Tuesday, October 14, 2008

သူ့အရပ်၊ သူ့နတ် နဲ့ သီတင်းကျွတ်

သြော် သီတင်းကျွတ်ပြီ။…

ဒီအချိန် ရွာမှာ ရှိစဉ်တုန်းက ရွာကလူတွေ ဘာလုပ်ကြသတုန်း စဉ်းစားကြည့်သည်။ ဘာလိုလိုနှင့် ရွာ သီတင်းကျွတ်ပွဲကို ပြန်မရောက်တာ ၇ နှစ်ခန့်တော့ ရှိပြီထင်သည်။ မနေ့က အိမ်ကို ဖုန်းဆက်သော်လည်း ရွာသီတင်းကျွတ် ဘာတွေလုပ်ကြတုန်း မမေးမိ။….

အဘိုးမမာဘူး ကြားတာနဲ့ ပြာသွားပြီး မေးဖို့ မေ့သွား တာလည်းပါသည်။ ဒီကြားထဲ ခြေရင်းအိမ်မှ အဘွားမောင် ဘဘ တို့ သူ့သားသမီးများရှိရာ ပြောင်းတော့မှာ ကြားတော့ ထင်မထားတဲ့ သတင်းတွေချည်း ဖြစ်နေလို့ ရွာ ရဲ့ သာရေးနာရေး ကိစ္စတွေကို မေးဖို့ မေ့သွားတာ ဖြစ်မည်။..

ကျုပ်ဆိုသည့် ငတိကလည်း ရွာမှာ ကာလသား ခေါင်းဖြစ်ဖို့ နေနေသာသာ လူလားမြောက်အောင် တောင်မနေခဲ့ရ။ သာရေးနာရေး သတင်းမေးတယ် ဆိုပေမယ့် ကလေးဘ၀ ကိုလွန်မြောက် ခါစကတည်းက ရွာက ထွက်လာလိုက်တာ သာရေးနာရေး ကိစ္စ ဘာမှ ကောင်းကောင်းဆောင်ရွက် ဖူးတာမဟုတ်။..

ထားပါတော့လေ..ရွာမှာ ဘာမှ လူစွမ်းလူစ မပြနိုင်တဲ့ ကိစ္စတွေ ဖော်နေရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလိုဖြစ်မည်ပ။…..

သီတင်းကျွတ်ဆို အိမ်ရှေ့က အုန်းပင်က အုန်းသီးကို ၀ါးလုံးနဲ့ ထိုးချ၊ ဓါးနဲ့ အခွံနွှာ၊ ခွဲခြမ်းပြီး အုန်းခြစ်ပေါ် တက်ထိုင်ပြီး လက်နှစ်ဖက်နဲ့ စုံကိုင် အားရပါးရ ညှစ်ရတာကိုး။..

အုန်းခွံမာက မည်းမည်းတွေ ပေါ်အောင် ခြစ်မိပြန်ရင်လည်း အဆူခံထိ သေးသဗျ။ သကြားနဲ့ အုန်းဆံကို ကျိုရာမှာ မလှမှာ စိုးသတဲ့ဗျာ။ အုန်းဆံ နဲ့ သကြားကျိုထားတာကို ဘာလုပ်သတုန်းဆိုတော့ မုန့်လုံးထဲ ဌာပနာတယ်ပေါ့ဗျာ။ ဒါက မုန့််ဖြူဗျ။ မုန့်နီလည်း လုပ်ရသေးတယ်။….

မုန့်ဖြူလုပ်ဖို့ ဆိုပြီး (အမှန်တော့ မုန့်ဖက်ထုပ်ပါ) ကောက်ညှင်းဆန်ကို တစ်ညကြို ရေစိမ်ပြီး လက်လှည့်မုန့်ကြိတ်ဆုံမှာ ထည့်ကြိတ်ပါတယ်။ ထွက်လာတဲ့ အရည်ကို ပိတ်သား အိတ်ထဲထည့် ပြီး ကျောက်တုံးနဲ့ ဖိတာ နေ့ဝက်လောက်ဆို မုန့် အစိုင်အခဲကြီး ကြီးတစ်ခုရသဗျ။…..

မုန့်ခဲကြီးကို အခဲသေးသေးလေးတွေအဖြစ်ခွဲပြီး သကြားနဲ့ ရောကျိုထားတဲ့ အုန်းစာထည့်ဌာပနာပြီး လုံးတော့တာပဲ ပြီးရင် ငှက်ပျောဖက်အနေတော်မှာ ထည့်ပတ်ပြီး အိုးကြီးကြီးတစ်ခုမှာ ထည့်ပြုတ်တယ်ဗျာ။ ကျက်ရင် မုန့်ဖြူရပြီ။….

မုန့်နီကတော့ အစောက မုန့်အခဲကြီးထဲက ချန်ပြီးမုန့်တွေကိုထန်းလျက်နဲ့ နယ်ပြီး ငှက်ပျောဖက်ထုပ် ပြီးပြုတ်တာပေါ့ဗျာ။ ရွာထဲက အမျိုးတွေ အိမ်က မုန့်ကြိတ်ဆုံကို အလှည့်နဲ့ လာကြိတ်ကြသဗျ။ အဟဲ…မုန့်ကြိတ်ဆုံ ပိုင်ရှင်ပေါ့ဗျာ။

ဒီမုန့်တွေကို ဘာလုပ်သတုန်းဆိုတော့ ဘုရားတင်တယ်။ နတ်တင်တယ်။ ရွာသူ ကျွေးတယ်။ လာတဲ့လူကျွေး တယ်ဗျ။ နတ်တင်တာကလည်း အများသားဗျ။ ရိုးရာမိဆိုင်ဖဆိုင် နတ်ဆိုပြီးတင်တာပဲ။ အိမ်ထောင်ဦးစီးရဲ့ နတ်ကို တင်ရတာပဲ။ အဟဲ ပြောရရင် ကျွန်တော့်နတ် တော့ ဘာနတ်မှန်းမသိပါဘူး။ နတ်တင်တာ တရွာလုံးတင်ကြတာဗျ။…….

ဟိုအိမ်သွားလည်း ဒီမုန့် ဒီအိမ်သွားလည်း ဒီမုန့်ဆိုတော့ ခုလိုရက်မျိုး စားချင်စိတ်ကို မရှိပေါင်ဗျာ။(မှတ်ချက်။ အခု တကယ်စားချင်နေတယ်)။….

တစ်မိသားစုကို တစ်လစီ နတ်တင်ကြဖို့ ကောင်းတယ်လို့ ငယ်ငယ်က တွေးဖူးပါတယ်။ ဒါမှ လ တိုင်းစားရမှာကိုး။…..

ပြီးလို့ ညရောက်ရင် ဆီမီးခြံထဲ အကုန်လိုက်ထွန်းတယ် အိမ်သာပါပါတယ်ဗျ။ ဘာလို့ ထွန်းတာတုန်းလို့ အဖွားကိုမေးတော့ အိမ်သာနတ်လို့ ပြောတာပဲ။ အိမ်သာမှာလည်း နတ်ရှိတာကိုး။ ဦးဖိုးကျားရဲ့ ၃၇ မင်းထဲတော့ မပါလောက်ပါဘူး။……

ခြံဝမှာထွန်းတယ် ခြံစောင့်နတ်အတွက်ပေါ့ဗျာ။ မီးဖိုမှာထွန်းတယ် ညောင်ကြီးအို နတ် တဲ့။ လှေကားမှာထွန်းတယ် လှေကားစောင့်နတ်။

ဒီလိုဆိုတော့ ရွာကလေးက မီးရောင်စုံနဲ့ လှသဗျ။ ဒီအချိန် ကျွန်တော်တို့ ကလေးတသိုက်ကတော့ အိတ်ကိုယ်စီနဲ့ စကောခေါက်သံ နားစွင့်နေတာပဲ။ စကောကိုယောက်မနဲ့ခေါက်လို့ အချက်ပေးတာလေ။ ရွာရဲ့ ဓလေ့အရ မနက် နတ်တင်လို့၊ ဒီနေ့ညဆို ရွာသူကျွေးသဗျ။…

ရွာသူဆိုတာ စုံးကို ကျွေးတယ်ပေါ့ဗျာ။ ရွာသူ ၇ ယောက်မရှိရင် ရွာတည်မရဘူး ဆိုသကိုး။ ပြောရင်းတောင် သူငယ်ချင်းတစ်စု ဒီလိုညမျိုး ရွာသူကျွေးတဲ့မုန့် လုစားတာမှတ်မိသေး သဗျာ။…….

စကောခေါက်သံက မုန့်ချထားပြီးဖြစ်ကြောင်း အချက်ပေးတာပဲ။ အချက်ပေးတာကတော့ ရွာသူကိုပါ။ တကယ်လုတာက ကျွန်တော်တို့ ကလေးတသိုက်ဗျ။ အစုံရတာပဲ မုန့်အဖြူအနီမက ငါးရံ့ကြော်လို အကောင်ကြီးတွေမက ဟင်းအကြော်မျိုးစုံသဗျ။ ကောက်ညှင်းပေါင်း၊ ငှက်ပျောသီးမှည့် အစုံပါပဲ။ တစ်ချို့ကတော့ ဆန်အိတ် လွတ်နဲ့ လိုက်လုတာပဲ။…….

အဲ ကျွန်တော်ကံဆိုးခဲ့တာက ခေါင်းရင်းအိမ် အဖွားယောင်းမ(အဖိုးလေးကကွယ်လွန်ပြီး) က ကရင်ကပြားမို့လိုလားမသိဘူး ငပိချက်တွေ ထဲ့ပြီး ရွာသူကျွေးသဗျာ။…

ကျွန်တော်က ဘယ်သိမတုန်း အိမ်ရှေ့အိမ်က ဦးပုက ၀င်ပြီး ငပိချက်နဲ့ ကျွန်တော့်ခေါင်းကို စနောက်ပြီးလောင်းသွားတာ ညကြီးမင်းကြီးရေချိုးတာလည်းမရနဲ့ ဒုက္ခရောက်ပြီး ကလေးဘ၀ ငိုလိုက်ရတာဗျာ။…ဒီညပါပဲ။ လပြည့်ကျော်တစ်ရက်နေ့ပေါ့။..

ဗျောက်အိုးကလည်း ဖောက်လို့ကောင်းသဗျ။ပိုမြည်အောင်သံပြည်ခွက် (နို့ဆီဗူး အခွံ) ထဲ ထည့်ဖောက် ကြတယ်။ ..

နောက်ပြီး သစ်သား ချောင်းတစ်ခုမှာ တစ်လက်မခန့် သံပိုက်တိုတစ်ခု (သို့) သံပြားကို သံပိုက်တိုသဏ္ဍန် လိပ်ပြီးဒေါင်လိုက်မြှုပ်၊ အဲဒီသံပိုက်ထဲကို မီးချစ်ဆံထဲက ယမ်းကို ခြစ်ထဲ့၊ မီးခြစ်ဘူး ဘေးနံရံ (မီးခြစ်တဲ့ နံရံ) ကိုခွာပြီး အနေတော် အပေါ်က အုပ် အိမ်ရိုက်သံထိပ်ချွန်ကို ဖြတ်၊ တပ်ပြီး သစ်တိုင်တစ်ခုမှာ သွားရိုက်ရင် စနက်တံ လောက် ကျယ်တဲ့ အသံတစ်ခုမြည်သဗျ။……

မီးခြစ်ဆံဘူးများများတော့ ဆောင်ထားရသဗျ။ တစ်ချို့ကလည်း သံပိုက်တိုအစား ကျည်ဆံခွံသုံးတာ ပိုမြည်ဆိုပဲ။……

အင်း….ဒီလိုနေ့တွေပါပဲ။

1 comment:

မဟာဆန် said...

စားချင်တယ်..စားချင်တယ်...မုန့်တွေအကုန်စားချင်တယ်