Monday, September 17, 2018

ပျော်ရွှင်တဲ့ဘဝ အောင်မြင်တဲ့ နေထိုင်မှုပုံစံ



လူတွေနေ့စဉ်သုံးစွဲနေတဲ့ အရာတွေ ယာဉ် ယန္တရားကြီးတွေ စားသောက်နေတဲ့ အစားအသောက်တွေ ရှင်သန်နေရတဲ့ရာသီဥတုပတ်ဝန်းကျင်တွေ ရောဂါဖြစ်ပွားမှု စတာတွေနဲ့ ချိန်ဆ ကြည့်မိတဲ့အခါ လူ့အသက်ဟာ တဲတဲလေးပါလားလို့ နားလည်လာတယ်။ အင်္ဂလိပ်ဝေါဟာရအနေနဲ့ fragile ဖြစ်တယ်လို့ သုံးမလားမသိ။ နုနယ်လွန်းလှတယ်။ ခံနိုင်ရည်မရှိဘူး။ စာအရရေးရရင်တော့ ပေါ့ပါးသလိုရှိပေမယ့် သတိနဲ့ဆင်ခြင်တွေးတောတဲ့အခါ တကယ်ဖြစ်နေတာတွေ့ရတယ်။ အထိခိုက်မခံဘူး ပျက်စီးဆုံးရှုံးဖို့ အလွယ်လေးပဲ။

သက်တမ်းအားဖြင့်လည်း တိုတောင်းလွန်းလှတယ်လို့ သိလာတယ်။ ဖြတ်သန်းပြီးတဲ့နှစ်ကာလတွေဟာ သိပ်မကြာသလိုပဲ ဘာတွေ လုပ်ဖူးလဲ လုပ်ပြီးလဲ တွေးတဲ့အခါ မနေ့တနေ့က ဖြတ်ခဲ့ရသလို ဘာမှမကြာခဲ့ဘူး။ သမားရိုးကျမိဘ ဘိုးဘွားတွေ ကိုယ့်လက်ပေါ်တင် ဘဝကူးခဲ့သလို ဖြစ်မယ်ဆို နောက်ထပ် ကျန်နေတဲ့သက်တမ်း ဘာမှမကြာပဲ ကုန်ဆုံးမယ့်သဘောပဲ။

ဒီနေရာမှာ ဘဝဆိုတာ ရုန်းကန်ခြင်းရဲ့ အဓိပ္ပါယ် နောက်တမျိုးပဲဖြစ်မလား ရှိလာတယ်။ ကိုယ်တွေးတဲ့အပေါ်မူတည်တာပေါ့လေ။

ရုန်းကန်မှုတစ်ခုသာ ဘဝရဲ့ အရသာအနေနဲ့ရှိလာမယ်။ ရုန်းကန်မှုမရှိပဲ သက်သာလွန်းစွာနေထိုင်ခြင်းဟာ ဘဝကို အရသာမပါပဲမျိုချလိုက်သလိုပဲဖြစ်မှာပါ။ ကဲကွာ ဆန္ဒပြုလိုက်သမျှ အသပြာတွေ ဝင်ကြည့်စမ်း။ ဆန္ဒပြုလိုက်သမျှ တိုက်တာ နေအိမ် ကား ရွှေငွေ ဝင်ကြည့်စမ်း ကိုယ်ပြောလိုက်သမျှ ဖြစ်ကြည့်စမ်း။ ဘာမှမဟုတ်တော့ဘူး။ တကယ့်အနှစ်သာရ အရသာမဲ့တဲ့ ဘဝပဲ။ ရုန်းကန်တယ်ဆိုတဲ့ အရသာကို ခံစားလိုက်ပါ။

ဒေါသတွေရှိနေတာအတွက် နောင်တရပူပန်မနေနဲ့။ မောဟတွေရှိနေတာအတွက် စိတ်ဒုက္ခရောက်မနေနဲ့။ လောဘတွေရှိတာအတွက် ခွင့်မလွှတ်ဖို့ မဆုံးဖြတ်လိုက်နဲ့။ ဗျာပါဒ ဆိုတဲ့ စကားတလုံးက အဲဒါတွေကို ချုံ့ပစ်တယ်။

ဒေါသရှိလို့ လောဘရှိလို့ အတင်းအကြပ်ဖြုတ်ပစ်ဖို့ စဉ်းစားရင်း ဝဲသြဃထဲ ရေတိမ်နစ်နေဆဲ တပုံရှိ။ ကိုယ်တိုင်ဖြုတ်လို့မရသေးသလို မဖြုတ်ရကောင်းလားလို့ တပါးသူရဲ့ အခွင့်အရေးအပေါ်မှာပါ ဒေါသတရား ထပ်ပွားတယ်။ ဝေဝေးဝါးဝါးလုပ်နေရကောင်းလားလို့တောင်တောင်အီအီတွေးတောရင်း မောဟ ရဲ့ အနက်ဆုံးအပိုင်းကို ကိုယ်တိုင်ရောက်လာတယ်။ ဒီကောင်လောဘ ရှိရကောင်းလားလို့စဉ်းစားရင်း အတ္တနဲ့ပေါင်း ကိုယ့်လောဘကိုယ်မသိဘူး။

အကောင်းဆုံး စိတ်အခြေအနေ တခုဟာ စိတ်ဆင်းရဲခြင်းမဟုတ်တာသေချာတယ်။ တစ်ခုသိရမှာက အများလက်ခံနေတဲ့ ပျော်ရွှင်မှု စိတ်အခြေအနေလည်းမဟုတ်ဘူး။ ပျော်ရွှင်မှုကိုရှာနေသရွေ့ စိတ်ဆင်းရဲခြင်းဆိုတာလည်း ရှိနေအုံးမှာပဲ။ ပြေလည်မှုကိုရှာနေသရွေ့ မပြေလည်မှုက ရှိနေမှာပဲ။ လူ့သဘာဝ ပြေလည်မှု ဆီကို သူ့ဘာသာရွှေ့တတ်တယ်။

ဗျာပါဒ ကို နိဝရဏ ပိတ်ပင်တတ်တဲ့ အရာလို့ နားလည်ရင်တော့ Key တစ်ခုရှိတာတွေ့လိမ့်မယ်။ လောဘ ဒေါသ မောဟတွေနဲ့ ဗျာပါဒ မဝင်စေနဲ့။ လုပ်ခဲ့တာတွေ ဖြစ်ခဲ့တာတွေအပေါ် နောင်တတွေထွေးပိုက်မထားနဲ့။ မဖြစ်သေးတာတွေအပေါ် ထားစရာမလိုအပ်။ အောင်မြင်တဲ့ လူသားဖြစ်ဖို့ ပိတ်ပင်ထားတဲ့ ကန့်လန့်ကာဟာ ငါးမျိုးပဲရှိတယ်။ ပိတ်ပင်တတ်တဲ့အရာ ငါးမျိုးပဲရှိတဲ့ အထဲ နှစ်မျိုးလွတ်ရင်ပဲ တကယ့်လူသား။

လွတ်တယ်ဆိုတာမမျှော်မှန်းရင်တောင် သုတမယ လောက်နဲ့ ကမ္ဘာမြေမှာ ငြိမ်းချမ်းရေးတွေ သီးပွင့်နေပြီ။

ဗျာပါဒ အပေါ်သတိတရားရှိခြင်းက လက်မြှောက်အရှုံးပေးတာမဟုတ်။ ဒါက စကားချပ်။ လူသားသမိုင်းမှာ လက်မြှောက်အရှုံးပေးမှု ဆိုတာမရှိဘူး။ (ဒီနေရာမှာ စောဒက တက်စရာ မေးခွန်းရှိနိုင်ပေမယ့် မရေးတော့)။

ဒေါသ လောဘ မောဟ ဟာ ပါဝင်သူတွေအပေါ်  အလုံးစုံ ပျက်စီးရေးလို့ နားလည် လက်ခံပြီးသူတွေသာ  ဒါဟာဖတ်စရာတစ်ခုအနေနဲ့ရှိမယ်။ မဟုတ်ရင် မမေးနဲ့ မေ့လိုက်ပါ။

လောဘ ဒေါသ မောဟ လျော့နိုင်သမျှ လျှော့ရင်း သက်တောင့်သက်သာရှိတဲ့ ဘဝတွေတည်တောက်နိုင်စေဖို့ပဲရည်ရွယ်တယ်။ လောဘကိုသတ်လို့ သေစရာအကြောင်းမရှိဘူး လောဘပျောက်သွားစရာအကြောင်း မရှိဘူးလို့ထင်ရလောက်အောင် လောဘတရားဟာ လူသားတွေအပေါ်မှာကြီးစိုးတယ်။ လျော့သွားတဲ့အတွက် မှန်ကန်တဲ့လမ်းကြောင်း ရှိသင့်သလောက် (တကယ်တော့ ရှိသင့်သလောက်ဆိုတာမဟုတ်ဘူး) ပဲရှိလာပြီး မိတ်ဆွေတွေ အသိုင်းအဝိုင်းတွေ ကျယ်ပြန့်လာမယ်။ ပိုကောင်းတဲ့ အကျိုးစီးပွားတွေဖြစ်လာမှာပဲ။ ဘယ်လောက်ပဲ လောဘသတ်သတ် လောဘ သေမသွားသေးတဲ့အတွက် အတ္တ ငါစွဲ ငါ့ဟာသဘောအရ သူ့ထွက်ပေါက်အတွက် လောဘဟာ ရှာနေတုန်းပဲ။

တစ်ခုပါပဲ လောလ ဒေါသ မောဟ လျော့ခြင်းဟာ လက်ရှိ အကျိုးကို လုံးဝ မထိခိုက်စေတဲ့ အပြင် ပိုတိုးပွားတဲ့ အကျိုးစီးပွား ရလာမှာ အသေအချာလို့ပဲပြောပါရစေ။ ပိုကောင်းဖို့ လျော့လိုက်ပါ။

မိမိရောက်ရာအနေအထားအပေါ် မကြေနပ်သူတွေ လောဘဒေါသမောဟ ဖြုတ်ပစ်ရင်း ထပ်ဆင့်လောင်း ကြီးလာသူတွေ လောဘသည်သာ လတ်တလောအကျိုးစီးပွား အပေးနိုင်ဆုံးမြင်နေသူတွေ ဖြစ်ခဲ့တာတွေအပေါ်နောင်တတရား မဖြစ်သေးတာတွေအပေါ် ဗျာပါဒတရားရှိသူတွေအတွက်ပါ။

Do right things. အယူအဆ နဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေ
Do things right. အယူအဆနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း အကျုံးဝင်ပါတယ်။ သူတို့မှာလည်း အတ္တ သက္ကာယ ကိုယ်ကိုအမှီပြုပြီး တမျိုးတဘာသာ နူးညံ့တဲ့ လောဘ ဒေါသ မောဟ တရားတွေ ရှိနေတာကြောင့်ပါပဲ။

ငြိမ်းချမ်းတဲ့ လောက တည်ဆောက်ဖို့ မှန်ကန်တဲ့အမြင် သမ္မာဒိဌိတရား ရှိဖို့ လိုသေးကြောင်း သတိပေး လက်တို့တာပါ။ သတ္တဝါတမျိုးဖြစ်တဲ့ လူကို နားလည်ခြင်း အကြောင်းပါ။

ရုပ်ဝတ္တုပစ္စည်းတွေတိုးတက်သလို စိတ်ချမ်းသာမှု ညွှန်းကိန်း မြင့်တဲ့နိုင်ငံ ဖြစ်လာစေဖို့ပါပဲ။

No comments: