Monday, October 13, 2008

သီတင်းကျွတ်ပြီ


မနက်ဖြန်ဆို သီတင်းကျွတ်ပြီပေါ့။ မြန်မာပြည်မှာ မဟုတ်တော့လည်း ဒီနေ့၊ ဒီအချိန်က ဘာမှ အဓိပ္ပာယ် မရှိပြန်ဘူးနော်။ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှာ ငါဘယ်လိုနေမှာပါလိမ့်လို့ တွေးကြည့်တော့ ခါတိုင်းလိုပဲ အိပ်ရာထ၊ ကော်ဖီသောက်မယ်။ ပုံမှန်ရုံးချိန်အမီ ကျောင်းကိုသွားမယ်။ လမ်းမှာ လူတွေအားလုံးဟာ ကိုယ့်အလုပ်ရှိရာကို သွားနေကြတာ မြင်ရမယ်။ ဈေးဆိုင်တွေမဖွင့်သေးဘဲ ပေါင်မုန့်ဆိုင်လေးတွေပဲ သက်ဝင်လှုပ်ရှားနေတာ တွေ့ရမယ်။ ကျောင်းရောက်ရင် ကွန်ပျူတာရှေ့မှာ စာတွေ ဖတ်နေရဦးမယ်။ အညောင်းဖြေဖို့ နေ့လည်စာ ထွက်စားမယ်။ ညနေ ၅နာရီ ကျောင်းကအပြန် ဈေးဝင်ဝယ်မယ်။ အိမ်ရောက်တာနဲ့ လူက ဒေါင်းနေပြီ။ ဒါပါပဲ။ ဘယ်မှာလဲ သိပ်ကိုပျော်စရာကောင်းလွန်းတဲ့ သီတင်းကျွတ်လပြည့်နေ့ ဆိုတာ။

ဟိုးအရင်တုန်းက သီတင်းကျွတ်ပြီဆိုရင်…..


အိမ်သားတွေ အားလုံးက ကျောင်းသမား၊ ရုံးသမားတွေ ဆိုတော့ သီတင်းကျွတ်ဟာ အိမ်မှာ လူစုံတက်စုံနဲ့ အေးအေးဆေးဆေး နေရတဲ့ အချိန်ပေါ့။ အဖိတ်နေ့မှာကတည်းက မေမေနဲ့ မဟာဆန်တို့ ဈေးဝယ်သွားကြတာပဲ။ ခါတိုင်းနေ့တွေ ဈေးဆိုင်ရောင်းတဲ့ အစ်မက ဟင်းချက်စရာ ၀ယ်ပေမဲ့ သီတင်းကျွတ်အဖိတ်ကျတော့ သူမ၀ယ်နိုင်တော့ဘူး။ မေမေနဲ့ မဟာဆန်တို့သွားဝယ်ရတယ်။ လူကြီးတွေကို ကန်တော့ရတဲ့ အခါကြီး၊ရက်ကြီးဆိုတော့ အစ်မရဲ့ အထည်တွေ အရောင်းသွက်တယ်လေ။ မဟာဆန်လည်း ကိုယ့်အစ်မဆိုင်ကို အားပေးပါတယ်။ ယူယူပြီး ဆရာတွေ လိုက်ကန်တော့တာပေါ့။ မနက်ဖြန် လပြည့်နေ့မှာ ဘုရားလှူဖို့ ပန်းတွေ၊ ဘုန်းကြီးလှူဖို့ မုန့်တွေ၊ ဟင်းချက်စရာအမျိုးမျိုးတွေ ၀ယ်ရပါတယ်။ အိမ်ကလူတွေက ရယ်ရတယ်၊ ဥပုသ်စောင့်ဖို့ဆိုပြီး ၁၂နာရီ မထိုးခင် စားတဲ့ ထမင်းကို ဟင်းကောင်းကောင်းနဲ့ နှစ်နပ်စာ စားကြတယ်။ အချိုပွဲလေးတောင် အဆစ်ပါလိုက်သေးရဲ့။

အဖိတ်နေ့ နေ့လယ်လောက်ဆို မေမေက သိမ်းထားတဲ့ ဆီမီးခွက်တွေ အကုန်ထုတ်လာပါတယ်။ မေမေက သိပ်စည်းကမ်းရှိပါတယ်။ ဆီမီးခွက်တို့၊ သင်္ကြန်မှာ သိကြားမင်းကြိုဖို့ လုပ်ရတဲ့ အတာအိုးတို့ အားလုံးကို သုံးပြီးရင် သေချာ ဆေးကြောသန့်စင်ပြီး သိမ်းထားပါတယ်။ နှစ်တိုင်း၊ နှစ်တိုင်း အသစ်ပြန်ဝယ်ရတာဆိုတာ မရှိသလောက်ရှားပါတယ်။ အဲဒီ ဆီမီးခွက်တွေအကုန် ရေသေချာဆေးပြီး နေပူလှမ်းထားပါတယ်။ မဟာဆန်တို့ ငယ်ငယ်တုန်းကတော့ အိမ်မှာ ဆီမီးထွန်းတယ်ဆိုတာ တကယ့်ဆီကို ၀ါကြိုးလေးမီးစာလုပ်ပြီး ထွန်းတာပါ။

နောက်နေ့ လပြည့်နေ့ဆို စောစောထပြီး ထမင်း၊ဟင်းချက်ရတယ်။ ဘုရားဆွမ်းတော်ကပ်ပြီးတာနဲ့ တစ်အိမ်လုံး ဘုန်းကြီးကျောင်းသွားကြတာပဲ။ အဲလို တစ်အိမ်လုံး အတူတူ ဘုန်းကြီးကျောင်းသွားရတာကိုက ပျော်စရာပါ။ ခါတိုင်း ဥပုသ်တွေဆို တစ်ယောက်၊နှစ်ယောက်လောက် အိမ်စောင့်ကျန်ရစ်ခဲ့တာမို့ပါ။ သီလယူပြီး အိမ်ပြန်ရောက်ရင် ၁၁နာရီလောက်ရှိနေပြီ။ ထမင်းပွဲကို အပြေးအလွှားပြင်စားရတယ်။ မဟာဆန်တို့ မိသားစုက ထမင်းစားပွဲမှာ စကားစမြည်ပြောရင်း စားတာမို့ တစ်ခါထမင်းစားရင် တစ်နာရီခွဲလောက်ကြာတယ်။ ထမင်းစားပြီးတော့ အချိုပွဲလာပြီ။ ဆနွင်းမကင်း၊ ကျောက်ကျော၊ ကိတ်မုန့်၊ စမူဆာ၊ ငှက်ပျောသီးနဲ့ လက်ဖက် အဲဒါတွေကို ရေနွေးကြမ်းလေးနဲ့ စားကြတယ်။ အစာပိတ်က ကော်ဖီ၊ လက်ဖက်ရည် တစ်မျိုးမျိုးပေါ့။ ဘယ်လောက်ထိကြာသလဲဆိုရင် ၁၂နာရီထိုးမှ ခွက်ထဲက လက်ဖက်ရည်ကို နောက်ဆုံးမော့တာပဲ။ သြော်…သီလ အကျိုးပေး ထူးပုံများနော်။ အနာဂတ်မစောင့်ဘူး။ လက်ငင်းအကျိုးပေးတာ။ အဲလောက် စားထားမှတော့ ဘယ်မှာလာ ဗိုက်ဆာပါတော့မလဲ။

ညနေ မှောင်ရီပျိုးလာပြီဆိုရင် သားအမိတစ်တွေ ဘုရားပန်း လဲကြပါပြီ။ မေမေက သမီးချည်း သုံးယောက်မွေးထားတာဆိုတော့ မိသားစု ငါးယောက်မှာ ဖေဖေက တစ်ဦးတည်းသော ယောကျာ်းလေးပေါ့။ ကြေးဘုရားအိုးတွေဆို ပြောင်လက်ပြီး မှန်ကြည့်လို့ရအောင် တိုက်ရတယ်။ ဖေဖေက မီးအိမ်လှလှလေးတွေ အိမ်ရှေ့ခါးပန်းတလျှောက်ကို လိုက်ချိတ်ပေးထားတယ်။

ဘုရားပန်းအိုးလဲပြီးရင် ဆီမီးခွက်လေးတွေ ပြင်ပါပြီ။ ဆီမီးခွက်လေးထဲကို ၀ါဂွမ်းမီးစာလေးထည့်၊ ဆီအိုးထဲက မြေပဲဆီလေးတွေ လိုက်ထည့်ထားတယ်။ ပြီးမှ ဘုရားစင်ရှေ့မှာ မီးထွန်းပြီး ဘုရားကို လှူကြပါတယ်။ မိသားစုအားလုံး အတူတူ ဘုရားကန်တော့ကြပါတယ်။ သိပ်ကို ကြည်နူးစရာ ကောင်းလွန်းလှတယ်။

နောက်နေ့ လပြည့်ကျော် တစ်ရက်နေ့

ဒီနေ့မှာတော့ မုန့်ဟင်းခါး၊ မြီးရှည် စတာတွေ တစ်မျိုးမျိုးလုပ်စားတတ်ပါတယ်။ ညရောက်ရင်တော့ တစ်အိမ်လုံး၊ တစ်ခြံလုံး ဆီမီးလိုက်ထွန်းတော့တာပါပဲ။ အရင်ဆုံး ဘုရားမီးပူဇော်ပါတယ်။ နောက်တော့ ရှိသမျှနေရာတွေ အကုန် လိုက်ထွန်းတာပါပဲ။ မေမေက ပြောတာတော့ နတ်တွေကို ဘုရားမီးပူဇော်ဖို့ ကိုယ်က ပေးတာလို့ ဆိုပါတယ်။ မြန်မာ့ ဓလေ့ပေါ့လေ။ မှတ်မိသလောက်ပြောရရင် အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ လှေကားစောင့်နတ်၊ တံခါးစောင့်နတ်၊ ခြံထဲက သစ်ပင်ကြီးကြီးတွေက နတ်၊ မဟာပထ၀ီစောင့်နတ် အဲဒီိနတ်တွေ အကုန် မီးလေးတွေပေးပါတယ်။ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ပါ လို့ ပြောရသေးတယ်။ မေမေက အဲလိုပြောနေတာ ကြားတာပဲ။ နောက်ပြီး ကွယ်လွန်ပြီးသော ရှေ့အစဉ်အဆက်က ဘိုးဘွားတွေအားလုံးကိုလည်း ရည်စူးပြီး မီးတစ်ခွက်ပေးပါသေးတယ်။ သူတို့တွေလည်း ဘုရားကို ပူဇော်ရအောင်လို့ပါ။ မဟာဆန်ကတော့ ဘာမှ နားမလည်ပါဘူး။ မေမေက တစ်အိမ်လုံး၊ တစ်ခြံလုံး သွားနေသမျှ နောက်က တတောက်တောက်လိုက်ပြီး မီးတွေထွန်းနေရတာကို ပျော်တာပါ။ အားလုံးထွန်းပြီးသွားရင် အိမ်က လျှပ်စစ်မီးတွေကို ပိတ်ပစ်လိုက်ပါရော။ ခြံထဲက လရောင်အောက်မှာ ထိုင်ပြီး ဆီမီးလေးတွေ မှိတ်တုတ် မှိတ်တုတ်လင်းနေတဲ့ အိမ်လေးကို ငေးကြည့်ရတာ သိပ်အေးချမ်းတာပဲ။ အဲဒီလရောင်အောက်မှာပဲ ရေနွေးကြမ်း၊လက်ဖက်သုပ်နဲ့ ဘေးအိမ်က မိတ်ဆွေတွေရော လာလည်ကြပြီး စကားပြောကြပါတယ်။ မဟာဆန်ကတော့ လူကြီးတွေကြားမှာ လှဲအိပ်ပြီး သူတို့ ပြောတာတွေ နားထောင်နေရတာ သိပ်ဇိမ်ရှိတာပဲ။ ငယ်ငယ်တုန်းက သီတင်းကျွတ်ဟာ သိပ်ပျော်ဖို့ ကောင်းပါတယ်။

မနက်ဖြန် သီတင်းကျွတ်ကတော့ “အပျိုကြီး တစ်ကိုယ်တည်း“ ဆိုတာ မဟာဆန်ကမှ တကယ့် အစစ်ဖြစ်နေပါပေါ့။ အပျိုကြီးဆိုလည်းဟုတ်၊ မြန်မာတစ်ယောက်မှ မရှိတဲ့ တစ်ကိုယ်တည်းဆိုတာလည်း သွေးထွက်အောင်မှန်နေတော့တာ။ သီတင်းကျွတ်ကို ကောင်းမှုကုသိုလ်လုပ်ရင်း တစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းရတော့မှာပေါ့။ ပုံမှန် ထက်တော့ ပိုပြီး ဘုရားလှူ၊ ၀တ်ပြု လုပ်ဦးမှပါ။ အိမ်ကိုလည်း ဖုန်းဆက်မယ်လေ။

သူငယ်ချင်းတို့ရော သီတင်းကျွတ်ကို ဘယ်လိုဖြတ်သန်းကြမလဲ။

1 comment:

Light of Buddhism said...

ဆီမီးရယ်ထိန်၊ အိုင်မင်းရေကြည်က၊ ကြာငါးမည် ငုံအာစွင့်တယ်၊ ဖူးပွင့်ချိန်ခါ၊ အဿဝဏီ ယှဉ်ကာချဉ်းပါလို့၊ လင်းလာတဲ့ ငွေတာရိန်ရယ်၊ ပြာမှိန်လျက် မြူချေဆိုင်း၊ ဂါရဝေ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ၊ မစဲပေါင် ကုသိုလ်နှိုးကြတယ်၊ မျိုးမြန်မာတိုင်း။
ကျွန်တော်မြန်မာတွေ နှစ်စဉ်ပြုလုပ်နေကျလေးပါ။ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်း ကြွချီမြန်းလာ အိုလူသားတို့၏သခင် ဗုဒ္ဓအရှင်ကို ဆီးမီးရောင်ရှိန် ထိန်ထိန်လင်းလို့ နှလုံးစိတ်ဝမ်း အစဉ်လမ်းကာ တုနှိုင်းမဲ့တွင် ဘုရားရှင်ကို ပူဇနိယ ပူဇော်ကြသည် သီတင်းကျွတ်လပြည့် ထိုတစ်နေ့။
ကျွန်တော်တို့လည်း ရောက်ရာနေရာကနေ ဆီးမီးတွေ ထိန်ထိန်ထွန်းလို့ ဘုရားရှင်ကို ပူဇော်မယ်၊ သီလစောင့်မယ်၊ ဒါနပြုမယ်၊ ၀ိပဿနာပွားကြပါစို့အစ်မရေ....