Saturday, May 23, 2009

ခေတ်သုံးခေတ် နှင့် ဇာတ်ပွဲများ

မနေ့က youtube မှာ မင်းသား ဖိုးချစ်ရဲ့ နှစ်ပါးသွားကို ကြည့်မိပြီး ငယ်ငယ်တုန်းက ပွဲကြည့်ခဲ့တဲ့ အကြောင်းတွေ ပြန်သတိရနေမိတယ်။ အဘွားလက်ထက် အဖေလက်ထက် အစ်မတွေလက်ထက် တဆင့်ပြီးတဆင့် အချိန်တွေ ရွေ့လျောလာခဲ့တယ်။ ဇာတ်ပွဲတွေကတော့ မတိမ်ကောခဲ့ပါဘူး။ အဘွားတို့တုန်းက ဘယ်လို၊ အဖေတို့တုန်းက ဘယ်လိုနဲ့ ပွဲကြည့်တဲ့ အကြောင်းလေးတွေ မိသားစု ထမင်းဝိုင်းမှာ ဟင်းရံတစ်ခွက် ဖြစ်ခဲ့ပါသေးရဲ့။
အစ်မတွေမွေးပြီး ၁၅နှစ်လောက်ကြာမှ ကျွန်မ လူဖြစ်လာတာပါ။ အဲတော့ အစ်မတွေနဲ့ ကျွန်မကြား ဆယ်စုနှစ်တစ်ခုလောက် ကွာတာပေါ့။ ဆိုတော့ အစ်မတို့ခေတ် နဲ့ ကျွန်မတို့ခေတ် ပွဲကြည့်တဲ့ ဓလေ့တွေ ၊ ဇာတ်ပွဲ အပေါ် ခံစားချက်တွေ၊ အမြင်တွေ ကွာခြားမှုလေးတွေ ရှိလာတာပေါ့။ ဟော.. ကျွန်မ ဆယ်တန်းအောင်တော့ တူမလေး မွေးပါရော။ နောက်ထပ် ဆယ်စုနှစ် တစ်ခုခြား မျိုးဆက်သစ်လေး ရောက်လာတယ်။ အဲဒီမှာ တူမတို့ခေတ် ပေါ်ပေါက်လာဦးမယ်။ အစ်မတို့ခေတ် ကျွန်မတို့ခေတ် တူမတို့ခေတ် ဆိုပြီး ဆယ်စုနှစ် သုံးမျိုးခွဲလို့ ခံစားကြည့်မိတယ်။
အစ်မတွေ ကလေးအရွယ်ကတော့ အဒေါ်တွေက အပျိုချောတွေပေါ့။ ဘုရားပွဲရာသီဆိုရင် ဟိုရွာ၃ည၊ ဒီရွာ ၂ညနဲ့ ရွာပြောင်းကတဲ့ ဇာတ်ပွဲတွေ သူ့ရွာ ကိုယ့်ရွာကူးလို့ ကြည့်ကြတယ်။ ပွဲညဆို အိမ်မှာနေတဲ့ ဦးလေးကြီးတွေ အဒေါ်ကြီးတွေနဲ့ ကျွန်မအဒေါ်အပျိုရယ်၊ ကလေးပေါက်စနှစ်ယောက်ရယ် တအုပ်ကြီး သွားလေ့ရှိတယ်။ အဲဒီတုန်းက ခုခေတ်လို entertainment အစုံမရှိသေးတော့ ဇာတ်ပွဲသာလျှင် တစ်ခုတည်းသော ဖျော်ဖြေရေးပါ။ တခါကတော့ အစ်မငယ်က ပွဲခင်းထဲမှာ ကြည့်ရင်းနဲ့ ပျင်းတော့ ရဟတ်စီးမယ်လို့ ပူဆာပါလေရော။

ဇာတ်စင်ပေါ်ကလည်း ကလို့ကောင်းတုန်း၊ လူတွေကလည်း ကြည့်လို့ကောင်းတုန်း၊ သူက အသံပြဲကြီးနှင့် နားပူနေတော့ ဦးလေးက နေလို့မရ။ သူ့ကို ချီပြီး အပြင်ထွက်လာရတာပေါ့လေ။ ရဟတ်ပေါ်လည်းရောက်ရော တစ်ခေါက်နဲ့လည်း မတော်၊ ဆက်စီးပြန်ရော။ ဟော ရဟတ်စီးလို့ ၀ပြီဆိုတော့ ချားစီးမယ်၊ မုန့်စားဦးမယ်နဲ့။မပြီးတော့ဘူးတဲ့။ ညလယ်လောက်ရောက်တော့ ပွဲက ခဏနားတာပေါ့။ အထဲကလူတွေလည်း မုန့်လေး ဘာလေးစားဖို့ အပြင်ထွက်ကြတယ်။
အရင်ထွက်သွားတဲ့ အစ်မငယ်နဲ့ဦးလေးက ပြန်လည်းမလာ၊ တွေ့လည်းမတွေ့ကြတော့ စိတ်ပူတာပေါ့လေ။ ဘယ်လိုမှ မတွေ့တဲ့အဆုံး ဇာတ်စင်ပေါ်က လော်စပီကာကြီးနဲ့ ”ကလေးနဲ့ ကိုဘယ်သူရေ ရုံဝကို လာခဲ့ပါ” လို့ အော်ခိုင်းတာတဲ့။ အဲဒီ အသံကြီးဟာ ပွဲတစ်ခင်းလုံး ကြားလို့ ပါလာတဲ့ ဦးလေး အဒေါ်ပေါက်စတွေဆို ရှက်လွန်းလို့တဲ့။
ဟုတ်ကဲ့ အဲလို ကလေးဘ၀ကတည်းက ပွဲလိုက်ကြည့်ခဲ့တာဟာ အပျိုဖြစ်တော့လည်း သွားကြည့်မြဲပဲ။ သွားတယ်ဆို ရွယ်တူ အစ်ကိုတွေ မောင်တွေက များလွန်းတော့ အိမ်ကလည်း လွှတ်တာပေါ့လေ။
အဲ…အစ်မတို့ခေတ်ကျ ရုပ်ရှင်တွေ ပေါများလာပေမဲ့ ဇာတ်မင်းသားတွေကတော့ ပန်းပန်လျှက်ပဲ။ ကျွန်မတို့အိမ်နီးချင်းတစ်အိမ်က အပျိုရွယ်တူလေးတွေ ၃၊ ၄ ယောက်လောက်ရှိတယ်။ မင်းသား သိန်းဇော် ကို ကြိုက်လွန်းလို့ ကျွန်မတို့မြို့ ပွဲလာကရင် သူတို့အိမ်က စားအိမ် သောက်အိမ်ပဲတဲ့။ ပွဲကတဲ့အခါ ၀တ်ဖို့ ရွှေတွေတောင် ထုတ်ဆင်သေးသတဲ့။ ကြားဖူးတာပဲ။
အစ်မတွေ မြီးကောင်ပေါက်က ကျော်လို့ အပျိုစစ်စစ်ဖြစ်ချိန်၊ ကျွန်မက ဥခွံမှ ပေါက်ခါစ အကောင်ပေါက်လေး အရွယ်မှာ ကျွန်မသည် သူတို့နှစ်ယောက်၏ အကာအကွယ် ခံတပ်ကြီး ဖြစ်လေသည်။ အကြောင်းမှာ သူတို့ ရုပ်ရှင်ကြည့်ချင်လျှင် ကလေးကို ပြမလို့၊ သူတို့ အပြင် ထွက်ချင်လျှင် ကလေး ကျောင်းသွားကြိုမလို့၊ သူတို့ပွဲကြည့်ချင်လျှင် ကလေးကို ဇာတ်ပွဲဆိုတာ ဘယ်လိုလဲ သိအောင်လို့ ဟူ၍ မိဘတွေဆီ ခွင့်တောင်းကြလေသည်။
ကျွန်မကို ဘယ်လောက်များ ဒိုင်းသဖွယ် အသုံးပြုသလဲဆိုတော့ မိဘသဘောတူတဲ့ အစ်ကိုကြီးနဲ့ အိမ်က လက်ထပ်ပေးဖို့ စီစဉ်ရာမှာ ညီမလေးက လေးတန်းတောင်အောင်သေးတာ မဟုတ်ဘူး… ပြုစုပါရစေဦးတဲ့လေ။ မိဘများကတော့…အော် ငါ့သမီးကြီး ညီမလေးငဲ့ရှာတယ်..အေးအေး ပေါ့။ အဲဒါ သူ့ရည်းစား (အခု သူ့ အိမ်ဦးနတ်) ရှိနေလို့ပေါ့။ အဲလို အသုံးချ ခံခဲ့ရတာလေ။ သို့သော် သူတို့နှစ်ယောက်ကား ကျွန်မနှင့် ဓါတ်ပုံ တွဲရိုက်ရမှာကိုတော့ အလွန် ငြင်းဆိုခဲ့ကြပါသတဲ့။ ကလေးနဲ့ အသက် ဒီလောက်ကွာတာ ရှက်လို့တဲ့တော်။ ဘာများရှက်တယ် မသိပါဘူး။ သူတို့ သမီး ထင်မှာ စိုးလို့ နေမှာပေါ့။ ကျွန်မ လေးတန်းအောင်လို့ ငါးတန်းလောက်ရောက်မှ လိုလိုလားလား ဓါတ်ပုံတွဲရိုက်တော်မူကြရဲ့။
အစ်မတို့ အပျိုခေတ် ကျွန်မ ကလေးလုပ်ရတဲ့ အချိန်က ဇာတ်ပွဲတွေ အကြောင်းကိုတော့ အသေးစိတ်မှတ်မိပါတယ်။ ကိုယ်တိုင်ပါဝင်ခဲ့ရတာကိုး။ အဲဒီတုန်းက ခေတ်စားတာက နန်းဝင်း နန်းခင်မွှေး၊ မိုးဝင်းတို့ ညီအစ်ကိုတွေ၊ သိန်းဇော်၊ ဘီအီးဒီ အောင်သိုက်ရဲ့သား (နာမည် မမှတ်မိတော့ပါ) စတဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေပါ။
ပွဲကြည့်မဲ့ ညနေဆို အစ်မတစ်ယောက်က ညနေကျောင်းမဆင်းခင် နေ့လည်လောက် ကတည်းက ကျွန်မကို အစောကြီး ကျောင်းကို လာခေါ်ပါတယ်။ အိမ်ပြန်ရောက်ရင် ထမင်းစားကြ ရေမိုးချိုးကြ အလှပြင်ကြပေါ့လေ။ အိမ်နား ၀န်းကျင် မှာလည်း အစ်မတို့အရွယ် အပျိုတွေက အိမ်တိုင်းနီးနီး ရှိတယ်။ သူတို့ရဲ့ ခံတပ်ကြီးတွေဖြစ်တဲ့ ကျွန်မတို့လို ကလေးပေါက်စတွေကလည်း အိမ်တိုင်းလိုလို ရှိပါတယ်။
ည ပွဲကြည့်သွားမယ်ဆို ညနေကတည်းက စားစရာတွေ ပြင်ဆင်ကြ၊ ထည့်ကြတယ်။ ငါက လက်ဖက်ယူခဲ့မယ်.. ညည်းက လိမ္မော်သီး ယူခဲ့…ငါကတော့ ပလတ်စတစ် အခင်း ထည့်ခဲ့မယ်…နဲ့ တစ်အိမ်နဲ့ တစ်အိမ် လှမ်းအော်လို့ ပွဲသွားရင် ယူဖို့ ခြင်းတောင်းကို ပြင်ကြတယ်။
အလှအပတွေလည်း ပြင်ရတာ အမောပေါ့။ ဘုရားပွဲဝင်းထဲမှာ သူတို့ကို ရှိုးမဲ့ ကောင်လေးတွေ ရှိတယ်လေ။ ပွဲစထွက်ပြီဆို ကျွန်မတို့ ကလေးတစ်သိုက်က စပြီ။ အစားမှန်သမျှ စားမယ်။ ရှူ ရှူ ပေါက်မယ်..လိုက်ပို့ဦး။ စသည် စသည်။
ကျွန်မတို့ အညာက ပူတယ်လေ။ ကလေးတွေကို ပူတော့ အင်္ကျီတွေ ချွတ်ပေးထားကြတယ်။ ဒါကို အပေါ်က လူရွှင်တော်က အစ်မရေ…ကိုယ့် သား သမီးကို အင်္ကျီချွတ်မထားနဲ့လေ အအေးမိကုန်လိမ့်မယ် လို့ အပျိုတွေမှန်း သိသိကြီးနဲ့ လှမ်းအော်တယ်။ ရှေ့နား ရုံနံရံ ဘေးနှစ်ဘက်က ရပ်ကြည့်နေတဲ့ ကောင်လေးတွေ တအုပ်ကြီးက ၀ိုင်းရယ်ကြပေါ့။ ကျွန်မ အစ်မတို့ တစ်သိုက်ကတော့ အစခံရလို့ ကလေးတွေပဲ ဖိငေါက်ပေါ့။
အဲဒီခေတ်က ဇာတ်စင်နဲ့ အနီးဆုံး ရှေ့ဆုံးက ဖျာတွေဆို မိန်းကလေးတွေကိုပဲ ရောင်းပါတယ်။ ယောက်ျားလေးတွေ မရောင်းပါဘူး။ ဒါကြောင့် သူတို့တွေက ပွဲကသူတွေကို တက်တက်ကြွကြွ အားပေးဖို့(ဥပမာ မင်းသမီးကို ပန်းကုံးစွပ်ရန်)၊ ကိုယ့်ကောင်မလေးကို အလွယ်တကူ ရှာတွေ့နိုင်ဖို့ ဘေးနှစ်ဖက်မှာ မတ်တတ်ရပ်ကြည့်ကြတယ်။
ဖျာလက်မှတ်ဈေးကလည်း ရှေ့ဆုံးက ဈေးအကြီးဆုံးပါ။ ဒုတိယတန်း ဈေးနည်းနည်းလျော့၊ နောက်တစ်တန်းဆုတ် ဈေးပိုလျော့ အဲလိုပါ။ ကျွန်မတို့ကတော့ အမြဲတမ်း ဒုတိယတန်းကို ယူပါတယ်။ ရှေ့လည်းရောက်တယ် ခေါင်းကြီးလည်း အတင်းမော့ပြီး မကြည့်ရဘူး။
ဆိုင်းဝိုင်းကြီးကလည်း ကိုယ်နဲ့ ကပ်နေတာဆိုတော့ ဗုံသံကြားတိုင်း ရင်ထဲ ဒိန်း ဒိန်းနဲ့ ခုန်သွားလောက်အောင်ကို ဆူညံ နားတွေအူလှပါတယ်။ သို့သော် အဲဒီ နားအူတာကို အိမ်ပြန်ရောက်မှ သတိထားမိပြီး စိတ်ညစ်တာပါ။ ပွဲခင်းထဲကျ စင်ပေါ်ကိုပဲ အာရုံရောက်နေတော့ မသိပါဘူး။ ပထမဆုံး အပျိုတော်ယိမ်း အဲဒါကိုတော့ စိတ်ဝင်တစားကြည့်နိုင်တယ်။ ဟာ မင်းသမီးလေးတွေ လှလိုက်တာ နတ်သမီးလေးတွေ ကျနေတာပဲနဲ့ (ကလေးဆိုတော့ အဟုတ်ထင်ခဲ့တယ်)။ ပ၇ိသတ်ကလည်း ပွဲ စထွက်ထွက်ခြင်း စကားနည်းနည်း ပြောနေကြပေမဲ့ ခဏနေတော့ အကကို အာရုံစိုက်ပြီး ငြိမ်သွားတော့တာပဲ။
နောက်ပြီး စတိတ်ရှိုး… မြန်မာသံစဉ်လေးတွေနဲ့ စပါတယ်။ အမြဲ ကြားရတဲ့ သီချင်းကတော့ ”အတူးရေ..အသက်ရေ…ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ” ပေါ့။ ထို့နောက် ခေတ်ပေါ်သီချင်းတွေ မျိုးစုံကို အားပါးတရ စုံစုံလင်လင် ဖျော်ဖြေပါပြီ။ ကို ဆိုင်းဆရာတို့ နှပ်ပြီပေါ့ …အားပြီလေ။ အဲဒီအချိန်က တစ်ဖက်ခြမ်းက ခေတ်တီးဝိုင်း အလုပ်ချိန်။ မြန်မာ့ ဆိုင်းဝိုင်းကြီးနဲ့ ခေတ်တီးဝိုင်းက ဇာတ်စင်ရှေ့ ဘေးတစ်ဖက်စီမှာ နေရာယူထားတာပါ။
ပရိတ်သတ်ကြီးကလည်း အုန်းအုန်းခြိမ့်ခြိမ့် အားပေးကြတဲ့ အချိန်ပါ။ နန်းခင်မွှေးများ တစ်ပုဒ်လောက် ဟစ်ပြီဆို ပန်းကုံးတွေက ခေါင်းမြုတ်တော့မယ်။အရပ်ပုပု ဂုတ်ပုပုလေးနဲ့..ဟိ ဟိ.. လူရွှင်တော်တွေက နန်းဝင်း နန်းခင်မွှေး မောင်နှမကို စကြတယ်..၁၂ လက်မ ၁ ပေ၊ ၃ ပေ နန်းဝင်း ၁ မိသားစု ဆိုပြီး။ ရေမွှေးတွေက ရှလူး ရှလူး သွားသွား ဖျန်းကြသေးတာ။ စတိတ်ရှိုးနဲ့တင်ကို ည၀က်လောက်ကုန်ပါတယ်။
စတိတ်ရှိုးပြီးတော့ အော်ပရာ။ နှစ်ပါးသွား။ မိုးဝင်းတို့ ဇော်ဝင်းမောင်တို့ (မှတ်မိပြီ သူက ဘီအီးဒီ အောင်သိုက်ရဲ့သား) မန္တလေး သိန်းဇော်တို့က မင်းသားနှင့် မင်းသမီးတွေ အများကြီးနှင့် နှစ်ပါးခွင် ကကြတယ်။ ထူးခြားတာက နန်းဝင်း နန်းခင်မွှေး.. သူတို့ကျ မောင်နှမ ဆိုတော့ ”နှမတော် မောင်တော်ဘုရား” နှစ်ပါးသွားကလို့ မရပေဘူး။ အဲတော့ သူတို့ မောင်နှမက အသွင်တစ်မျိုးနဲ့ မောင်နှမ နှစ်ယောက် အဆို အက အငို အပြော ပြိုင်ကြတဲ့ ပုံစံနဲ့ ကကြတယ်။ ကျွန်မက အဲဒီ ခွင်ကို နှစ်သက်လွန်းလို့ အခုထိ မှတ်မိနေတုန်းပဲ။
ပထမဆုံး သူတို့ အဖိုး နန်းတော်ရှေ့ ဆရာတင်၊ ဖခင် ရွှေနန်းတင် တို့ ဓါတ်ပုံကြီးကို ချပြပြီး ကန်တော့ကြတယ်။ ပြီးတော့ မောင်နှမနှစ်ယောက် ငါတော်တယ် ငါကပိုတတ်တယ်နဲ့ ပြိုင်ကြတာပေါ့လေ။ အဲဒီ နန်းဝင်းတို့ မိသားစုက ကျွန်မတို့ မြို့ကို သံယောဇဉ်ရှိသတဲ့။ သူတို့ဖခင် ရွှေနန်းတင်နဲ့ သူတို့ မိခင်ကြီးဟာ နယ်စဉ်လျှောက်ကရင်း ကျွန်မတို့မြို့မှာ ပွဲကတဲ့အချိန် လက်ထပ်သွားကြလို့ပါတဲ့။ ပါးစပ်စကား ကြားဖူးတာပါ။
နှစ်ပါးခွင်ပြီးရင်တော့ မိုးလင်းလုပြီ။ နောက်ပိုင်းထွက်တော့ စိတ်မပါတော့ဘူး။ အိပ်ချင်နေကြပြီလေ။ တခါတရံ နောက်ပိုင်း ပြီးအောင် မကြည့်ကြဘူး။ နှစ်ပါးခွင်ပြီးရင် ပြန်ကြတာပဲ။
ဒါကတော့ မမတို့ အပျိုခေတ် ကျွန်မ ကလေး အရွယ်ကပေါ့။

No comments: