Tuesday, October 14, 2008

ရွာကလေး

ရွာကလေးသည် ကျွန်တော့်ထက် တစ်နှစ်ငယ်ပါသည်။ ဧရာဝတီမြစ်ကမ်းပါး ပြိုမှုက ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်နေခဲ့သော လက်ပံကားယားရွာကို နာမည်ပါမကျန် တိုက်စားသွား ခဲ့သည်။….

ထို ရွာပြောင်းစဉ် အခိုက်မှာ ကျွန်တော့်ကို မွေးခဲ့သည် ဟုဆိုပါသည်။…

ရွာကလေး မတည်ခင် ခေတ္တနေထိုင်ရာ ထိပ်ဦးဟု အမည်ပေးထားသော နေရာတွင် မွေးခဲ့သည်လို့တော့ အဖွားကပြောသည်။….

ဒီလို့နှင့် ကျွန်တော့် အဘီ အဘင်တို့သည် ဧရာဝတီမြစ်ပြိုလိုက် ရွာပြောင်းလိုက်ဖြင့် နှစ်ရွာတိတိပြောင်းပြီးမှ သည်ရွာကလေးကို တည်ဖြစ်ခြင်းဖြစ်သည်။…..

ကျွန်တော်သိတတ်စ အရွယ်မှာတော့ ရွာကလေး ကျွန်တော်နှင့် တန်းတူ ရွာလားမြောက်နေပါပြီ။ အိမ်ခြေ တစ်ရာခန့် နှင့် ပတ်ဝန်းကျင်တွင် ထိစပ်တည်ရှိနေသော ရွာကြီးများနှင့် ယှဉ်လျှင် တကယ့်ကို နုပျိုသစ်လွင်လျှက် စိမ်းလန်းလှပါသည်။….

ရွာတန်းရှည် အမျိုးအစားဖြစ်၍ နေသည် ရွာထိပ်မှထွက်၍ ရွာအနောက်သို့ ၀င်ပါသည်။ ရွာကလေးသည် ဟိုဖက်ထိပ် ဒီဖက်ထိပ် ဒိုးယိုပေါက်မြင်ရလောက်အောင် ဖြောင့်တန်းစွာ တည်ရှိသည်။ ကျွန်တော်နေသော အစ်မ (အဖွား) အိမ်သည် မြောက်ဖက်သို့ မျက်နှာမူလျက်ရှိသည်။…..

ရွာတွင် တောင်ဖက်မျက်နှာမူသော အိမ်နှင့် မြောက်ဖက်မျက်နှာမူရာ အိမ်ဟူ၍ သာရှိသည်။ တောင်ဖက်မျက်နှာမူရာ အိမ်များ၏ နောက်တွင် မိုးတွင်း ဧရာဝတီမြစ်ရေ များ ရွာကို မဖုံးလွမ်းစိမ့်သောငှာ ဧရာဝတီမြစ်ရိုးတစ်လျှောက် တာရိုးတစ်ခုကို တည်မြဲ နှင့် သန့်ရှင်း ပါတီမဲဆွယ်စဉ် တည်မြဲ ဖက်မှ အမတ်တစ်ဦး ဆောက်လုပ်ပေးသွားခဲ့သည်။….

နှစ်စဉ် ပြုပြင်မှုကြောင့် တာကလေးမှာ ရွာရှိ အိမ်များထက်ပင် မြင့်နေပါပြီ။

နှစ်စဉ် မြစ်ရေကြီးတိုင်း စိုးရိမ်ရေမှတ် သတင်းသည် ရွာ၏ စိတ်ဝင်စားစရာနေ့စဉ် သတင်းတစ်ပုဒ်ဖြစ်သည်။ တာကျိုး၍ ရေဖုံးလွှမ်းမည်ကို ကြောက်သောကြောင့်ဖြစ်သည်။….

ပြောရလျှင် တာကလေး ဘယ်လောက် ရှည်သလဲ ကျွန်တော်တကယ်မသိပါ။ တာ အဆုံး ထိရောက်အောင် မသွားဖူးသောကြောင့်ဖြစ်သည်။…..

တစ်ချို့ကတော့ မိုးညိုထိ ရှည်သည်ပြောကြသည်။…..

နှစ်စဉ် ဧရာဝတီရေကြီးတိုင်း တာကလေးပေါ်ကို ရွာရှိ လူကုန်ထွက်ကြလေသည် လှေစီးသူစီး၊ လင်းဘက်ထိုးသူထိုး၊ မြှုံးထောင်သူထောင် ပျော်စရာကြီးဖြစ်သည်။…..

ကလေးတသိုက်ကတော့ တာလမ်းတစ်လျှောက် ကျောင်းပြန်လာရင်း ကျောင်းဝတ်စုံချွတ် ရေဆင်းကူးရ တာ အရသာ ဟုထင်ပေမည်။ ညနေ နေ၀င်ရီတရောဆို တာလေးပေါ်ကို မထွက်သူ မရှိချေ။….

အမေ သက်ရှိထင်ရှားရှိစဉ် ဈေးဆိုင်တည်သောကြောင့် လိုအပ်သောကုန်များအတွက် ဦးပေ ဟုခေါ်သော လှေသမားကြီးတစ်ယောက်ကို နှစ်ရက်တစ်ခါ ကြံခင်းမြို့ သို့ ဈေးမှာရလေ့ရှိသည်။…..

ထိုခေတ်က ရွာကလေးတွင်မော်တော်ဘုတ်များ ခေတ်မစားသေးပါ။ ဧရာဝတီမြစ်ပြင်ကျယ်တွင် ရွက်တိုက်လှေစီး ရင်း လှေမှောက်မှာ ကြောက်ရွံမိပုံကို ပြန်တွေးမိပါသည်။….

ကြံခင်းမြို့လေးရှိ တေးသံသွင်း ဆိုင်များမှ ဦးပေ သွင်းယူလာသော ပန်းချီလေးဝင်း၊ ဂီတစာဆိုမောင်ကြေးမုံ၊ ကက်ဆက်ခွေများကို နားထောင်ရင်း ဈေးဝယ်လာသူ တစ်သိုက်နှင့် အပန်းဖြေခဲ့ကြဖူးသည်။…..

ရွာလယ်မှ စီးပွားရေးအကွက်မြင်သော အဖေ့အဒေါ်တစ်ယောက်က တီဗွီဝယ်၍ ပြစားတော့မှ သူတို့ရွာ တီဗွီခေတ်ကို ရောက်ခဲ့ကြသည်။ ဒါတောင် အသံချက်စက် ကက်ဆက် ဇာတ်လမ်းခေတ် ခုထိ မကုန်သေးပါ။……

ဒါကစပါးပင်လို့ ခေါ်တယ်မမိုးရဲ့ ဆိုသော သိန်းတန် ချစ်စံပယ် သီချင်း ခွေများ လွှမ်းမိုးဆဲ၊ ဟင်္သာတ ထွန်းရင် အောင်တင်ဝင်း သီချင်းများ လွှမ်မိုးဆဲ။…….

ရံဖန်ရံခါ စိန်အောင်မင်းမြိုင်ထ ကက်ဆက်ဇာတ်လမ်းများကြားရဆဲ။ ဂီတစာဆို မောင်ကြေးမုံ၏ ပေါက်စီနဲ့ ပေါင်မုန့် သူတောင်းစား ဇာတ်လမ်းသည် ရွာသားများ လသာသာကွပ်ပျစ်တွင် နားရင်း နားထောင်ရာ ဟာသ ကက်ဆက်ဇာတ်လမ်းတစ်ခုဖြစ်လေသည်။ ……

ကက်ဆက်ဇာတ်လမ်းနားထောင်သည်ဆို၍ တစ်ယောက်ထဲ တစ်မိသားစုထဲ နားထောင်သည်မထင်ပါနှင့်။ လှေသမားကြီး ဦးပေ သည် ကိုယ်ပိုင် အသံချက်စက် (လော်စပီကာ) ပိုင်သဖြင့် သူကူးယူလာသော တိတ်ခွေများကို သူနေထိုင်ရာ မြစ်ကမ်းပါးပေါ်ရှိ အိမ်ခြေစုမှ ရွှေညောင်ပင်၊ မမဲလေး၊ ဘိုကုန်း၊ အောင်သုခ၊ အောင်မင်္ဂလာ ဟူသော မမဲအုပ်စုရှိ ရွာငါးရွာ အကုန်ကြားအောင် အလကား မတ်တင်း ဖွင့်လေ့ရှိ သည်။

အုန်းပင်များကို အစီအရီရှိနေပြီး ပုဏ္ဍရိတ်ပန်းပင်များကို အိမ်ရှေ့ခြံစည်းရိုးသဖွယ် ကာထား သောရွာရိုးတစ်လျှောက်သည် ကျွန်တော်ငယ်ငယ် လသာသာ မြူးတူးကစားဖို့ နှစ်သက်ဆုံးနေရာပင်။ အဘိုး၊ အဘွား နှင့်အတူ သူ့အချစ်တော် ကြောင်ဖြူကြီးအပါအ၀င် ကျွန်တော်တို့ လေးဦးသား လသာတိုင်း အိမ်ရှေ့ကွပ်ပျစ်ပေါ်လဲလျောင်းရင်း အိပ်ချင်လာသည့်တိုင်အောင် ကက်ဆက်ဇာတ်လမ်း နားထောင်ရင်း လရောင်အရသာကို ခံစားခဲ့ဖူးသည်ကို မမေ့နိုင်ပါ။…..

လသာသောညများသည် ကျွန်တော် မမေ့နိုင်စရာ ရွာကလေး၏ တမ်းတစရာ မြတ်နိုးစရာ အမှတ်ရစရာများပင်ဖြစ်လေသည်။……..

သီတင်းကျွတ်ရောက်တိုင်း နို့ဆီဗူး သံခွက်လွတ်ထဲ ဗျောက်အိုးထဲ့၍ ရွာလယ်လမ်းတစ်လျောက် အိမ်ရှေ့ တံမျက်စည်း လှဲလေ့ရှိသော အစ်မကြီးများ အနားတွင် ရုတ်တရက်ကပ်ဖောက်ရင်း နောက်ပြောင်ရသည်မှာ ရွာကလေးမှ ကလေးဘ၀ ပျော်စရာတစ်မျိုးပင်။…….

ဆီမီးတစ်ထောင် ထွန်းဖို့ ရွာဦးကျောင်းသွားသော လူကြီးများကြားတွင် ဗျောက်အိုးကိုင်ရင်း ကျွန်တော်လိုက်လေ့ရှိသည်။ ဒါတွေကို ဝေးခဲ့သည်မှာ ကြာခဲ့လေပြီ။…..

ကလေးဘ၀ အရသာများကို လွမ်းဆွတ်ရင်း သီတင်းကျွတ်ချိန် ရွာမရောက်သည်မှာ ဘယ်နှနှစ်ရှိပြီလဲ ပြန်တွေးနေမိတော့သည်။


Google earth ကျေးဇူးဖြင့် ကျွန်တော့်ရွာကလေး ၏ ပုံ

ဧရာဝတီမြစ်ရဲ့ မလှမ်းမကမ်းက ရွာကလေး



တာလမ်းကလေးနံဘေးမှ ဘုန်းတော်ကြီးကျောင်းနှင့်ယှဉ်လျှက် သွပ်မိုးဖြူဖြူ မူလတန်း ကျောင်းလေး


ဧရာမြစ်ကမ်းနဖူးက ဦးပေတို့ရွာ

မိုးတွင်းဆိုလျှင် ကျွန်တော့်အိမ်နောက်ဖေး ခြံစောင်ရင်းထိ ရေရောက်တတ်သော အင်းကြီး နှင့် ကျွန်တော် မကြာခဏ ငှက်သွားပစ်တတ်သော ဦးလေးအာလူး၏ ငါးမွေးကန်ကြီး


ကျေးရွာအုပ်စုလိုက် ဒိုင်းလုပွဲအတွက် ရွာဘောလုံးအကျော်အမော်တို့ လေ့ကျင့်ကစားရာ ဘောလုံး ချိန်းပွဲများကျင်းပရာ ဘောလုံးကစားကွင်းနေရာ။

ရွာရှိလူကုန် ပွဲကြည့်စဉ် တာကလေးပေါ်မှ သောင်းသောင်းဖျဖျ အားပေးခဲ့ကြဖူးသည်။ မိုးတွင်း ဧရာဝတီမြစ်ရေသည် တာခြေရင်းထိ ရောက်သဖြင့် ရွာရှိအပျိုချောတို့ ဆီမီး မျှောရာ နေရာလည်းဖြစ်သည်။


ရှေးမြန်မာဘုရင်များလက်ထက်က ကျန့်ကင်းဟု ခေါ်ရာမှ ကြံခင်းဖြစ်လာသည်ဟု မှတ်သားဖူးပါသည်။ မွန်ဘာသာဖြင့် ကျန့် သည် မိချောင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြစ်တွင်းသွား လှေ သင်္ဘောများကို အခွန်အတုတ် ကောက်ရာ ကင်းစခန်းဖြစ်သောကြောင့် မိချောင်းကင်း စခန်း ကျန့်ကင်း အမည်ရ ကြံခင်းမြို့ကလေးဖြစ်လေသည်။ ထုံးတောင်ကို အမှီပြု၍ ဘိလပ်မြေစက်ရုံ တည်ရှိရာ မြို့ဖြစ်သည်။

ဖြောင့်တန်းနေသော ကားလမ်းသည် ပြည်တောင်တန်းရေနံမြေမှ ရွာကလေး အနောက်ဖက်ရှိ ကွေ့မ ဆိပ်ကမ်းသို့ ပစ္စည်းသယ်ပို့ရာကားလမ်းဖြစ်ပြီး ကားလမ်း အနောက်ဖက်နှင့် တရုပ်မှော်ကြားတွင် မြို့မဟု အမည်တွင်သော ရွာလေးတစ်ရွာရှိသည်။ မြို့မ သည် တရုတ်ပြေးမင်း အမည်ရ နရသီဟပတေ့မင်း သည် သားတော် ပြည်မင်းထံ သို့ လာရောက်စဉ် ခေတ္တခိုပုန်းခဲ့သော နေရာဟုသိရသည်။ ကျွန်တော့်ရွာကလေးသည် တရုတ်မှော်တိုက်နယ် ၂ အပိုင် တွင်တည်ရှိသည်။ တရုတ်မှော် အမည်တွင်သည်မှာလည်း နရသီဟပတေ့မင်းနောက်လိုက်လာသော တရုတ်များ မျှော်ကြည့်ရာ အရပ်ဖြစ်သောကြောင့် တရုတ်မျှော်ဟု အမည်တွင်ရာမှ တရုတ်မှော်ဟု ကာလရွေ့လျား ပြောင်းလဲခဲ့သည်ဟု ပါးစပ်ရာဇ၀င်အရ သိရသည်။

တရုတ်ပြေးမင်းပုန်းခိုခဲ့ရာ မြို့မရွာ အနီးတ၀ိုက်တွင်ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀ လုပ်အားပေးလိုက်ခဲ့စဉ်က ရွှေလက်ရဘုရား၊ မည်သည့်ခေတ်က တည်ခဲ့သည်ဟု အတိအကျ မရှိငြား ဒေသခံ ရွာသားများ ပါစပ်ရာဇ၀င်အရ ဘုရင်တည်ခဲ့သည်ဆိုသော မြစည်းခုံမိုးကောင်းဘုရား၊ နှင့် မိဖုရားရေချိုးကန် ဆိုသော ကို ရွာခံ သက်ကြီးတစ်ယောက်ပြောပြချက်အရ တွေ့ခဲ့ဖူးသည်။ မြို့မရွာမိုးကောင်းဘုရားတွင် ဇာတ်ဝါသနာရှင် ကျောင်းဆရာနှင့် ကျေးရွာလူငယ်တို့ ပေါင်း၍ ဘုရားပွဲ အရပ်ပြဇာတ်များ ကပြခဲ့ကြသည်ကို သူငယ်ချင်းများနှင့် တပျော်တပါး သွားရောက် အားပေးခဲ့ဖူးသည်။



1 comment:

WPTAROO said...

ကျေးဇူးအများကြီးတင်ပါတယ်။ သိပ်ဝမ်းသာသွားတယ်။
ဘယ်သူများပါလိမ့် ငါတို့ရဲ့ လူသိပ်မသိတဲ့ ရွာကလေးအကြောင်း အင်တာနက်ပေါ် ဖတ်လိုက်ရတော့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော်က ရွာကို GOOGLE EARTH မှာသာကြည့်လိုက်တာ ဒီလိုရေးရကောင်းမှန်းမသိဘူး။
ဘယ်သူများပါလိမ့် ဇော်မင်းသန်းလား ဒါမှမဟုတ် ဘယ်တစ်ယောက်ယောက်ပါလိမ့်