Thursday, August 13, 2009

ဒီနေ့

ဒီနေ့ ပတ်ဝန်းကျင်က တအား တိတ်ဆိတ်နေတယ်.....။

ဘရားသားတစ်ယောက်ပေးတဲ့ ကျားငါးကောင် တိုင်းရင်းဆေးကို ရမ်ဖြူ နဲ့ စပ်ထားတာ သောက်ကြည့်တာလည်းအဆင်မပြေဘူး..။ တကယ်ဆို ဒီရမ်ဖြူရောက်လာပုံကလည်း အပေါ်မီးအောက်မီးနဲ့ ဟင်းချက်ချင်တဲ့ သူငယ်ချင်း တစ်ယောက်က မီးတောက်မယ့် အရက်ဆိုပြီး ၀ယ်လာလိုက်တာ အယ်လ်ကိုဟော ရာခိုင်နှုန်း ၆၅ မပြည့်ပဲ ၄၃ ဖြစ်နေတော့ မီးမတောက်တော့သမို့ လွှဲလွှတ်လိုက်တဲ့ ပစ္စည်းပါ..။ဘီယာ သောက်မလား စဉ်းစားကြည့်တယ် မရဘူး..။ ဒါဆို ၀ိုင်ရော..။ အင်း..ထားလိုက်တော့..။

အယ်လ်ကိုဟော အပြင်းတွေဆို မသောက်တာ အတော်ကိုကြာနေပြီ..။ ဂျာမနီမလာခင် တစ်နှစ်လောက်အတွင်း အယ်လ်ကိုဟောအပြင်းတွေကို အတော်အတန် ထိတွေ့ခဲ့ဖူးတယ်..။ တကယ်တော့ စိတ်ကို ပျော်ချင်လို့သောက်ခဲ့တာ..။ ဂရန်းရှိုင်ရယ် ကို ပုလင်းဖုံးလေးဖွင့်ပြီး အဖုံးထဲ ထည့်လို့ အမြည်းမပါ သောက်ရင်း ၀ိုင်ဝိုင်း သီချင်းတွေကို လွမ်းဆွတ်ဖွယ်ရာ ညစဉ် တီးခတ်ပေးတတ်ခဲ့သော နာဂအမျိုးသား ကျွန်တော့် ဘော်ဒါကြီးလည်း လောလောဆယ် ဘေးနားမှာမရှိ..။ ဟုတ်မဟုတ်တော့ မသိ အင်္ဂလန်တွင် ရေကြောက်သောမြင်းကို ၀ီစကီလို့ နာမည် ပေးသည် လို့ မကြာခဏပြောပြီး ရေယူမလာတတ်သမို့ ရေသည် အရက်ဝိုင်းတွင်း သောက်စရာ တစ်ခုအနေဖြင့် ရှိမနေခဲ့သောကြောင့် အာခြောက်လှပါဘိတောင်း...။ တောင်တွေးမြောက်တွေး ဟိုလုပ်ဒီလုပ်နဲ့ တမနက်ခင်း ကုန်သွားခဲ့သည်..။

နေ့လည် စာတောင်ကောင်းကောင်း မစားဖြစ်ပဲ အခန်းတွင်း အောင်းနေလိုက်တာ ညနေရောက်တော့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဖို့လိုနေပြီ လူတွေနဲ့ စကားပြောဖို့ လိုနေပြီလို့ ခံစားမိတယ်..။ ဈေးဝယ်တာကို အကြောင်းပြပြီး လမ်းထွက်လျှောက်လိုက်တယ်..။ တကယ်တော့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက အားလုံးဝယ်ထားပြီးသား..။
ဈေးဆိုင်က အပြန် ကားလမ်းဘေး ကပ်လျှောက်လို့ သူငယ်ချင်းတွေနဲ့ စကားပြော နေတုန်း ကားလမ်းတစ်ဖက်ကို ကျော်လို့ ဖြတ်ကနဲ လှုပ်ရှားမှုတစ်ခုမြင်လိုက်တယ်.....။ နည်းနည်း အမှောင်ရိပ်ကျနေတဲ့ အထဲ ဒါလောက်သေသေချာချာ မြင်နိုင်စွမ်း ရှိလိုက်တာ သတိထားမိလိုက်တာ ကိုယ့်ကိုကိုယ် အံ့သြတယ်..။ လှုပ်ရှားမှုကို မြင်မြင်ခြင်း ဒါဘာဆိုတာ တမ်းပြီး သတိထားမိလိုက်တာကို ပိုအံ့သြသွားတယ်...။ သူများတွေကတော့ ဒါလောက်အံ့သြချင်မှ အံ့သြလိမ့်မယ်..။ ကားပေါ်က ပစ်ချသွားသလိုမြင်လိုက်တဲ့ ပိုက်ဆံအိတ်တစ်လုံး...။ ကလေးပါလို့ ကလေးက နောက်ခန်းကပစ်ချသွားသလား ဒါမှမဟုတ် ပစ္စည်း တစ်ခု အကျီတထည်ကို လှမ်းယူရင်းအမှတ်တမဲ့ ထွက်ကျသွားသလားတော့ သေချာမမြင်လိုက်ဖူး လက်တစ်ဝါးသာသာ ပိုက်ဆံအိတ်တစ်လုံးဆိုတာသိလိုက်တယ်...ပစ်ကျသွားတာလည်း ကားရဲ့ ဟိုဖက်ခြမ်းကို ပစ်ကျသွားတာ...အံ့သြစရာကောင်းလောက်အောင် ကိုယ်က မြင်ပြီး အဲဒါ ပိုက်ဆံအိတ်တစ်လုံးဆိုတာ အသေအချာသိလိုက်တယ်..။
အဲဒီကားကလည်း ဟိုဖက်ခြမ်းကနေ ဖြတ်သွား တာမို့ လှမ်းအော်လည်း မရဘူး..။ ဒီဖက်မှာလည်း ကားတွေ သွားနေတာမို့ ကားရှင်းအောင်စောင့် သွားကောက်..။ အထဲမှာ ဆက်သွယ်ဖို့ ဘာညာ လိပ်စာ ပါမလား ရှာကြည့် တော့ ကလေးတွေ ပုံနဲ့ အိတ်ပိုင်ရှင်ဟာ အမျိုးသမီး တစ်ယောက်ဖြစ်နေတယ်...။ ယူရို ၁၀ ထည့်ထားတာတွေ့တယ်..။ စိုးရိမ်တာက ဘဏ်ကဒ် နဲ့ ငွေလွှဲငွေပြောင်းလုပ်လို့ရတဲ့ password နံပါတ်တွေ TAN နံပါတ်တွေ ပါနေတာ..။ (စက်ကနေ တိုက်ရိုက်ထုတ်ယူလို့ရတဲ့ password နံပါတ် မှတ်ထားလောက်အောင်တော့ ရူးလိမ့်မည်မထင်)


ဂျာမန် ကျောင်းသားတစ်ယောက် အကူအညီတောင်း ရဲစခန်း ဖုန်းနံပါတ်မေး နောက် ရဲစခန်း 110 ဖုန်းဆက်တော့ ယူလာခဲ့ပါ ရဲစခန်း က ဘယ်လမ်းဘယ်လမ်းမှာနေတယ် ဆိုပဲ...။ ဟမ် ငါ့မှာလည်း အချိန်မရှိဘူး...။ ပြန်လွှတ်ပစ်ရင်ကောင်းမလားမသိ..။ လက်က ရွယ်နေပြီ..။
ကဲမထူးဘူး အဲဒီ ငတိ လက်အပ်ပြီး သူ့လမ်းကြုံနဲ့ ရဲစခန်းထည့်လွှတ်လိုက်တယ်..။ မင်း အပ်ပြီးရင် ငါ့ပြန်ဆက်ဆိုပြီး ဖုန်းနံပါတ် ပေးခဲ့လိုက်တယ်..။ ဘလော့တွေ လျှောက်ဖတ်နေတုန်း ငတိ ဖုန်းလာတယ်..ငါရဲ စခန်း အပ်လိုက်ပြီတဲ့..။ အေး ကောင်းကွာပေါ့..။
အင်းစိန်နေတုန်းက ဒူဘိုင်းက ဟိုတယ်မှာ အလုပ်လုပ်တဲ့ မြန်မာက အသိတစ်ယောက် ဧည့်သည်တည်းပြီးလို့ အိတ်တစ်လုံးကျန်တဲ့ အဖြစ်သွားသတိရတယ်..။ သူ့ဖားသား တဆင့်ပြန်ပြောလို့သိခဲ့ရတယ်..။ အဲဒီဆရာသမားက အိတ်လည်းတွေ့ရော မန်နေဂျာကို အကြောင်းကြားပြီး ပစ္စည်းတွေကို လူကြီးတွေဆီမှာ သိမ်းထားလိုက်တယ်..။ နောက်မကြာဘူး ဧည့်သည်ပြန်ရောက်လာပြီး ပစ္စည်းတွေကျန်ခဲ့တာ ယူပါတယ်ဆိုပြီး စွပ်စွဲပါသတဲ့..။ ဒီကလည်း လူကြီးစုံရာနဲ့ သိမ်းထားခဲ့တာ နောက်တော့ မငြင်းနိုင်ပဲ ပြန်သွားတယ်..။ အဲဒီဆရာသမားကို သူ့ကုမ္ပဏီက စံပြလုပ်သားဆုပေးပြီး အခန်းအနားနဲ့ ကောင်းကောင်း ဆုချတယ်....။ ရာထူးတက်သွားပြီး အပိုဆုအနေနဲ့ သူ့ညီကို အဲဒီမှာ အလုပ်ခန့်ခွင့်ရလိုက်တယ်..။ ကိုယ့်အဖြစ်ကတော့ ဓါးခုတ်ရာ လက်ဝင်ရှိုသလိုဖြစ်သွားလားမသိ...။ ဘာဆု ဘာရာထူးမှလည်း မရပါဘူး...။ ဖြစ်မယ့်ဖြစ် အမှုပတ်လာတာပဲ ဖြစ်မှာ..။ ဒါနဲ့ ပြီးလို့ အဆောင်ပြန်လာတော စာတိုက်ပုံးထဲ ဘာရှိနေသလဲဆိုတော့ ပိုက်ဆံသွင်းဖို့ အကြောင်းကြားတဲ့ စာဖြစ်နေတယ်...။ အင်း...ခုန ပိုက်ဆံအိတ်ထဲက ဘဏ်ကဒ်ယူ ငွေသွားထုတ် ပြီးတော့ ဒီမှာရှင်း ဘယ်လောက်ဟန်ကျမလဲ စိတ်ကူးကြည့်တာပါ...အဟဲ (တကယ်တော့ စက်ကထုတ်ယူလို့ရတဲ့ password ရေးထားတဲ့စာရွက် ကို ဒီလိုသိမ်းထားလောက်အောင် ရူးမယ်လို့မထင်)။
ဒီစာသာ စောစောတွေ့ပြီး အိတ်ထဲမှာ ယူရိုတွေ အပုံအပင်ရှိနေရင် ပြန်ပေးချင်စိတ်ရှိပါ့မလားမသိ...။

5 comments:

မေလေး said...

ဟိဟိ ဖြစ်မှဖြစ်ရတယ် နာ့အမရယ်။
တစ်ခါတစ်လေ ကူညီချင်တိုင်း မကောင်းဘူး မမရေ။
ခြေနှစ်ချောင်းလဲ မကယ်ကောင်းဘူးကို။

Ko Boyz said...

ကိုယ့်လိပ်ပြာကို လုံပါ။
ကိုယ်စောင့်နတ် ရှိမရှိ မသေချာပေမယ့် လူပြောသူပြောများနေတဲ့ ကိုယ်စောင့်နတ်ကို သတိထားပါ။
အခုလို မှန်မှန်ကန်ကန် နည်းလမ်းကို အသုံးပြုတဲ့အတွက် ဝမ်းသာမိပါတယ်။
ငရဲဆိုတာ ဘယ်အချိန်လာမယ် မသိပေမယ့် ပြုလိုက်မိလို့ ခံစားရတဲ့ စိုးရွံ့စိတ်က အခုလက်ငင်း ကိုယ့်ကိုယ် စိတ်ဆင်းရဲစေတဲ့ ဒုက္ခငရဲ ချက်ချင်း အကျိုးပေးပါတယ်။ ခုတော့ စိတ်လက်ချမ်းသာစွာနဲ့ အိပ်စက်နေရတယ် မဟုတ်ပါလား။
အဟောသုခံ ... ချမ်းသာပေစွ။

khin oo may said...

စာရေးကောင်းတယ် သဘောကျတယ်။

Angel Shaper said...

အော်ဟော်...မရယ်
ဖစ်မှဖစ်ရလေတယ်နော်။။။။။။
ဘာပဲပြောပြော ကူညီတတ်တဲ့ စိတ်ထားလေးကို လေးစားရမှာပါ။ ဟုတ်တယ်ဟုတ်။

လင်းကြယ်ဖြူ said...

အများအကျိုးဆောင်တော့ ကိုယ့်အကျိုးအောင်ပါလိမ့်မယ်
ပျော်ပါစေခင်ဗျ