Sunday, October 19, 2008

မေမေသင်ပေးခဲ့သော(၁)

မဟာဆန်က အိမ်မှာ အငယ်ဆုံး၊ အကြီးတွေနဲ့လည်း အသက်သိပ်ကွာတာပဲ။ ငယ်ငယ်ကဆို မေမေ့နားမှာ အချိန်ပြည့်တွယ်ကပ်နေတာ။ မေမေ့မှာ အိမ်အလုပ်လုပ်ရင်းကလေးထိန်းရတာပေါ့။ မေမေ ထမင်းဟင်းချက်နေချိန်ဆို တစ်ယောက်တည်း သွားကစားမနေဘူး။ မေမေ့နားမှာ ကပ်နေတာပဲ။ ဘာတစ်ခုမှတော့ မကူတတ်ပါဘူး။ ဘေးနားကပ်ပြီး စကားများနေတာပေါ့။ မေမေက လုပ်ရင်းကိုင်ရင်းနဲ့ မှတ်သားစရာလေးတွေ နားထဲရောက်အောင် သင်ပေးတတ်ပါသေးတယ်။ မီးဖိုချောင်က ဆေးစွမ်းကောင်းများပေါ့………..

သကြားနဲ့ကြက်သွန်ဖြူ

မြန်မာလူမျိုးဆိုတော့ ကြက်သွန်ဖြူ အစိမ်းလိုက်စားရမှ ခံတွင်းလိုက်တတ်ပါတယ်။ ငရုတ်သီးစိမ်းလေးကို ကြက်သွန်ဖြူ၊ ဆား ၊ဟင်းချိုမှုန့်လေးနဲ့ထောင်း ဆီလေးရွှဲရွှဲဆမ်းလိုက်….ငရုတ်သီးထောင်းလေးနဲ့ဆို ထမင်းကိုမြိန်လို့။ လက်ဖက်သုတ်စားပြန်တော့လည်း ကြက်သွန်ဖြူလေးကိုက်ကိုက်စားရမှ အရသာတကယ်ရှိတာကိုး။ ဒီလောက်ကြိုက်ပေမဲ့ ကြက်သွန်ဖြူဆိုတဲ့ ကျေးဇူးရှင်က စားတဲ့အချိန်လေးတင်မက… တစ်နေကုန်တစ်နေခမ်း အနံ့နဲ့ ကျေးဇူးလိုက်ပြုနေတော့ ကြိုက်ပေမဲ့လည်း မစားရဲ ဖြစ်ရသကိုး။ ကိုယ်က တစ်ယောက်ယောက်နဲ့ စကားပြောလိုက်ရင် ပါးစပ်ဟတာနဲ့ ကြက်သွန်နံ့ထွက်နေတော့ မစားရဲဘူးပေါ့။…. မဟာဆန်ငယ်ငယ်က အဲလိုပဲ။ စားလည်းစားချင် မစားလည်းမစားရဲဖြစ်နေလို့ မေမေက ဆေးစွမ်းကောင်းပေးလိုက်ပါတယ်။ ကြက်သွန်ဖြူကို ကြိုက်သလောက်စား…..ပြီးရင် သကြားတစ်ဇွန်းသာ ၀ါးစားလိုက်ပါတဲ့ရှင်။ ကြက်သွန်ဖြူကို “မြင်သာမြင် မကြင်ရ“ ဖြစ်နေသူတွေ အိုကေပြီပေါ့နော။

ငရုတ်သီးနဲ့ ဆန်အိုး

တစ်ခါကတော့ ငရုတ်သီးတွေကိုင်မိလို့ လက်ဝါးတစ်ပြင်လုံး လက်ချောင်းကြားတွေပါမကျန် ပူနေတာပဲ။ ရေအေးနဲ့ ဘယ်လောက်ဆေးဆေး မသက်သာဘူး။ ရေနဲ့ ထိနေတုန်း ခဏပဲ အေးတယ်။ လက်ကို ရေထဲက ထုတ်လိုက်တာနဲ့ ပူပြန်ရော။ နောက်တော့ မေမေက ဆန်အိုးနားခေါ်သွားတယ်။ ပြီး…ဆန်အိုးထဲကို လက်နှိုက်၊ လက်ကို ဆန်တွေနဲ့ ပွတ်ခိုင်းပါတယ်။ အဟုတ်ပဲ…. ၅မိနစ်လောက် ဆန်ထဲထည့်ထားလိုက်တာနဲ့ အပူတွေ အကုန်ပျောက်သွားပါရော။

No comments: