Monday, September 22, 2008

ကိုယ်ပိုင်စာကြည့်တိုက်

ရှေးခေတ်က ပိဋကတ်တိုက် တစ်ခုဖြစ်ဖို့ဆိုသည်မှာ တကယ်မလွယ်ဟု စာထဲဖတ်ဖူးသည်။ (ပိဋကတ်တိုက်ဆိုသည်မှာ ရှေးက စာကြည့်တိုက်ကိုပင်ဆိုလိုရင်းဖြစ်သည်။) စာအုပ်ဆိုသည်မှာ ပေထက်အက္ခရာတင်သည့်ခေတ်မှာ တစ်အုပ်ဖြစ်ဖို့ မလွယ်ကြောင်းကို စဉ်းစားယုံမျှပင်သိနိုင်သည်။ ထိုခေတ်တွင်စာတတ်ယုံမျှဖြင့် စာရေးဆရာဖြစ်ဖို့မလွယ်။ စာတတ်သည်ထားဦး ပညာရှိသည်ထားဦး၊ စာရေးဝါသနာပါမှပင်ဖြစ်လိမ့်မည် ၀ီရိယလည်း ရှိဖို့တော်တော်လိုမည်။ ခုခေတ်စာရေးဆရာတွေထက် ၀ီရိယ ပိုရှိမှာတော့ သေချာသည်။ သူတို့အတွက် ပေစာတစ်ထုပ်ဖတ်ရဖို့ဆိုသည်မှာ လည်းလွယ်မည်မထင်။ ခေတ်သိပ္ပံများ မထွန်းကားခဲ့သော်လည်း အချိန်တိုအတွင်း ကိုယ်ပိုင်စာပေကို ထွန်းကားအောင် ကြံဆောင်ခဲ့ကြသော ဘိုးဘွားများကို ခေတ်သိပ္ပံတော့ ထွန်းကားအောင်မလုပ်ခဲ့ရကောင်းလားဟု အပြစ်မမြင်ပဲ ကျေးဇူးတင်သင့်သည်။



စာရေးသူ အနောက်တိုင်းတွင် ကျောင်းသားဘာဝ နိုင်ငံစုံ မိတ်ဆွေသူငယ်ချင်းများနှင့် ဆုံသောခိုက်တိုင်း မင်းတို့က ဘယ်ဘာသာစကားကို သုံးကြတာလဲ၊ ပြင်သစ်စကားနဲ့တူတာလား အင်္ဂလိပ်စကားနဲ့တူတာလား စပိန်စကားလား၊ တစ်ချို့ အရှေ့အကြောင်းအနည်းငယ်သိသူများက တရုတ်စကားလား စသည်ဖြင့် အမေးခံရပါသည်။ စာရေးသူကတော့ မဟုတ်ဘူးဟေ့ ငါတို့စကားက တခြားဘာသာစကားတွေနဲ့ လုံးဝကိုကွဲတဲ့ ကိုယ်ပိုင်စကားပါကွာ ကိုယ်ပိုင်စာပေတွေပါကွာလို့ ပြောလိုက်တယ်။ ဒါတစ်ခုတော့ အားရပါးရ ဂုဏ်ယူစွာပြောဖြစ်ပါတယ်။ ဟုတ်ပါတယ် အနောက်နိုင်ငံများ အများစုမှာ စပိန်စကား ဖြစ်ချင်ဖြစ်၊ ပြင်သစ်စကားဖြစ်ချင်ဖြစ်၊ အာရေဗျ ဘာသာစကားဖြစ်ချင်ဖြစ်၊ အင်္ဂလိပ်စကားဖြစ်ချင်ဖြစ် ဖြစ်ကြပါသည်။ မက်ဆီကို ဆို စပိန်ပြောပါသည်။ စပိန်စကားသုံးနိုင်ငံများ ၂၀ ကျော်ရှိမည်ထင်ပါသည်။ တစ်ချို့ဆို ပြင်သစ်စကားရော အင်္ဂလိပ်စကားပါ ကျောင်းတွင် ပြောကြပါသည်။ နိုင်ငံကြီးအချို့ရဲ့ စကားတွေ တတ်တာတော့ တကယ်ကို ကောင်းပါသည်။ ဒါပေမယ့် ကိုယ့်စာစကားပျောက်တာတော့ ကောင်းမည်မထင်ပါ။ နိုင်ငံဟူ၍ စဖြစ်လာသည့် အချိန်တိုအတွင်း စာပေအရာ ထွန်းကားခဲ့မှုမှာတော့ မြန်မာတို့ ညံ့ခဲ့ဟန်မတူပါ။ ဖြစ်ပျက်ခဲ့သမျှကို မှတ်တမ်းတင်ရာတွင်၎င်း ထိန်းသိမ်းမှုတွင်၎င်း တော်သည့်အထဲတွင်မပါဟု မြင်ပါသည်။ ထားပါတော့။ ပြောချင်သည်မှာ စာကြည့်တိုက်တစ်ခု ဖြစ်ဖို့ ဆိုသည်မှာ မလွယ်ကြောင်းပါ။

တံဆိပ်ခေါင်း၊ ပိုက်ဆံ၊ စာအုပ် စုဆောင်းခြင်းများ၊ ဓါတ်ပုံရိုက်ခြင်း/အရိုက်ခံခြင်း၊ စသည့် အသက်မွေးမှုနှင့် ဘာမျှ မသက်ဆိုင်သော ၀ါသနာများရှိသည်အနက် စာရေးသူကတော့ စာအုပ်စုတာဝါသနာပါသည်။ ဖြစ်နိုင်ရင် စာကြည့်ခန်း ကောင်းကောင်းတစ်ခုလောက် ပိုင်ချင်သည်။ ဖြစ်နိုင်လျှင် မြန်မာ စာရေးဆရာတို့ရေးသားခဲ့ သော စာအုပ် အကုန်လောက် ပိုင်ဆိုင်ချင်သည်။ စာအုပ်အကုန်ရဖို့ဆိုသည်မှာ လွယ်မည်တော့မထင်ပါ။ ရန်ကုန်တွင် ကျောင်းတက်စဉ် ၆ နှစ် ၇ နှစ်တာ အတွင်း စာအုပ်များ စုဆောင်းဖို့ ကြိုးစားခဲ့သေးသည်။ မလွယ်ပါ။

၁) စာအုပ်တန်ဖိုးကြီးမြင့်ခြင်း။

၂) သယ်ယူရန်ခက်ခဲခြင်း (ကျောင်းတက်ရာနောက် တစ်ကောက်ကောက်ပါသော ဘာသာရပ်ဆိုင်ရာ စာအုပ်များစွာ ကလည်း ရှိသေးသည်။)

၃) ၀ယ်ထားသော စာအုပ်များကို လက်နိုင်ကျင့်တတ်သော သူငယ်ချင်းများ ငှားပြီး ပြန်ပေါ်မလာတော့ခြင်း (ငှားသွားသောသူငယ်ချင်းများ မှာ နီးစပ်ရာ မဟုတ်ခြင်း)

၎) ထုတ်ဝေပြီးသော စာအုပ်အဟောင်းများမှာ ပြန်ရှာရန် မလွယ်ကူခြင်း။

စသည့်အချက်တို့သည် Hard-Copy စာအုပ်များကို စုဆောင်းရန် မလွယ်သည့် အချက်များပင်ဖြစ်သည်။ ထိုကြောင့် Soft-Copy စာအုပ်များ စုဆောင်းခြင်းက သာလွန်၍ လွယ်ကူ စေနိုင်ပါသည်။ ရန်ကုန်တွင် နေ့ရော ညပါ အင်တာနက် ကို သုံးဖြစ်ခဲ့သော်လည်း မြန်မာ စာအုပ်များကို အင်တာနက်တွင် လွယ်လွယ်ရှာ၍ ရမှန်းမသိခဲ့ပါ။ တခြား ဘာသာရပ်ဆိုင်ရာကိစ္စရပ်များတွင် အာရုံစိုက်နေခဲ့သောကြောင့် သော်၎င်း၊ သတင်းရနိုင်သော ၀က်ဆိုဒ် အချို့ကို လွယ်ကူစွာ သွားမရနိုင်ခဲ့၍ သော်၎င်း ဖြစ်ပေမည်။့ ဖိုရမ်များ ကို အ၀င်နည်းသောကြောင့်လည်း ဖြစ်နိုင်သည်။ အင်တာနက်စသုံးဖြစ်ခဲ့စဉ်က မြန်မာဖိုရမ်ဆိုသည်ကို တောင်စဉ် မရေမရ ပေါက်တတ်ကရထင်ရာမြင်ရာပြောသည့် နေရာများဟုသာ ထင်ခဲ့မိသည်။ ဖိုရမ်တွင်ပါဝင်ကြသူ အများစုမှာ လွတ်လပ်တက်ကြွသော လူငယ်အများစုသာ ဖြစ်၍ သူတို့ စိတ်ကူးတည့်ရာ ပြောချင်တာပြောကြမှာပေါ့။ ဝေချမ်းရေး လုပ်တတ်တာလည်း လူငယ်တွေပါပဲ။ ၀ါသနာတူ လူငယ်တွေပေါင်းမိပြီး အကျိုးပြု အိုင်တီဖိုရမ်တွေ၊ စာအုပ်တွေဝေငှတဲ့ ဖိုရမ်တွေ ၊ မြန်မာဝီကီပီဒီယလိုတွေ ပေါ်လာတာ ကောင်းတာဘက်ကို ဦးတည်လာတာဖြစ်လို့ ၀ိုင်းဝန်းအားပေးသင့်သည်ထင်ပါသည်။

Connection မကောင်းသည့်ကြားမှ ရှားပါးစာအုပ်တွေဝေမျှပေးတဲ့ ဖိုရမ် တွေမှ မင်ဘာများကိုလည်း တကယ်ပင်ကျေးဇူးတင်စရာကောင်းလှသည်။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ဆီမှ ဒေါင်းလုပ်ချရင်း ကိုယ်တိုင် ဝေငှတဲ့ အဆင့်ကို ရောက်မှန်းမသိရောက်နေပါပြီ။ ဂူဂယ်မှ စာအုပ်အဟောင်းများ ဒေါင်းလုပ်လုပ်ခွင့်ပေးသည့် သတင်းကိုမကြာသေးခင်က ရ၍ သွား အားပေးဖြစ်လိုက်သေးသည်။ ဘာပဲဖြစ်ဖြစ်လေ စိတ်ကူးယဉ်ခဲ့မိသော ထင်မထားမိခဲ့သော ကိုယ်ပိုင် စာကြည့်တိုက်လေးတစ်ခုတော့ စတင်မိခဲ့ပါပြီ။ မပြည့်စုံသော်လည်း ဘယ်လိုစုဆောင်းရင်ရနိုင်သည်ဆိုတဲ့ အိုင်ဒီယာလေးတစ်ခုတော့ ရသွားပါပြီ။



No comments: