Tuesday, October 14, 2008

ဝါကျွတ်လပြည့် တစ်နေ့တာ

မနေ့ညကတည်းက ဘုရားဆွမ်းကပ်ဖို့ စိတ်ကူးထားတော့ အရင်ဆုံးဈေးဝယ်ရပါတယ်။ အရင်နေ့တွေက ဖြစ်သလို စားနေခဲ့တော့ ဟင်းချက်စရာလည်းမရှိ၊ ဆန်လည်းမရှိမို့ ဈေးအရင်ဝယ်ရတယ်။ ဒီကဆိုင်တွေက ၉နာရီမှ ဆိုင်တံခါးဖွင့်တာဆိုတော့ ၉နာရီခွဲလောက်မှ အိမ်က စထွက်ရတယ်။ ဈေးကပြန်လာတော့ ၁၀နာရီခွဲနေပြီ။ ဘုရားဆွမ်းကပ်ဖို့ အမြန်ချက်ပြုတ်ပြင်ဆင်ရတယ်။ အချိန်လည်းမရလို့ ဟင်းတော့ တစ်ခွက်ပဲ ချက်နိုင်ပါတယ်။ ထမင်း၊ ဟင်းကျက်လို့ ဆွမ်းတော်ပွဲ ပြင်ဆင်နေတုန်းမှာ အရမ်းကို သဒ္ဓါစိတ်ပြင်းပြလာလို့ ကိုးပါးသီလ ဆောက်တည်ချင်စိတ် ပေါက်လာပါတယ်။ အဲဒီအချိန်မှာ ၁၁နာရီကျော်နေပြီ။ ဒါနဲ့ ရေမြန်မြန်ချိုး၊ ခေါင်းလျှော်၊ ခေါင်းခြောက်အောင်သုတ်နဲ့ အမြန်လုပ်လိုက်ရတယ်။ ဥပုသ်စောင့်ချင်လွန်းလို့ အမြန်လုပ်ရတာ။ အချိန်မီပါ့မလားလို့ ဘုရားတမ မ နဲ့။ ၁၁နာရီခွဲတော့ ဘုရားဆွမ်းတော်ကပ်ပြီး ကိုးပါးသီလ ယူပါတယ်။ စိတ်က ကြည်လင်နေတုန်းဆိုတော့ ခါတိုင်းထက်ပိုပြီး ကိုယ့်ချစ်သူတွေကို အထူး မေတ္တာပို့၊ သတ္တ၀ါတွေ အားလုံးကိုလည်း မေတ္တာပို့ပေါ့။ ၁၂နာရီ မတ်တင်းမှ ထမင်းစားနိုင်ပါတယ်။ ခါတိုင်းထမင်းစားရင် နာရီဝက်လောက် ကြာတာမို့ ၁၅မိနစ်နဲ့ အပြီးစားရတာ မောလှပါတယ်။ ထမင်းစားနေရင်း မန္တလေးက မိုးကုတ် မင်္ဂလာရိပ်သာမှာ သင်္ကြန်တွင်း တရားစခန်းဝင်တုန်းက ထမင်းကို အမြန်စားရတာကို သတိရမိတယ်။ အဲဒီတုန်းက စခန်းဝင်တဲ့လူတွေ များလွန်းလို့ လူတစ်ဖွဲ့ပြီးမှ တစ်ဖွဲ့ ထမင်းစားဆောင်ကို ၀င်ရပါတယ်။ လူဦးရေကလည်း သုံးထောင်လောက် ရှိမယ်။ အဲဒီတော့ တစ်ဖွဲ့ဆို ၁၀မိနစ်လောက်နဲ့ ၀အောင်စားရပါတယ်။ မဟာဆန်က ထမင်းတစ်လုတ်ကို အကြိမ်ပေါင်းများစွာဝါးမှ မျိုချလို့ရတာဆိုတော့ ထမင်းတစ်ခါစားရင် ၁၀လုတ်လောက်နဲ့ အချိန်ပြည့်သွားတတ်တယ်။ ခုလည်းအဲလိုပဲ အမြန်စားရတယ်။ စားရင်းနဲ့လည်း နာရီလှမ်းလှမ်းကြည့်ရသေးရဲ့။ နောက်ဆုံးကော်ဖီသောက်ပြီးချိန်မှာ ၁၂နာရီ ကွက်တိပါပဲ။

အားလုံးလဲ ပြီးရော လူကို ဖတ်ဖတ်မောနေတာပါပဲ။

ဒါက မနက်ခင်း ဘုရားဆွမ်းတော်ကပ်ထားတာပါ။


ဒါကတော့ သီတင်းကျွတ်လပြည့်ညမို့ ဆီမီးကပ်လှူထားတာပါရှင်။



1 comment:

tg.nwai said...

ဥပုသ်ရသွားတယ်ပေါ့.. သာဓု လာခေါ်သွားပါတယ်..။