Monday, October 27, 2008

ဒိုင်ယာရီ နဲ့ အဟောင်းသံသရာ




အဟောင်းတွေကို သတိမထားမိပဲ သိမ်းတတ်လေ့ရှိတဲ့ အလေ့အထကတော့ သိပ်ကောင်းမယ်မထင်ပါဘူး။ "သံယောဇဉ်ထားရင် အမှိုက်ရှုပ်တယ်" လို့ စာရေးဆရာတစ်ယောက်ရေးထားတာ ဖတ်ဖူးပြီးတဲ့နောက် အသုံးမပြုတော့တာတွေကို သိမ်းခါနီးတိုင်း ဒါဟာ နောင် တကယ်သုံးဖြစ်/မဖြစ် စဉ်းစားဖြစ်လာပါတယ်။

တစ်ခါတစ်ရံ အသုံးဝင်တဲ့ ပစ္စည်းတွေတော့မဟုတ်ပါဘူး။ဒါပေမယ့် အမှတ်တရရှိတဲ့ အရာတစ်ချို့မို့ မသိမ်းပဲ လွှင့်ပစ်ခဲ့မိရင် တစ်ချိန်အကြောင်းအားလျှော်စွာ ပြန်ကြည့်ဖို့ စိတ်ပေါ်လာတဲ့အခါ လွှင့်ခဲ့တာ အတွက်နောင်တ တွေရတတ်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်ရဲ့ အသိမ်း သံသရာဟာ ဟိုဟာလွှင့်ပစ်ရနိုးနိုး ဒီဟာလွှင့်ပစ်ရနိုးနိုးနဲ့ နောက်ဆုံးတော့ ဒုံရင်းဒုံရင်းပါပဲ။ ဒီလိုသာ အမှတ်တရတွေချည်း လုပ်နေရင် နေရာတစ်ခုရွှေ့ခါနီးတိုင်း ဒုက္ခ ရောက်ပါ လိမ့်မယ်။

အဓိကတော့ ဘယ်နေ့ ဘယ်အချိန်ဘယ်အခါမှာ ဘယ်လိုအဖြစ်အပျက်မျိုးတွေဖြစ်ခဲ့တယ် ကိုယ်ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာ ပြန်စဉ်းစားရင် အတိအကျ သိချင်တာပါ။ မှတ်ဥာဏ်ကလည်း အားလုံး အတိအကျ မှတ်မိလောက်အောင်မကောင်းသလို ဒိုင်ယာရီရေးကလည်း ပျင်းသဗျ။

ဒိုင်ယာရီ ရေးဖို့ဆိုပြီး ၀ယ်ထားတဲ့စာအုပ်တွေလည်း များလှပါပြီ၊ ဒိုင်ယာရီရေးပြီး မှတ်တမ်း တင်ရလောက်အောင်ကလည်း သိပ်ပြီး ကြီးကြီးကျယ်ကျယ်ကလည်းမဟုတ်ဆိုပြီးထားလိုက်တာ နောက်ဆုံး မပစ်ရက်လို့ ဒိုင်ယာရီအမည်ခံ အလွတ်စာအုပ်တွေသာ တစ်နှစ်တစ်အုပ် နှစ်အုပ် တိုးသာလာတယ် စာတစ်လုံးမှ မရေးဖြစ်ဘူးဗျို့။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ အရေးတကြီးကိစ္စရပ်တွေကိုပါ ရေးမှတ်တဲ့ အကျင့်ကပါ ပျောက်တော့မလိုဖြစ်လာတယ်။ အရေးမကြီးဘူးထင်တဲ့ ကိစ္စတစ်ခုဟာ တစ်ခါတစ်လေ အတိအကျ သိမှ ပိုအဆင်ပြေတဲ့ ကိစ္စတွေပေါ်လာတဲ့ အခါ အသေအချာမမှတ်ခဲ့တဲ့အတွက် သိပ်နောင်တရတတ်ပါတယ်။ မှတ်တမ်းတင်ချင်တဲ့ပုံစံကလည်း စာချည်းပဲ ရေးပြီးသိမ်းထားချင်တာမဟုတ်ဘူးဗျ။ ပစ္စည်းတစ်ချို့ပါ တွဲပြီးသိမ်းချင်တာ။

လူက ဘယ်လောက်ပဲပေါ့ပေါ့လျော့လျော့ နေတဲ့ပုံစံ ဖြစ်ပါစေ။ မှတ်တမ်းကောင်းလွန်းလို့ ရည်းစားတွေနဲ့ သိပ်အဆင်ပြေနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိခဲ့ဘူးပါတယ်။ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်မှာ ဘယ်လို အမှတ်တရရှိခဲ့တယ်။ ဘယ်လို ပုံစံက အစ မှတ်တမ်းတင် ကောင်းလွန်းလို့။ လူမမှား စကားတစ်လုံးမလွဲ ပြောတတ်တဲ့ ငတိမို့ သူ့ကောင်မလေးတွေက သိပ်ဂရုစိုက်တတ်တဲ့ သူလို့ယုံတာဗျ။

အမှတ်တရ ဆိုပြီးသိမ်းခဲ့တဲ့ အဟောင်းတွေကလည်း မလွှဲသာလို့ ဟိုနေရာမှာ ထားခဲ့ရ ဒီနေရာမှာထားခဲ့ရနဲ့ အရင် အဟောင်းအဟောင်းတွေနေရာမှာ နောက်ထပ် အဟောင်းအဟောင်းတွေ ထပ်ရောက်လာပါတယ်။ ရေးမှတ်တဲ့ ဒိုင်ယာရီ အချို့ ကိုယ်မှတ်တမ်းတင်ခဲ့ဖူးတဲ့ အဖြစ်အပျက် အချို့လည်း စာရွက်အကြမ်း စက္ကူအကြမ်းတွေနဲ့အတူ ရောပါသွားခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ ဒိုင်ယာရီရေးတဲ့ပုံစံ၊ အမှတ်တရသိမ်းတဲ့ပုံစံဟာ ကျွန်တော်ရဲ့ စိတ်တိုင်းကျ မဖြစ်ဘူးဆိုတာ ဒီရက်ပိုင်းနည်းနည်း ရိပ်စားမိလာတယ်။

ကဲ ခင်ဗျားရော ခင်ဗျားရဲ့ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေကို ဘယ်လိုသိမ်းဆည်းမှတ်တမ်းထားမလဲ။..



(Goethe Institute ဂျာမန် ဘာသာစကားသင်တန်းကျောင်းရှိနေစဉ် ဂျာမန်လူမျိုး အဘိုးကြီးတစ်ယောက် သူ မြန်မာမှ သယ်လာခဲ့သောပိုက်ဆံကို တကူးတက လာပေး၍ သိမ်းထားမိခဲ့သည်။ ဒီအကြောင်း နောက်တစ်ပိုစ့်ပေါ့ဗျာ)


No comments: