Tuesday, October 28, 2008

စက်ရုပ်လူ နှင့် လူစက်ရုပ်(၂)

သွားရတော့မလား မသိဘူးနော်မမ

အင်း ရတီက presenter ဆိုတော့ စောစောကြိုသွားကြတာပေါ့”

နှစ်ယောက်သား အစည်းအဝေးခန်းကို လာခဲ့ကြသည်။ ရတီ ပရိုဂျက်တာ (projector) ပြင်ဆင်နေစဉ်မှာ မင်းခန့်ရောက်လာသည်။

မင်းခန့်သည် AI 3 project ရဲ့ research advisor ဖြစ်လို့ စမ်းသပ် စက်ရုပ် ငါးခုစလုံးအတွက် အကြံပေး လမ်းညွှန်မှုများ လုပ်ရသည်။ ထို့အပြင် လက်အောက် researcher များနှင့် တန်းတူ ”နေမျိုး” ဟု အမည်ပေးထားသော စက်ရုပ်တစ်ခုကို သီးသန့် တာဝန်ယူ စောင့်ရှောက်နေသူလည်း ဖြစ်သည်။

အနီးကပ် အောက်ခြေသိမ်း တာဝန်ယူရဖို့ တာဝန် မရှိချေ။ သို့သော် ရတီသည် ခင်ဦး တာဝန်ယူရသော စက်ရုပ်မလေး ဖြစ်သဖြင့် စိတ်စောစွာ စောစော ထွက်လာခဲ့ခြင်း ဖြစ်သည်။ မင်းခန့်က ရတီ့ မျက်နှာလေးကို သေချာအကဲခတ်ရင်း…

”ရတီ… နေကောင်းလား”

”ကိုကိုကလည်း ရတီ့ကို လူမမာကြီးလို မမေးပါနဲ့ဆို”

”ဟုတ်ပါပြီ ရတီရယ်…ကိုကို စိတ်ပူလို့ မေးတာပါ… ပြောပါဦး”

”ဒီတိုင်းပါပဲ ကိုကိုရယ်…လူက အသက်ရှင်နေပြီး စိတ်ကြီးက သေနေတယ်”

”ဘာဖြစ်လို့ ကိုယ့်စိတ်ကို ခံစားမှုမရှိဘူးလို့ အခိုင်အမာ စိတ်စွဲနေတာလဲ”

”တော်ပါတော့ ကိုကိုရယ်… ရတီလည်း စခါနီးနေပြီ”

မင်းခန့် သက်ပြင်းတစ်ချက်ချရင်း ရတီ့ကို လှမ်းမေးလိုက်သည်။

”ဟေ့…ရတီ အိုကေပဲလား”

”ဟုတ်ကဲ့ အစ်ကို… အားလုံး အဆင်ပြေပါတယ်”

ကုမ္ပဏီ လူကြီးများနှင့် AI 3 project ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ အလျှိုလျှို ၀င်ရောက်လာသဖြင့် ခင်ဦးတို့လည်း နေရာယူလိုက်ကြသည်။

ရတီ presentation စပါပြီ။

တစ်လအတွင်း သူ့ဌာနမှ ထုတ်လုပ်ခဲ့သော စက်ရုပ်သုံး အပိုပစ္စည်းများ၏ အသေးစိတ် အကြောင်းအရာများ၊ အလုပ်သမား အခြေအနေများ၊ လက်ရှိအသုံးပြုနေသော စက်များ၏ အခြေအနေ၊ တစ်လစာ ၀င်ငွေ ထွက်ငွေ စာရင်း တို့ကို ချက်ကျ လက်ကျ ရှင်းလင်း တင်ပြသွားသည်။

နောက်ဆုံးတွင် စက်များကို ကြာရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းသင့်ကြောင်း၊ ယနေ့ ဈေးကွက်မှာ လိုအပ်နေသော စက်ရုပ်သုံး အပိုပစ္စည်းများကို အသစ်တီထွင် ထုတ်လုပ်သင့်ကြောင်း ဖြင့်လည်း ထင်မြင်ချက်များကို တင်ပြလိုက်ပါသည်။

ရတီ နိဂုံးချုပ်လိုက်တဲ့ အခါမှာတော့ လက်ခုပ်သံတွေ ဆူညံသွားပါသည်။

အားလုံးက ရတီနှင့် ခင်ဦးကို ချီးကျူး အားပေးကြသည်။ project ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ ကျော်နိုင်က

”ရတီ့ကို ခင်ဦးလက် အပ်လိုက်မိတာ သိပ်မှန်တာပဲကွ… ထူးချွန်ထက်မြက်မှုကတော့ ခင်ဦးနဲ့ ချွတ်စွပ်ပဲ…..မျှော်မှန်းထားတာထက် ပိုအောင်မြင်တယ် သမီးရေ”

”ခင်ဦးလည်း ဒီလောက် အဆင်ပြေလိမ့်မယ်လို့ ထင်မထားဘူး ဆရာရဲ့…”

”ကွန်ဂရက်ဂျူလေးရှင်း…”

”ကျေးဇူးတင်ပါတယ် ဆရာ”

Data collection ဌာနမှ မမနွယ်ကလည်း

”ခင်ဦး လက်ရာကတော့ ခင်ဦးအသစ် တစ်ယောက်မွေးထုတ်လိုက်သလား ထင်ရတယ်…. မော့မကြည့်ဘဲ ခေါင်းငုံ့နားထောင်နေရင် ခင်ဦး ပြောနေတာလားတောင် ထင်ရတယ်ကွဲ့”

”မမနွယ်ကို နေ့လည်စာ ကျွေးမယ်နော…”

”အတည်ပြောတာပါ ခင်ဦးရဲ့”

”ကျေးဇူးပါ မမနွယ်”

တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်နေတာနှင့် နောက်ဆုံးတော့ အခန်းထဲမှာ ခင်ဦး၊ မင်းခန့်နှင့် ရတီတို့ပဲ ကျန်နေခဲ့သည်။

”တခါတည်း ထမင်းစား သွားလိုက်ကြစို့လေ” ဟု မင်းခန့်ပြောလိုက်သည်။

ရတီက မျက်လုံးလေး လှန်ကာ ခဏလေးငြိမ်သွားသည်။ ခင်ဦး သိလိုက်သည်။ ဒါ သူမရဲ့ processor အလုပ်လုပ်နေတဲ့ အချိန်လေးပေါ့။ သူ့စိတ်ထဲမှာ မေးခွန်းတစ်ခုပေါ်လာလို့ အဖြေကို လိုက်ရှာနေတဲ့ ပုံစံလေးပဲ။

”မမ”

”ပြော…ဘာမေးမလို့လဲ ရတီ”

”ရတီ အဲဒီ စကားကို ကြားဖူးနေတာ ကြာပြီ… စားတယ်ဆိုတာ ဘာလဲ မမ”

ခင်ဦးနှင့် မင်းခန့် ဖျတ်ခနဲ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ စက်ရုပ်တစ်ခုဟာ အစာစားဖို့မှ မလိုဘဲ…လူနဲ့ အနီးစပ်ဆုံးတူအောင် အစာစားတဲ့ အလုပ်ကို ဖန်တီးပေးဖို့ကလည်း အချိန်အတော်ကြာမှ ဖြစ်နိုင်ပေမည်။ ဒီတော့ ခင်ဦးကပဲ …

”မမတို့ စားတယ်ဆိုတာ ဗိုက်ဆာလို့ ရတီရဲ့… အဲဒါ အပိုအလုပ်ပါကွယ်…ရတီရော ဗိုက်ဆာသလား”

”ဟင့်အင်း မဆာဘူး မမ”

”ဒါဆို မမနဲ့ ကိုမင်းခန့်ပဲ သွားလိုက်တော့မယ်လေ”

”ဟုတ်…မမ…ရတီ ရုံးကိုပဲ ပြန်လိုက်တော့မယ်”

”အေး အေး”



ဆက်ရေးပါဦးမည်

1 comment:

Kyawt said...

မဟာဆန် ရေ

အရေးအသားအတော်ကောင်းပါ၏
အသစ်ကိုလဲစောင့်နေပါ၏။။။။။။။။။။.:)