Thursday, July 9, 2009

ရောမကို ရောက်ခဲ့တယ် (၁)

ရောမ ဆိုတာ ငယ်စဉ် ကလေး ဘ၀တုန်းကတော့ ဒဏ္ဍာရီ မြို့တော်ကြီးပေါ့။ ကျောင်းမနေခင်တုန်းကတော့ ရောမမြို့ နောက်ခံထားတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဟော …ကျောင်းကိုရောက်တော့ သမိုင်းထဲမှာ မြင်ရပြန်ပါပြီ ”ရောမ အင်ပါယာကြီး” လေ။
ကာရာအိုကေတွေ ပေါ်လာတော့ MTU ရှေ့က ဆိုင်မှာ အရင်ဆုံး ဆိုဖူးတဲ့သီချင်းက အယ်လ်ခွန်းရီရဲ့”ရောမကျောက်ရုပ်” သီချင်းပေါ့။ ”ရောမကျောက်ရုပ်တစ်ရုပ်မြင်ဖူးမှာပါကွာ..ကျောက်ရုပ်တို့ အသက်တွက်ကြည့် နှစ်ပေါင်းထောင်ကျော်ကြာ…မောင်ရေ ပျော်ပါ မော်ပါ ကျွန်မအတွက် ထည့်မတွက်နဲ့..ဒဏ်ရာရအသည်းနှလုံးက ကျောက်သားလိုမာပြီ…” ဆိုတာလေ။ ”ချောနှမဖို့ဆို ရောမမြို့ကို အကြွေးနဲ့ဝယ်ပေးမတဲ့…ကြွားလုံးများရယ်…..” ဆိုတဲ့ သီချင်းလေးလည်း ညည်းဖူးခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ရောမဆိုတာ သီချင်းထဲ၊ ပုံပြင်ထဲ၊ သမိုင်းစာအုပ်ထဲက မြို့တော်ကြီးပါပဲ။ ခုတော့ မျှော်လင့်မထားဘဲ အဲဒီ ဒဏ္ဍာရီ မြို့တော်ကြီးကို ကိုယ်တိုင် အရှင်လတ်လတ် ရောက်သွားခဲ့ပါတယ်။

ကျွန်မတို့သူငယ်ချင်းတွေ အများကြီး ဂျာမနီက ၁၀ယောက်၊ သြစတီးယားက ၂ယောက် စုသွားကြတာပါ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ Frankfurt လေဆိပ်က လေယာဉ်စတက်တယ်ဆိုရင်ပဲ “ဒဏ္ဍာရီလို့ ထင်ခဲ့တဲ့ ရောမကို တကယ်ရောက်တော့မှာပါလား” ဆိုတဲ့ အတွေးနဲ့ မသိမသာလေး ရင်ခုန်နေပါတယ်။ ရောက်ရောက်ချင်း မနက်မှာ ရောမကို အလည်လာတဲ့ ဧည့်သည်တွေ ဦးဆုံးရောက်လေ့ရှိတဲ့နေရာ Piazza del Popolo ကို သွားကြတယ်။

Piazza del Popolo ဟာ ဘဲဥပုံ အနားသတ်ထားတဲ့ အလွန်ကြီးမားတဲ့ စတုဂံပုံဖြစ်ပါတယ်။ အဲဒီစတုဂံဟာ တကယ့်ကို တိတိကျကျ စတုဂံ ဖြစ်ပါတယ်။ google earth က ပုံလေးကို ကြည့်ရင် သိသာပါတယ်။ စတုဂံရဲ့ center တည့်တည့်မှာ အီဂျစ် obelisk တစ်ခု ထည့်ထားပါတယ်။ ဒီ obelisk က ရောမမှာ ဒုတိယ ရှေးအကျဆုံးနဲ့ အရှည်ဆုံး obelisk ဖြစ်ပါတယ်။ ဒီနေရာမှာ နီရိုးဘုရင်ရဲ့ အရိုးပြာအိုး မြှုပ်ထားတာမို့ နီရိုးဘုရင်တစ္ဆေခြောက်တယ်လို့ ရာဇ၀င်မှာ ဆိုပါတယ်။


ဒီရုပ်တုက ဘဲဥပုံ အနားသတ်ကို စတုဂံအတွင်းဘက်က မြင်ရတဲ့ပုံပါ

စိတ်ဝင်စားဖွယ်ကောင်းတဲ့ Porta del Popolo ဂိတ်က ဒီ square ရဲ့ မြောက်ဖက်မှ အ၀င်ဂိတ်ဖြစ်ပါတယ်။ အလည်လာသူ ခရီးသည် အတော်များများ ဒီဂိတ်ဖက်မှ ၀င်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း အဲဒီ ဂိတ်ကပဲ ၀င်ခဲ့ကြတာပါ။ ဘူတာကဆင်းပြီး ၁၀မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ Porta del Popolo ဂိတ်ကို ရောက်ရောဆိုပါတော့။
လမ်းက တိုတိုလေးပေမဲ့ ကျွန်မတို့ အဖွဲ့ တော်တော်နှင့် ဂိတ်ကို မရောက်နိုင်ကြပါဘူး။ ဘူတာကအထွက်မှာ ရောင်းနေတဲ့ ဈေးတန်းလေးမှာ လျှောက်ကြည့်နေကြလို့ပါ။ ရောမမှာ ကျောင်းတက်နေတဲ့ ဖာသာတွေက ဦးဆောင်လိုက်ပို့ပေးတာမို့ ကျွန်မတို့အဖွဲ့နှင့်ပေါင်းလိုက်ရင် ၁၅ယောက်အုပ်စုကြီးလေ။ တောဘုရားဖူး အဖွဲ့လိုပဲ။ ဆိုင်တွေ လျှောက်ကြည့်သူနဲ့၊ ဈေးဝယ်နေတဲ့သူနဲ့၊ ဓါတ်ပုံရိုက်နေကြတာနဲ့ ရှေ့ကို မရောက်နိုင်ဘူးလေ။ ကျွန်မကတော့ ဓါတ်ပုံတွေပဲ အများကြီးရိုက်တယ်။
Porta del Popolo ဂိတ်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ။ ၁၅၆၂ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Pius IV Medici က မြို့ထဲကို ၀င်လာကြတဲ့သူတွေကို ကောင်းချီးပေးတဲ့အနေနဲ့ ဂိတ်အကြီးကြီး တစ်ခုကို ဆောက်လုပ်စေခဲ့ပါတယ်။ နောက် ၁၆၅၅ ခုနှစ်မှာ ဆွီဒင် ဘုရင်မ Christina အလည်လာတဲ့အခါ အဲဒီ ဂိတ်ကြီးကို ပြန်လည် မွမ်းမံခဲ့ပါတယ်။ အဲဒီအချိန်က ပုပ်ရဟန်းမင်းကြီး Alexander VII Chigi လက်ထက်ပါ။ နောက်တော့ အဲဒီဂိတ်ဟာ Porta del Popolo ရယ်လို့ အမည်တွင်ခဲ့ပါတယ်။

အပေါ်ကပုံက Porta del Popolo ဂိတ်ပေါ့
အောက်ကပုံလေးကတော့ square ရဲ့ အလည်တည့်တည့်မှာရှိတဲ့ အီဂျစ် obelisk အောက်ခြေမှ ခြင်္သေ့ရုပ်တစ်ခုပါ။ အနောက်မှာမြင်ရတာကတော့ square ရဲ့ တောင်ဖက်ပိုင်းက ပုံစံတူ church ၂ ခုပါ။ ပုံစံတူပေမဲ့ သူတို့မှာ ကွဲပြားမှုလေးတစ်ခုတော့ ရှိပါတယ်။ church တစ်ခုရဲ့ dome က ဘဲဥပုံ ဖြစ်ပြီး နောက်တစ်ခုရဲ့ dome ကတော့ စက်ဝိုင်းပုံ ဖြစ်နေပါတယ်ရှင်။


ref: http://www.aviewoncities.com/rome
http://en.wikipedia.org/
Book “ROME and the Vatican”

18 comments:

ကျောပိုးအိတ် said...

မမ မဟာဆန်ခေါ်တာနဲ့  သမီးတောင် ရောမကို ရောက်ဘူးသွားပြီ။ ကျေးဇူးမမ။

ဓါတ်ပုံနည်းတယ်။ နည်းနည်းထပ်ထည့်ပေးဦးနော်။
ကြည့်ရတာ မ၀ဘူး။

မြို့ က သန့် ရှင်းသပ်ရပ်နေတာဘဲနော်။ လှဲတောင် အိပ်ချင်တယ်။
း)

သူများတွေ တတ်နင်းမှာ ကြောက်လို့ အိပ်တော့ဘူး။
အဟီးးးး

ရွက်လွင့်ခြင်း said...

စိတ်ဝင်စားစွာ ဖတ်သွားပါတယ်
နောက်အပိုင်းလည်း မျှော်နေမယ်

မီးမီးချစ် said...

ရေမွှေး ရော မဝယ်ခဲ့  ဘူးလားဟင်..
လှတယ်နော်.. အရုပ်တွေ က

သားကြီး said...

အဆောက်အဦးတွေအရမ်းလှတယ်နော်
အင်း...ကိုယ့်မှာတော့ မြင်သာမြင်မကြင်ရ
မရောက်နိုင်ဘူးပေါ့ဗျာ :(

naychi said...

စိတ်ဝင်စားတယ် မမရေ
ဒဏ္ဏရီထဲရောက်သွားသလိုပဲ..
နောက်အပိုင်းတွေ မျှော်နေမယ်နော်

Anonymous said...

ရောမကို အလည်လိုက်ခဲ့တယ်နော်။

ဂျာမုန်းဒန် said...

ညီမရေ......အဲဒီနေရာလေးတွေကိုလွမ်းလိုက်တာ
ဟုတ်တယ်နော်....တကယ်ပျော်စရာကြီး။
အစ်မဆိုရင်ကိုယ်ဝန်ကြီးနဲ့ကို တနေ့လုံးလမ်းလျှောက်ခဲ့တာလေ။ သားသားကြီးလာရင်ပြောပြရအုံးမယ်။
ချစ်တဲ့အစ်မ
ဂျာမုန်း

Unknown said...

အဲဒီဖက်ကို လှည့်ရင်တော့ reference လုပ်စရာရပြီ။ ကျေးဇူးဗျို့.......

လပြည့်ရိပ် said...

ဗဟုသုတရသွားတယ်။ ကျေးဇူး ပဲ သယ်ရင်း.........

လင်းကြယ်ဖြူ said...

အားပါး..လှလိုက်တဲ့မြို့လေးခင်ဗျာ...

Shinlay said...

အပိုင်း၂ မျှော်နေမယ်နော်

Ko Boyz said...

ဒန်ဘရောင်း ဝတ္ထုထဲက “Angels And Demons” ထဲမှာ ဒီနေရာတွေကို သူရောက်သွားတာ ပြဖူးသလိုပဲ။ အဲဒီ ဘဲဥပုံ အဝိုင်းနားမှာ ပုပ်ရဟန်းမင်းကြီး အဖြစ် အရွေးချယ်ခံဖို့ လျာထားခြင်းခံရတဲ့ ဘုန်းတော်ကြီး ၄ ယောက်ထဲက တစ်ယောက်ကို အဲဒီ Obelisk နားမှာ သတ်ဖို့ ကြိုးစားတာလေ။ ဒန်ဘရောင်း ကယ်လို့ အဲဒီတစ်ယောက် မသေပဲ နောက်ဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သွားတယ်။
(မှားချင် မှားနိုင်ပါတယ်။)
ဒန်ဘရောင်း ဝတ္ထုတွေ ဖတ်ပြီးကတည်းက အဲဒီ သမိုင်းဝင် နေရာကို သွားချင်နေတာ။
ကျေးဇူးတင်ပါတယ်။

Ko Boyz said...

ပထမ ပုပ်အလောင်းအလျာ အသတ်ခံရတဲ့နေရာလား မသိဘူး။ ရောသွားပြီ။ သေချာတာကတာ့ ဟို အမြွာ ချာ့ခ်ျ ကျောင်း နှစ်ခုကို ရုပ်ရှင်ထဲ မြင်ဖူးတယ်။

သားကြီး said...

ရောမကိုထပ်လာလည်တယ်ဗျို့

မင်းညို said...

ကိုဘွိုက်ဇ် ပြောတဲ့ Obelisk က ဗာတီကန် ကပုပ်ရဲ့  စိန့်ပီတာ ကျောင်းရှေ့က ဟာပါ...။ ဒီပုံထဲ့ ဟာက Piazza del Popolo ပြည်သူ့ရင်ပြင်လို့ ခေါ်မလားပဲ..အဲဒီ က ကျောက်တိုင်ပါ..။

ကောင်းကင်ပြာ said...

တို့လဲ ရောမကို ၀င်လည်သွားတယ်နော်

sai said...

ရောမကျောက်ရုပ်သီချင်း လိုချင်လို့

sai said...

pls, :)