Saturday, April 10, 2010

ပြည်ကြီးငါး ဆီပြန် နဲ့ ပဲဆူးပုပ် ကြော်


ငယ်ငယ်က စားဖူးခဲ့တာ တွေ ချက်စားဖြစ်တယ်။ အရသာတွေကို မှန်းဆရင်း ချက်လိုက်မိတာ အဆင်ပြေသွားတာနဲ့ ဘလော့ မောင်နှမတွေကို မျှဝေလိုက်ပါတယ်။ စားဖြစ်လိုက်တဲ့ နေ့လည်စာကတော့ ပြည်ကြီးငါး ဆီပြန်ချက် နဲ့ ပဲဆူးပုပ်ကြော် ဖြစ်ပါတယ်။ ငံပြာရည်ချက်နဲ့ တို့စရာအဖြစ် သရက်သီးကင်း ရေစိမ်၊ ရုံးပတီးသီး ရေနွေးဖျော တွေ လည်း ပါသမို့ တသက်မမေ့စရာ နေ့လည် စာပဲ ဖြစ်ခဲ့ပါတော့တယ်။ (ဓါတ်ပုံမှာပါတဲ့ Sekt ပုလင်းကတော့ စိုက်ထားတဲ့ အပင်တွေ ရေလောင်းတာပါ ငှဲငှဲ)။




ပထမဦးဆုံး ပြည်ကြီးငါးကို ရေစင်စင်ဆေး၊ အကွင်းလိုက် ကြီးကြီးတုံး လို့ ဆား၊ အချိုမှုန့် နယ်ထားရပါမယ်။ (သတိထားစရာအချက်ကတော့ ပြည်ကြီးငါးတွေကို မာတောင့်စေဖို့ အထဲမှာ ပလတ်စတစ် ချောင်း တစ်ချောင်းထည့်ထားတာကို ရောမလှီးမိဖို့ပါပဲ)။ ကြက်သွန်နီ ဖြူကို ပါးပါးလှီး၊ ဆီပူပူမှာ ထည့်ကြော်၊ ကြက်သွန်နံ့များသင်းလို့ နွမ်းသွားတဲ့အခါ ငြုပ်သီး အကြမ်းမှုန့် အနုမှုန့် ကို ၂ ဇွန်းစာ ခပ်ထည့်ပြီး အနံ့ထွက်လာသည်ထိ ကြော်ပါတယ်။ နောက် ခပ်သေးသေးစိပ်ထားတဲ့ ခရမ်းချဉ်သီးကို လိပ်သွားအောင် မီးအေးအေးမှာ ထပ်ထည့်ပြီး ကြော်ပါတယ်။ ခရမ်းချဉ်သီးတွေ လိပ်သွားပြီဆိုရင် စောစောက အသင့်ပြင်ထားတဲ့ ပြည်ကြီးငါးကို ထည့်ပြီး မီးအသင့်အတင့်မှာ ဆီပြန်ပြီး ကျက်သည်အထိ ကြော်ချက် လေး ချက်လိုက်ပါတော့တယ်။

ပဲဆူးပုပ်ဟင်းအတွက်ကတော့ ပဲကတ္တီပါ တစ်ဖြစ်လဲ အသင့် စားသုံးယုံ စည်သွတ် Kidney Bean ပဲဗူး ဗူးကြီး တစ်ဗူး နဲ့ အာရှဆိုင်တွေက ရတတ်တဲ့ ဆူးပုပ်ကြီးကို အဓိက အသုံးပြုပါတယ်။ ဒီနေရာမှာ စားကောင်းတာက အညာမှာ တွေ့လေ့ရှိတဲ့ ဆူးပုပ်လေး မဟုတ်ပါဘူး၊ ဆူးပုပ်ကြီးပါ။ ပါးပါးလှီးထားတဲ့ မျှစ် ကိုလည်း ထည့်ကြော်ရင် ကောင်းပါတယ်။ ပထမဦးဆုံး ဆီပူပူမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို အနံ့ထွက် နွမ်းသည်ထိ ကြော်ပြီးတာနဲ့ ပဲဗူးကို ဖောက်ထည့်ပြီး ဆား၊ အချိုမှုန့် ခပ်ပါတယ်။ နောက် ဆူးပုပ်ရွက် နုနုလေးတွေကို ကိုင်းမသင်ပဲ ရေဆေးပြီး ပဲထဲမှာ ဒီအတိုင်းနှစ်လိုက်ပါတယ်။ နောက် ပါးပါးလှီးထားတဲ့ မျှစ် အနည်းငယ် ထပ်ထည့်ပြီး အပေါ့အငန် မျှသွားအောင် အနည်းငယ် ရောမွှေပေးလိုက်ပါတယ်။ ရေမခမ်း တခမ်းမှာ မီးဖိုပေါ်က ချလို့ စားလိုက်မယ်ဆိုရင်တော့ ဆူးပုပ်နဲ့ မျှစ်နံ့သင်းနေတဲ့ ပဲတ္တီပါ ကြော်ချက်ကို ရပါတော့တယ်။

တို့စရာအဖြစ် အာရှဆိုင်ကနေ ဆွဲလာတဲ့ သရက်သီးကင်းကို အစိတ်လေးတွေ စိတ်လို့၊ ရုံးပတီသီးနုနုကို ရေနွေးဖျော နဲ့ မြန်မာတို့ အကြိုက် ငံပြာရည် ကြော်ချက် နဲ့ တို့မြှုပ်ကာစားဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ငံပြာရည်ချက်တာ အရှင်းဆုံးပါ။ ကြက်သွန်ဆီသတ်ကို ငံပြာရည်လောင်းထည့်ပြီး မီးဖိုပေါ်မှာ ၅ မိနစ်ခန့် တင်ထားမယ်ဆို ရပါပြီ။

အငန်တွေ ပါသမို့ ရေငတ်ဖြေဖို့ Green Tea ၂ ထုတ် ကို လ္ဘက်ခြောက်အစား သုံးပြီး ရေနွေးကြမ်းပါ စီစဉ်ထားလိုက်ပါတယ်။ ကြွားစရာရှိပါသေးတယ် ၄၅ ဆင့် နဲ့ ၀ယ်လာတဲ့ မြေကလုံးဆွဲ နှင်းဆီကိုင်းကလေးကနေ ရက်ပိုင်းအတွင်း အပင်ကြီးဖြစ်လာတာမို့ မကြာခင်ပွင့်တော့မည် ဆိုတဲ့အကြောင်း မဟာဆန် အရမ်းပျော်နေပါကြောင်း ပွင့်တဲ့ အခါမှာလည်း နောက်တပို့စ် တင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။


Type your summary here.

Type the rest of your post here.

2 comments:

Anonymous said...

စားပြီးဇက်ကြောတက်လာတာနော် ............

၄၅ ဆင့် နဲ့ ၀ယ်လာတဲ့ မြေကလုံးဆွဲ နှင်းဆီကိုင်းကလေး.....ဈေးတော်လိုက်တာနော်
အနဲဆုံး အပင်အစစ်ကလေ ၁.၄၅€ ရှိတာ အတုဆိုလည်းဈေးကြီးတာဘဲ............

စောင့်ကြည့်နေမယ်နော် နှင်းဆီပန်းကဘာအရောင်လေးဆိုတာကို.....
အမည်းရောင်ဆိုမကြိုက်ဘူး..

ရေတမာ said...

စားသောက်ပြီး အိပ်ကောင်းမှာ မြင်ယောင်သေးတယ်။ အကြောတက်စာတွေ။။း)))))) ကျနော်ပြောတဲ့ ဟင်းတွဲတွေ ချက်မစားဘူးလားးP အကိုနဲ့အမကို ရေလောင်းမယ် (((((((((((((((ဗွမ်း)))))))))))))))) မင်္ဂလာရှိသော နှစ်သစ်မှာ အဆင်ပြေ ပျော်ရွင် ချမ်းမြေ့ကြပါစေ