Wednesday, September 24, 2008

ငပျင်းဒန်ပေါက်


သောကြာနေ့က ဈေးသွားတော့ အိန္ဒိယဆိုင်ရောက်ဖြစ်တယ်။ ဒန်ပေါက်ချက်ဖို့ ဟင်းခတ်တွေအကုန်ရောပြီးသား အထုပ်လေးတွေ့လို့ ၀ယ်လာတယ်။ ဒန်ပေါက်ဆိုတာ တော်တော် ကရိကထများတာမို့လား။ လေးညှင်း၊ ဇီယာ၊ ကရဝေး၊ မဆလာ၊ နာနတ်ပွင့်၊ စပျစ်ခြောက် အများကြီး တစ်ခုစီရှာဝယ်ရတာ။ ပစ္စည်းတွေအားလုံးကလည်း ဂျာမန်လိုရေးထားတာဆိုတော့ ၀ယ်ဖို့က တော်တော်ခက်တယ်။ အင်္ဂလိပ်လိုတောင် အဲဒီပစ္စည်းနာမည်တွေ သိတာမဟုတ်ဘူး။ ခုတော့ အကုန်ပါပြီးသား အထုပ်ဆိုတော့ ချက်ရတာလွယ်သွားပြီလေ။



ဒီနေ့မနက်တော့ စောစောထပြီး ဒန်ပေါက်ချက်လိုက်တယ်။ ဘာခက်တာမှတ်လို့။ ဆန်ကိုပြုတ်ထား။ ကြက်သားကို ထောပတ်နဲ့ မဆလာနိုင်နိုင်နဲ့ချက်ထားပေါ့။ ဆန်ကျက်ခါနီးရင် ဆယ်ယူ၊ ရေစစ်ပြီး ကြက်သားချက်အနှစ်ရယ်၊ readymade ဒန်ပေါက်ဟင်းခတ်ထုပ်ဖောက်ထည့်ပြီး သမအောင် မွှေပေးလိုက်တယ်။ ပြီးတော့ အိုးထဲမှာ ထမင်းတစ်ထပ်၊ ကြက်သားတစ်ထပ်ထည့်ပြီး ပေါင်းအိုးနဲ့ပြန်ပေါင်းလိုက်တယ်။ ဒန်ပေါက်ထမင်းပြီးရော။ အအီပြေအောင် ကြက်ရိုးနဲ့မျှစ်ချဉ် ဟင်းရည်ချက်လိုက်တယ်။ ကုလားပဲကျတော့ ချက်ရတာကြာလွန်းလို့ ပဲကြားဗူးဖောက်ပြီး ကြက်သွန်နီနဲ့ ဆီသတ်လိုက်တယ်။

ပြီးလွယ်စီးလွယ် ချက်လိုက်တဲ့ ဒန်ပေါက်မို့ ငပျင်းဒန်ပေါက်ပေါ့နော်။
ဒါကတော့ ဘုရားဆွမ်းတော်ကပ်ထားတာပါ။



ဒါကတော့ သူငယ်ချင်းတွေဖို့ပေါ့။

No comments: