင် သိပ်ပျော်တာ။ အိပ်ရာနိုးတာနဲ့ ဘလော့အရင်ကြည့်တာ။ရုံးရောက်လဲ ဘလော့ကိုကြည့်လိုက်ရတာ အမောဘဲ။
မမပျော်ရွှင်ပါစေနော်။
မမကိုချစ်တဲ့
မေလေး

ZT said...

အစ်မရေ။ ကွန်မန့်တွေ ရတာများလာတော့ စာရေးရတာ ပိုတာဝန်ကြီးလာသလိုပဲ။ ဒါပေမယ့် အခုတလောတော့ မီးသွားမွှေးမိလို့ (၁)(၂)(၃) အမျိုးအစားထဲ မဝင်တဲ့ ငြင်းကြခုံကြ ဆော်ကြနှက်ကြတဲ့ နံပါတ် (၄) အမျိုးအစား ကွန်မန့်တွေ များနေပါတယ်။ :D

မဟာဆန် said...

တွေးစရာ ဆော်စရာတွေ အစသွားဆွဲတာကိုး..
ZT တို့က theory တော့ step by step ကျွမ်းတယ်တော့
လက်ဖျားခါယူရတယ်
ဘယ်နှစ်နှစ်တောင် research လုပ်ခဲ့လဲမသိ..ဟိ