Wednesday, June 18, 2008

အိမ်အလွမ်း

ဒီနေ့ အိမ်ကို ဖုန်းဆက်ရင်း ကိုယ့်အိမ်လေးကို လွမ်းလာတယ်။ ဒီတစ်ခါ ဖုန်းခေါ်တာကလည်း online call ဆိုတော့ အားပါးတရ အကြာကြီးပြောရတယ်။ ပြီးခဲ့တဲ့ ၃လစာလောက် ဒီမှာ ဖြစ်သမျှ အကြောင်းတွေကို တစ်ခုမကျန် အကုန်လျှောက်ပြောပစ်လိုက်တာ။ အိမ်ကလူတွေတောင် သူတို့ကိုယ်တိုင် ဂျာမဏီရောက်နေသလို သိသွားတယ်။ ကိုယ့် credit က ကုန်နေလို့ မင်းညို account နဲ့ ယူပြောလိုက်တာ..ကျေးဇူးပဲ မင်းညိုရေ..ဟဲ ဟဲ..၅ ကျပ်ဖိုးလောက်ပါပဲဟ

အိမ်ကို ဖုန်းဆက်ရတော့လည်း အိမ်ပြန်ချင်လာတာပါပဲ။ ရန်ကုန်မှာနေတုန်းကတော့ အရမ်းလွမ်းလာရင် ခွင့်ယူပြီးပြန်တာပေါ့။ ဒီမှာတော့ ဘယ်ပြန်လို့ ရမှာလဲ။ ရန်ကုန်မှာနေတုန်းက အလုပ်မှာ မပြေလည်တာတွေ များလာရင် ၀မ်းနည်းပြီး သတ္တိမရှိတော့ဘူး။ အဲလိုအချိန်ဆို မဟာဆန်တို့ အိမ်ပြန်ပြေးတာပဲ။ အိမ်ရောက်တာနဲ့ အလိုလို အင်အားတွေ ပြည့်လာတတ်တယ်။ မိသားစု အိမ်အရိပ်ဟာ နွေးထွေးလုံခြုံမှုပေးနိုင်တယ်ဆိုတာ အမှန်ပါပဲ။ မုံရွာကားကလဲ အောင်ကျော်မိုး၊ ရွှေမန်းသူ၊ မိုးကောင်းကင်၊ စိန်ဌေးလှိုင် ဒါအကုန်ပဲ။ လက်မှတ်ကလဲ သိပ်ခက်တာ။ အမြဲလူအပြည့် လက်မှတ်မကျန်တော့တာချည့်ပဲ။ ရထားကတော့ မဟာဆန် ဘယ်တော့မှ လက်မှတ်ရအောင် မဖြတ်ဘူးပါ။ အောင်မင်္ဂလာကားကွင်း၊ အောင်ဆန်းကွင်း၊ လှည်းတန်းဂိတ်၊ ရန်ကင်း ၁၂လုံးတန်းဂိတ် ရှိသမျှ ကားလက်မှတ် အရောင်းဆိုင်တွေကို ဖုန်းဆက်မေးရတယ်။ ရတဲ့ဆိုင်ကနေ အောင်ဆန်းကွင်းဆိုင်ကို လွှဲပေးပါပြောပြီး အောင်ဆန်းကွင်းမှာ သွားဝယ်ရတယ်။ မှတ်မိပါသေးတယ်…ကိုယ့် research မှာ new method ရအောင် စဉ်းစားနေရတုန်းကပေါ့။ သင်္ကြန်ကျောင်းပိတ်ရက်ကလဲ တစ်ပတ်လောက်ပဲ လိုတော့တယ်လေ။ ပြန်ဖို့ ကားလက်မှတ်ကို အသည်းအသန် လိုက်ရှာရတဲ့အချိန်ပေါ့။ lab ထဲမှာ computer ရှေ့ထိုင်ပြီးဖုန်းတဂွမ်ဂွမ် ဆက်လိုက်၊ လှစ်ခနဲ အပြင်ထွက်သွားလိုက်နဲ့ ယောက်ယက်ခတ်နေတာလေ။ Supervisor က မျက်စိနောက်ပြီး ”နင်ကတော့ method ရဖို့ မစဉ်းစားဘူး။ လက်မှတ်ရဖို့ပဲ လုံးပမ်းနေတယ်” လို့တောင် ပြောယူရတယ်။ တော်ပါသေးရဲ့ သင်္ကြန်မတိုင်ခင် method ထွက်သွားလို့။ Supervisor ကိုလဲ သွားပြရော..ပြုံးပြုံးကြီးနဲ့ မျက်စောင်းထိုးပြီး ”သွား …. လက်မှတ်သွားဝယ်တော့”တဲ့။ အမယ်လေး ပျော်လိုက်တာ။ ၅လလောက် စိတ်ဆင်းရဲခံပြီး အကြံထုတ်လာရတာလေ။ အောင်မြင်သွားတော့ ပျော်လိုက်တာဆိုတာ။ အိမ်မှာလည်း စိတ်လွတ်လက်လွတ် နေနိုင်ပြီပေါ့။ သတိရလိုက်တာ Teacher ရယ်။ လက်မှတ်ရပြီ ဆိုကတည်းက မဟာဆန်တို့ မြူးနေတော့တာပဲ။ ကားစီးရတာ ပင်ပန်းပေမဲ့ အိမ်ပြန်ရတယ်ဆိုတော့ ပျော်နေတာပါပဲ။ တလမ်းလုံးလဲ အစားသောင်းကျန်းသွားတာ။ ပျဉ်ပုံကြီးတို့ ပဲခူးတို့မှာ ညနေစာစားဖို့ ကားရပ်လေ့ ရှိတယ်။ ထမင်းဆိုင်တွေက ဈေးကြီးပြီး စားလို့လဲ မကောင်းပါဘူး။ ပြီးတော့ မသန့်ရှင်းတာများတယ်။ မဟာဆန်က တမျိုး..ဗိုက်ထဲမှာ အစာမရှိရင် ကားမူးတတ်တယ်။ အဲတော့ ကားရပ်တိုင်း တစ်ခုခုတော့ ၀ယ်စားရတာချည့်ပဲ။ ညနေစာ ထမင်းတော့ နည်းနည်းပဲ စားရတယ်။ ကားဆက်မောင်းပြီး ညလယ်လောက်ကျရင် တခါနားတယ်။ အဲဒီမြို့ကိုတော့ သေချာမသိဘူး။ ထမင်းဆိုင်က အော်လံကြီးနဲ့ အော်ပြီး ဧည့်ခံ၊ စားပွဲထိုးတွေကို စီမံလုပ်တာ။ ကားတစ်စီးရပ်ပြီဆိုတာနဲ့ အော်ပါပြီ။ ရနိုင်တဲ့ စားစရာတွေကို ပြောလိုက်၊ ”ဟဲ့ ဘယ်သူ ဟိုစားပွဲက ခေါ်နေတယ်။ ဒီဘက်စားပွဲက ပိုက်ဆံရှင်းမယ်တဲ့” နဲ့ စားပွဲထိုးတွေကို ပြောလိုက်၊ ”ဟို အစ်မကြီး ဒီဘက်စားပွဲကို ကြွပါခင်ဗျာ” ဆိုပြီး နေရာပေးလိုက်နဲ့ တစ်ကမ္ဘာလုံး အော်လံသံကြီးလွှမ်းနေတယ်။ ဖွင့်ထားတဲ့ စီဒီထဲက လေးဖြူတို့၊ အာဇာနည်တို့ဆို ပါးစပ်လေးပဲ လှုပ်နိုင်ရှာကြတယ်။ အသံ မထွက်နိုင်ကြဘူး။ အဲဒီအော်လံသံကြီးနဲ့ပဲ တလမ်းလုံးအိပ်လာတဲ့ အိပ်ငိုက်စိတ်တွေလဲ မရှိတော့ဘူး။ လန့်နိုးသွားရော၊ အဲဒီဆိုင်မှာတော့ ပလာတာဖြစ်ဖြစ်၊ မုန့်ဟင်းခါး ကြာဇံဟင်းဖြစ်ဖြစ် စားလေ့ရှိပါတယ်။ အဲဒီမှာ လူတော်တော်များများ ကားမှားတက်လေ့ရှိတယ်။ ရန်ကုန်ကထွက်လာတဲ့ကားရော ရန်ကုန်ကို သွားတဲ့ကားရော အဲဒီဆိုင်မှာ တစ်ချိန်တည်း ဆုံကြတာလေ။ ကားတွေကလဲ အများကြီး..ရွှေမန်းသူ၊ မိုးကောင်းကင် စတဲ့ မုံရွာကားတွေရော…အသင်းတူ မန္တလေးကားတွေရော ရှုပ်ယှက်ခတ်နေတာပဲ။ ကိုယ်က မိုးကောင်းကင် စီးလာတယ်ဆိုပါတော့။ အဲဒီမှာ မိုးကောင်းကင်က ၃စီးလောက် ဖြစ်နေတတ်တယ်။ ရန်ကုန်ကိုသွားတဲ့ကားပေါ်တက်မိလို့ကတော့ ရန်ကုန် ပြန်ရောက်ပြီပဲ။ မဟာဆန်တို့ကတော့ မကြာခဏ ကားမှားတက်လေ့ရှိတယ်။ ကားပေါ်က ဆင်းလာတုန်းက အိပ်ရာမနိုးပဲ ဆင်းလာတာလေ၊ ကိုယ်စီးတဲ့ကားကို ဘယ်နားရပ်ထားသလဲ သိတာမဟုတ်ဘူး။ တော်သေးတာပေါ့။ ကားစပယ်ယာက ”ညီမ..ကားမှားတက်လာပြီ”လို့ ဆီးပြောပေလို့။ အဲဒီနေရာမှာ စပယ်ယာတွေ မှတ်ဥာဏ်သိပ်ကောင်းတယ်။ နေ့တိုင်း ခရီးသည် အသစ်တွေ မြင်နေရတာကို ဒီတစ်ခေါက် ကားပေါ်ပါလာတဲ့ မျက်နှာတွေကို မှတ်မိနေတာပြောတာပါ။ မဟာဆန် တက်သွားတာနဲ့ သူ့ကားက ခရီးသည် မဟုတ်ဘူးဆိုတာ တန်းသိတယ်။ မှားရင် ပြန်ဆင်း ကိုယ့်ကားကို ရှာရတယ်။ တခါတရံ ကား၃စီးမှာ ဘယ်ကားမှန်းမသိတော့လို့ ယောင်ချာချာဖြစ်နေရင် စပယ်ယာတွေအချင်းချင်း အော်ဟစ်မေးမြန်းပြီး မဟာဆန်ကို ကားမှန်ရောက်အောင် ရှာပေးရသေးတယ်။ ကားပြန်ထွက်တာနဲ့ ပြန်အိပ်တာပဲ။ မနက် ၃နာရီလောက်ဆိုရင် ကားက မေတ္တာပို့သီချင်းဖွင့်ပါရော။ ကျက်သရေရှိရှိနဲ့ အိပ်ရာနိုးတာပေါ့။ သီချင်းပြီးခါနီးလောက်မှာ ကျောက်ပန်းတောင်းကိုရောက်တယ်။ အဲဒီမှာ မနက်စာစားပေါ့။ အဲဒီဆိုင်မှာတော့ မျက်နှာသစ်ပြီးရင် မဟာဆန်က ကောက်ညှင်းပေါင်းနဲ့ ငါးရံ့ခြောက်ဖုတ်စားလေ့ ရှိတယ်။ ပြောရင်းနဲ့ စားချင်လာပြီ။ ပြီးရင် ကားဆက်ထွက်၊ ဆက်အိပ်တာပဲ။ နောက်ပိုင်းတော့ မန္တလေးနဲ့ ညောင်ပင်ဝန်းမှာပဲ ရပ်တော့တယ်။ ညောင်ပင်ဝန်းရောက်ရင်တော့ မအိပ်နိုင်တော့ဘူး။ အိမ်ရောက်တော့မှာလေ။ ညောင်ပင်ဝန်းမှာ ကားနားရင်တော့ အကြော်မှန်သမျှ အကုန်စားတာပဲ။ စာကလေးကြော်၊ ငုံးကြော်ဝယ်စားတယ်။ စာကလေးကြော်ဆို ကြိုက်လို့ အိမ်မှာစားဖို့တောင် ၀ယ်လိုက်သေးတယ်။ ကြက်မြစ်ကြက်သည်းကြော်က တုတ်ချောင်းလေးနဲ့ အကင်လေးတွေလုပ်ထားတာ။ ဆိတ်သားလုံးကြော်ကျတော့ တုတ်ချောင်းလေးမှာ ဆိတ်သားလုံး ၅လုံးလောက်ထည့်ထားပြီး အပေါ်ဆုံးမှာ သံပုရာသီးစိတ်လေး တပ်ထားတယ်။ တခါတရံ ရေပိုးကြော်လဲတွေ့ရတယ်။ ရေပိုးဆိုတာ အကောင်သေးသေးမှုန်မှုန်လေးတွေ၊ အဲဒါကို မုန့်နှစ်နည်းနည်းနဲ့ နယ်ပြီး ပဲမုန့်ကြော်သလို ကြော်ထားတာ။ ဆိမ့်ပြီး အရမ်းစားကောင်းတယ်။ ညောင်ပင်ဝန်းက ကားပြန်ထွက်ပြီဆိုရင်တော့ မအိပ်တော့ဘူး။ ၄၅မိနစ်လောက်နေရင် အိမ်ရောက်တော့မှာလေ။ မန်ကျည်းပင်တွေ ၀န်းရံထားတဲ့ ကိုယ့်ခြံကို လှမ်းမြင်လိုက်ကတည်းက ပင်ပန်းတာတွေ အကုန်ပျောက်သွားတာပါပဲ။ အိမ်ကလူတွေကလည်း ”သမီး ထမင်းစားမလား” တန်းမေးတာပဲ။ အိမ်မှာလည်း ကိုယ်ပြန်လာမဲ့နေ့ဆို ဟင်းတွေစုံနေအောင် ချက်ထားတတ်တယ်။ မဟာဆန်ကလည်း အိမ်ထမင်း ဟင်းကို စားချင်လှပြီဆိုတော့ ”ဟုတ်၊ အိမ်ရောက်ရောက်ချင်း ထမင်းစားမလို့ ညောင်ပင်ဝန်းမှာတောင် မစားခဲ့ဘူး”လုပ်တာ။ အမှန်က အကြော်ပေါင်းစုံစားလာတာလေ။ အကြော်က အကြော်၊ ထမင်းက ထမင်းပဲ ဥစ္စာ..နော်။ ထမင်းစားပြီးမှ ပင်ပန်းလို့ အိပ်ချင်စိတ်က ပြန်ပေါ်လာတော့တယ်။ ရေချိုးပြီး တန်းအိပ်တော့တာပဲ။ အိမ်အရိပ်မှာ နွေးထွေးစွာ နားနိုင်ပြီလေ။

5 comments:

Unknown said...

ှိမဟာဆန်ရေ
စာရေးကောင်းလွန်းလို့စားစရာတွေကိုမျက်စိထဲမြင်ယောင်ပြီးစားချင်လိုက်တာ။
တို့လဲစာကလေးကြော်အရမ်းကြိုက်တယ်။ဂျာမနီမှာမရှိဘူးနော်။
အညာကိုလွမ်းလိုက်တာကွယ်။
ရေပိုးတော့မစားဘူးလို့စားကြည့်ချင်သေးတယ်။
ဖတ်လို့ကောင်းလို့အိမ်တောင်ပြန်သွားချင်တယ်။
စာရေးတော်တော်ကောင်းတယ်နော်။
အမြဲ လာဖတ်ဖြစ်အောင် ကြိုးစားပါ့မယ်။ မြန်မာပြည် ပြန်ရောက်သွားသလို ခံစားရလို့ ကျေးဇူးပါပဲ...


ခင်မင်စွာဖြင့်
ကျော့လေးသွယ်(KLT)

မဟာဆန် said...

ကျော့
ကျွန်မလည်း စာကလေးကြော် ကြိုက်တယ်
ဒီမှာတော့ ဘယ်ရှိပါ့မလဲ
ရန်ကုန်မှာတောင် မရှိဘူး
အိမ်ပြန်မှပဲစားရတာ
နောက်နေ့ကျ ဒန်ပေါက်ချက်ကျွေးမယ်
လာစားနော်
မဟာဆန်

Unknown said...

မဟာဆန်ရေ

ဒန်ပေါက်လာစားမယ်။ဘယ်တော့ချက်ကျွေးမှာလဲဟင်၊အခုစားချင်လာပြီ။
ကောင်းတယ်၊ကောင်းတယ်။
တမျိုးပြီးတမျိုးချက်ကျွေးနော်။ ခဏခဏလာလာစားမယ်။ပျော်လိုက်တာ။

ကျော့လေးသွယ်

lwinpyinkalay.com said...

အရမ်းကောင်းတယ် အမြဲအားပေးလျက်ပါ

lwinpyinkalay.com said...

အရမ်းကောင်းတယ် အမြဲအားပေးလျက်ပါ