Sunday, September 6, 2009

ပျူစာ


ဘာရယ်မဟုတ် ဂူဂဲလ် ဘုတ်မှာ ပျူစာ ရှာတွေ့လို့ မြင်ဖူးတယ်ရှိအောင် တင်ပေးလိုက်တယ်..။ ဒီရက်ပိုင်း အဲဒါတွေ စိတ်ဝင်စားဖြစ်အောင် ၀င်စားနေမိတယ်...။ ရှေးခေတ်က ပျူတွေများ တယ် ချမ်းသာလိုက်ပါလား ဗုဒ္ဓဘာသာကို ကြည်ညိုလိုက်ပုံများ ရွှေပြားအစစ်ပေါ်တင်ရေး သတဲ့..။ (မှော်ဇာက လယ်သမားကြီးတစ်ယောက် သူ့လယ်မှာ တွေ့လို့ ပြတိုက်အပ်ခဲ့တယ် အခု မှော်ဇာပြတိုက်မှာတော့ ဓါတ်ပုံပဲရှိတော့တယ်) တစ်ခေတ်တစ်ယောက်လို့ နံမည်ကြီးတဲ့ ဒေါက်တာသန်းထွန်းကတော့ ပျူ ဆိုတဲ့ လူမျိုး ဘယ်ရောက်သွားလဲလို့ မေးတဲ့ အခါမှာ ငါဒီမှာရှိတယ်ဟေ့လို့ အော်တယ်ဆိုပဲ..။ ပျူဆိုတာ ပါးစပ်ရာဇ၀င်မှာ ငါစကောစစ်လာပြီဆိုတဲ့ ကောလဟလ ကြောင့်ပျက်တယ်ဆိုပေမယ့် ပတ်ဝန်းကျင် ပေါက်ဖော်ကြီးဆီက တရုတ်ရှေးမှတ်တမ်းတွေ ယူကြည့်တိုက်ကြည့်တဲ့ အခါ နန်ကျောင်တရုတ်တွေ ၀င်လာလို့ ပျက်တာလို့ စာတမ်းတစ်ချို့ က ဆိုကြတယ်..။ သူ့နောက်ခေတ်မှာ ကြီးကျယ်တဲ့ ပုဂံခေတ်ရောက်တော့ ဗုဒ္ဓဘာသာမှာ အရောအနှောတွေ များလွန်းလို့ ဗုဒ္ဓဘာသာပျောက်သလောက်ဖြစ်သွားပြီး ရှင်အရဟံ လာကယ်မှ ဗုဒ္ဓဘာသာပြန်ထွန်းကားခဲ့တယ်..။ နောက် ပိဋကတ်သုံးပုံ မရှိရှာတော့ မွန်နေပြည်တော် သုဝဏ္ဏဘူမိ ခေါ် သထုံ ကို သွားတောင်းယူရတယ်..။
တကယ်တော့ ဗုဒ္ဓဘာသာဟာ ပျူတွေ ခေတ်မှာကတည်းက ကောင်းစွာထွန်းကားခဲ့ပြီးလို့ ဆိုတယ်.။ ဗိုလ်မှူးဘရှင်ရေးတဲ့ ပျူပဒေသရာဇ်စနစ်ကို ဖတ်ကြည့်ရင် ပျူခေတ်အကြောင်း စိတ်ဝင်စားဖွယ်တွေ့လိမ့်မယ်..။ ဘုရင်ကို မဟာရာဇာလို့ ခေါ်ပြီး နန်းရင်းဝန်ကို မဟာသေနာပတိ လို့ခေါ်တယ်။ ဘုရင်ဟာ ရွှေကြိုးခတ် ယာဉ်ကို စီးပြီး ထွက်လေ့ရှိတယ်.။ ပန်းပဲ ပန်းပု ဗိသုကာ ပန်းထိမ် ပန်းရံ ပန်းတမော့ ပန်းတဉ်း မြေအိုး လုပ်ငန်း စဉ့်လုပ်ငန်း ရွှေငွေ ကျောက်မျက်ရတနာထုတ်လုပ်ငန်း စတာတွေကို ခုခေတ် အသိနဲ့ ယှဉ်ကြည့်ရာ အံ့သြဖွယ်ရာ တော်ခဲ့ကြတယ်ဆိုတာ သိရတယ်။ ဒင်္ဂါး လုပ် သုံးတတ်တဲ့ အကျင့်ရှိနေခဲ့တာ အံ့သြစရာတစ်ခုပဲ။ နိုင်ငံခြား ဆက်ဆံရေးမှာလည်း အိန္ဒိယ မလေး နန်းစော တွေနဲ့ အပြန်အလှန်ဆက်သွယ်မှု ရှိတယ် ဆိုတယ်။ ဒီအဖြစ်အပျက်တွေကို ပေါက်ဖော်ကြီးတွေရဲ့  ဘိုးဘေးတွေ ရှေးခဲ့တဲ့ ဟန်တရုတ် ရာဇ၀င်မှာပါလို့သိခဲ့ကြတာ။ ပျူခေတ်က ယဉ်ကျေးမှု အဖွဲ့တောင် တရုတ်ကြီးဆီရောက်သေးဆိုပဲ။


ဘာသာရေးကိုလည်း ဘယ်လောက်ကိုင်းရှိုင်းကြသလဲဆိုရင် အသက်သတ်မိမှာစိုးလို့ ပိုးချည်ပါတဲ့ အ၀တ်မ၀တ်ကြဘူး။ ချည်ပဲဝတ်ကြတယ်။ အသက် ခုနှစ်နှစ်ရောက်ရင် သာသနာ့ဘောင်ဝင်ရတယ် ဆိုတဲ့ အထိ တရုတ်ကြီးတွေကလည်း တိတိကျကျရေးထားတယ်။ အုပ်ချုပ်ရေးမှာလည်း စံနမူနာယူစရာကောင်းလောက်အောင် ခေတ်မီတာ တွေ့ရတယ်။ ရုပ်ထက် စိတ်ဓါတ်ကို ဒဏ်ပေးတဲ့ စနစ်သုံးတယ်။ တကြိမ် ကျူးလွန်ရင် ဆုံးမလွှတ်တယ်။ နှစ်ကြိမ်ကျူးလွန်ရင် ကျော ကို ငါးချက် ရိုက် ဆုံးမတယ်ဆိုတယ်။ သူ့အသက်သတ်သူကိုတော့ ကိုဓ (code law) ကို လိုက်တယ်ပြောရမလားမသိ။ သေစားသေစေ ဆိုပဲ။ ဒီနေရာမှာပြောရရင် ဥရောပသားတွေ ပြောနေတဲ့ France Law (code law) တော့ ပျူတွေ ခိုးမချလောက်ပါဘူး။ နှစ်ဦး တရားရင်ဆိုင်ရတဲ့အခါ တရားသူကြီး (မင်းဧကရာဇ်) လုပ်သူက ဘုရားကြီးရှေ့ ခေါ်သွားပြီး ဆီမီးပန်းပူဇော် နောက် မိမိ အမှားကို မျက်စေ့မှိတ်လို့ ငြိမ်သက်စွာ ပြန်စဉ်းစားစေတယ်။ မိမိ အမှားအမှားကို သိပြီးပြေလည်သွားကြတာများတယ်။ ဘုရားရှေ့မှာ စိတ်နဲ့ တောင် မလိမ်ဝံ့ကြဘူးဆိုတယ်။

ပျူတွေဟာ အဲဒီခေတ်မှာ လူနေမှု နဲ့ စိတ်ဓါတ်ရေးရာ စံနမူနာ ယူစရာအကောင်းဆုံးတွေဖြစ်ကြောင်း နန်စောတွေ ဆီကတဆင့် ရောက်လို့ ဆက်သွယ်ဖြစ်လာတဲ့ ထန်တရုတ်မှတ်တမ်းတွေမှာတွေ့ရတယ်။ အစစ အရာရာမှာ နူးညံ့သိမ်မွေလွန်းပြီး အထက်တန်းကျလွန်းတော့ သူတစ်ပါးအပေါ်အပြစ်လုပ်မိမှာ ကို တွေးမိရွံကြောက်ကြတဲ့လူမျိုးတွေ ဖြစ်ခဲ့ကြတယ်။ (ဒါကြောင့်ပြောပါတယ် ယဉ်ကျေးလွန်းရင်မကောင်းပါဘူး . ကျွန်တော်ပြောတာမဟုတ် ဗိုလ်မှူးဘရှင်ပြောတာပါ ..လွှဲချတာ)။ ဒါကြောင့် အလယ်အလတ်လမ်းက ထက် ကျော်လွန်ပြီး အစွန်းရောက်ခဲ့ကြလို့ အေဒီ ၈၃၂ မှာ နန်စောတွေ ၀င်တိုက်တဲ့ အခါ (ဘာဖြစ်သည်မသိ စောစောကတော့ ယဉ်ကျေးမှုအဖွဲ့တွေဘာတွေ သွားပြီးတော့) သုံ့ပန်း သုံးထောင်ကျော် အဖမ်းခံရပြီး နန်စော အရှေ့ပိုင်းမြို့ (Chetung) ယခု ယူနန်ဖူ အနီးကို ရောင်းစားခံလိုက်ရတယ်လို့သိရတယ်..။ (သွားရှာရင် အဘိုးတို့ကို များတွေ့ရလေမလားမသိ) အဲဒီမှာ သရေခေတ္တရာပျူနိုင်ငံလည်း တစ်စတစ်စ ပျက်တော့တာပဲ။ ကဲ ပေါက်ဖော်ကြီးတို့များ အစဉ်အဆက်မျက်ခြေ မပြတ် တောက်လျှောက်ကိုမှတ်တမ်းတင်လာတယ်။ ငါတို့ကို ချစ်လိုက်တာ။

ပြည်က ခေတ္တရာမြို့သစ်မှာနေတုန်းက ရှေးဟောင်းမြေနေရာတွေ ရောက်ပေမယ့် သိပ်ထူးထူးခြားခြားမခံစားရဘူး နောက်ပိုင်း ဟိုစပ်စပ် ဒီစပ်စပ် လျှောက်ဖတ်ရင်း ပျူအကြောင်း စိတ်ဝင်စားစွာတွေ့လာရတယ်။ ကိုယ်နေခဲ့တဲ့ အိမ်နားက မြင်ကွင်းတွေ ကိုယ် ထန်းရည်မူးပြီး သွားအိပ်ခဲ့ဖူးတဲ့ ဘုရားကြီး ဘောဘောကြီးစတာတွေ မြင်လာတယ်။ နိုင်ငံခြားသားတွေ လုပ်ထားတဲ့ စာတွေပုံတွေ အနည်းငယ်ယူကြည့်မိမှ ခေတ္တရာမြို့သစ်အလွန်က ခြောက်ကပ်ကပ် မှော်ဇာပြတိုက်ကို တန်ဖိုးထားရကောင်းမှန်းသိလာတယ်။ ပုတီးစေ့တွေ အိုးခြမ်းကွဲတွေ ကျောက် အရိုးအိုးတွေ ဒင်္ဂါးတွေကို ဂုဏ်ယူစရာတွေမှန်းသိလာရတယ်။ ပျောက်ကွယ်သွားတဲ့ ပျူ အသံထွက်ဘယ်လိုလဲမှန်းဆကြည့်မိတယ်။ စာနဲ့ အရိုးအိုးပေါ်မှာ မှတ်တမ်းတင်ခဲ့တဲ့ ပျူစာတွေ ဖတ်တတ်ချင်လာတယ်။ (တောက်...ပျူခေတ်က ၀တ္တုတစ်အုပ်လောက် ကောက်ရရင် ဘယ်လောက်ကောင်းမလဲမသိဘူး။ ရောင်းစားမလို့) ရွာက လူတစ်ချို့  ခေတ္တရာမြို့သစ်အပြင်ဖက်မှာ မြေတစ်ကွက်ဝယ်ပြီး ရှေးဟောင်းပစ္စည်းတူးတာကြားဖူးတယ်။ ရွှေပန်းကန်ပြားရတော့ ဒါမျိုးနဲ့ ထမင်းတစ်ခါလောက်စားအုံးမှပဲဆိုပြီး ပဲပြုတ်နဲ့ နယ်ပြီး စားလိုက်တာ ချေးပန်းလို့ မနည်းဆေးကုယူရဆိုပဲ။ အရပ်က ပြောတာတော့ ဟိုက ဘုရင်စားတာလားမသိ တန်ရာတန်ရာမလုပ် ရွှေပန်ကန်ပြားနဲ့ မှ သွားစားလို့ ဆိုတာကိုး။

လေကန်တာများသွားပြီ ဗိုလ်မှူးဘရှင်စာတမ်း နဲ့ ပျူစာတွေကို အောက်ပါလင့်ခ်တွေမှာသွားကြည့်နိုင်တယ်။ No.4 ကတော့ ပုရပိုက်တွေ ၀ါသနာပါရင် သွားကြည့်ဖို့ပါ။ ဒါထက်ပိုလာရင်တော့ မသက်ဇင် နဲ့ ရှေးမြန်မာ ကို သွားဖတ်ကြည်ပေတော့။

1.http://www.lib.washington.edu/myanmar/
2.http://www3.aa.tufs.ac.jp/~sawadah/ODSEAS/burminsc-e.html
3.http://myanmarelibrary.com/parabike/html-sub/sub-main.htm

6 comments:

Nge Naing said...

သိပ်ပြီး မှတ်သားစရာ ကောင်းတဲ့ ပို့စ်လေးပါပဲ စုစည်းတင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီပို့စ်ကို ကျွန်မဘလော့ဂ်မှာ နောက်ပိုင်းပြန်ဖေါ်ပြချင်ပါတယ်။ အခုမဟုတ်ပါဘူး။ ခွင့်ပြုမယ်မဟုတ်လား။

မင်းညို said...

Ma Nge Naing<< ရပါတယ်ဗျာ...

သားကြီး said...

တန်ဖိုးရှိတဲ့ပိုစ်လေးတစ်ပုဒ်ပါပဲ
ကျေးဇူးကိုမင်းညိုရေ

Unknown said...

ပျူလူမျိုးတွေ အခုချိန်နေသေးလား မသိဘူးနော်
နောက်ပြီး ပျူနိုင်ငံဆိုတာကရော မြန်မာနိုင်ငံရဲ့ ဘယ်ဘက် အပိုင်းမှာ တည်ရှိနေလဲ မသိဘူးနော်
သိခဲ့တဲ့လူရှိရင် ကျေးဇူးပြီးဖြေပေးစေချင်ပါတယ်
ကျနော် လူမျိုးတစုရဲ့ သမိုင်းအကြောင်းကိုစိတ်ဝင်စားလို့ပါ

မင်းညို said...

Pyay ( Srikhittaya), Halin (near wat leg and shwebo), Baikthano(near taung dwin gyi) are ancient pyu cities). According to chinese history, there were 31 pyu cities for defence (number may be wrong). Phu country were wide nearly the same with today Myanmar. Gawon old city which was built with blocks of rock near Ingapur in Ayeyawaddy division is believed as pyu city. Pateegon near pyay might be pyu city. Dr. Than Htun is very greate person for historical subjects. Find and read his literatures please. Sorry for english message. My ph has no Burmese keyboard..
Yrs sincerely
Minnyo

akariphyuphyu said...

ကျွန်မသင်ခန်းစာအတွက် များစွာအထောက်အကူရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်. .