Monday, July 13, 2009

Vatican City : ရောမကို ရောက်ခဲ့တယ် (၂)

အီတလီရောက်ရင် မသွားမဖြစ် သွားရမဲ့ နေရာကတော့ နာမည်ကျော် Vatican City ပေါ့ရှင်။
ကမ္ဘာ့မြေပုံပေါ်မှာ အသေးငယ်ဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံကတော့ Vatican ပဲပေါ့။ နိုင်ငံနယ်စပ်ကို နံရံတွေကာထားတဲ့ Vatican တိုင်းပြည်လေးကို ရောမမြို့ကြီးက ၀န်းရံထားပါတယ်။ ဒီနိုင်ငံလေးကို အုပ်ချုပ်သူကတော့ ရိုမန်ကက်သလစ် ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။
Vatican သို့ သွားရာလမ်းတလျှောက် ရှုခင်းများ





ခမ်းနား လှပတဲ့ အဆောက်အဦးတွေ ၊ ရုပ်တုတွေကတော့ တစ်မြို့လုံးအနှံ့ တွေ့ရတယ်။ တကယ့်ကို ဒဏ္ဍာရီထဲက စိတ်ကူးယဉ် မြို့တော်ကြီးလိုပါပဲ။
Vatican သို့ အ၀င်လမ်းမှာ ရှိတဲ့ Castel Sant’ Angelo ပါ။ Tiber မြစ် အနောက်ဖက်ကမ်းမှာရှိပြီး သာယာလှပတဲ့ နေရာတစ်ခုပါ။ မြစ်တလျှောက် တံတားလေးတွေ အစီအရီ ထိုးထားပြီး ကမ်းအစပ်မှာ ခမ်းနားလှပတဲ့ အဆောက်အဦးတွေနဲ့။ စိတ်ကူးယဉ် ပန်းချီကားတစ်ချပ်လိုပါပဲ။ လူကိုယ်တိုင် ပန်းချီကားထဲ ၀င်သွားရသလို ခံစားရပါတယ်။






ဒီ Castel Sant’ Angelo ဟာ ဟိုးအရင်တုန်းက Mausoleum တဲ့။ နောက်ပိုင်းတော့ တရားရုံး အဖြစ် အသုံးပြုခဲ့ကြတယ်။ အေဒီ ၂၇၅ နောက်ပိုင်းမှာ Vatican ဧရိယာထဲကို သွင်းလိုက်ပါတယ်။ ပုပ် တွေ လက်အောက်ကို ရောက်လာတော့ ဒီ Mausoleum ကြီးကို ခံတပ်၊ နန်းတော် အနေနဲ့ အသုံးပြုခဲ့ကြတယ်။ Pope Gregory လက်ထက်မှာ အပျိုစင်တစ်ယောက်ကို အပြစ်မှ လွတ်ကင်းစေရန် သေဒဏ်စီရင်ဖို့ ပြင်ဆင်နေကြစဉ် ကောင်းကင်မှာ နတ်မင်းတစ်ပါး ပေါ်ထွက်လာခဲ့တယ်။ နတ်မင်းက သူ့ဓားနဲ့ Castle ရဲ့ ခေါင်မိုးပေါ်မှာ ဒီမိန်းကလေးအတွက် အပြစ်ဒဏ်ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း အမှတ်အသားတစ်ခု ရေးခြစ်ပြခဲ့တယ်။ အဲဒါကို အစွဲပြုပြီး Castle Sant’ Angelo ရယ်လို့ အမည်တွင်ခဲ့ပါတော့တယ်။
အခုတော့ Castle Sant‘ Angelo ဟာ Museum တစ်ခုပါ။ သွားရောက် လေ့လာသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကဲ….Vatican ကို ၀င်ကြစို့။

Vatican သို့ အ၀င်လမ်း

Vatican City ရဲ့ အထင်ရှားဆုံး ကမ္ဘာကျော် ”St. Peter’s Basilica” Church ပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး Church ပါ။ ရိုမန်ကက်သလစ် ဘာသာရဲ့ အမြင့်မြတ်ဆုံးလို့ သတ်မှတ်တဲ့ Church ကြီးလည်း ဖြစ်ပါတယ်။ ဒီ Church အတွင်းမှာ လူပေါင်း ၆၀၀၀၀ ကျော် တချိန်တည်း ၀င်ပြီး ၀တ်ပြုနိုင်ပါတယ်။


Michelangelo ရဲ့ ပြာရိပ်သမ်းတဲ့ ငွေရောင် Dome ကြီးက ကောင်းကင်ထက်မှာ တိမ်တွေနဲ့ ရောယှက်လို့ ပျံတက်တော့မလိုလို။

ဒါက Dome ရဲ့ အတွင်းပိုင်း


ရောမမှာ အကြီးဆုံး square က ဒီ ”St. Peter’s Basilica” Church ရှေ့က square ပေါ့



အခုလက်ရှိ ပုပ် Pope Benedict XVI က ဂျာမန်ကပါ။ ဒါကြောင့်လည်း ဖယောင်းရုပ်တုပြတိုက် မှာ သူ့ရဲ့ ပုံတူကို ထုထားတာပေါ့။ Pope ပြည်သူတွေနဲ့ ထွက်တွေ့ဆုံချိန်နဲ့ ကြုံလို့ မှတ်တမ်းတင်ခဲ့သေးတယ်။



St. Peter ထဲ ၀င်ကြည့်ကြမယ်။

Michelangelo ရဲ့ ကမ္ဘာကျော် လက်ရာ Pieta



Dome ပေါ်ကို တက်ခဲ့ကြတယ်။ ဓါတ်လှေကားနဲ့ တက်ခြဲ့ပီး အပေါ်ဆုံးနားရောက်တော့ ကြောင်လိမ်လှေကားကျဉ်းလေး တဆင့် ထပ်တက်ရတယ်။ အသည်းတယားယား ခေါင်းကလဲ မူးပါ့။

Dome ပေါ်က လှမ်းမြင်ရတဲ့ Vatican နိုင်ငံ ရှုခင်းများ

တခါက Swiss စစ်သားတွေက Pope တစ်ပါးကို အသက်ဘေးမှ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ဖူးတာမို့ အဲဒီအချိန်ကစလို့ ယနေ့အထိ Swiss အစောင့်တွေကိုပဲ အလုပ်ခန့်ထားပါတယ်။ အဲ. တံခါးအတွင်းထဲကို လုံးဝမ၀င်ရဘူးရှင့်။ ရပ်နေလိုက်တာများ တောင့်တောင့်ကြီး။ မြင်မြင်ချင်းတုန်းက ရုပ်တုတွေပဲ ထင်နေတာ။ ဒီတိုင်း သမန်ကလျှံကာ ကြည့်ပြီး ကျော်သွားခဲ့တာ။ နောက်မှ ”အဲဒါ အစောင့်၊ လူတွေ လေ” ဆိုမှ နောက်တစ်ခေါက် သွားပြန်ကြည့်တယ်။



ref: Book 'Rome and the Vatican'

11 comments:

လပြည့်ရိပ် said...

ရောမမြို့ကိုရောက်သွားတယ်.... ပုံတွေရှယ်တဲ့အတွက် ကျေးဇူးပဲနှော်....

Anonymous said...

Vatican City ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ တန်ဖိုးထားရတဲ့ နေရာတွေကို အစဉ်မပြတ် ထိန်းသိမ်းထားတော့ နာမည်ကြီးတာပေါ့နော်။
ကြည့်ရလို့ ကျေးဇူးပါ၊ ရှာဖတ်ရတာနဲ့စာရင် လူတယောက်က ဒီလိုလိုက်ပြတော့ ပိုပြီးအသက်ဝင်တဲ့ အမြင်မျိုးရစေတယ်လေ။

Yu Ya said...

အခုလို ပုံတွေနဲ့အတူ မျှဝေပေးတာ ကျေးဇူးအရမ်းနဲ့တင်တယ်.. မဟာဆန်ရေ..ကိုယ်တိုင်ရောက်သွားသလိုပဲ ခံစားလိုက်ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

လင်းကြယ်ဖြူ said...

ပုံတ္ဂေ တအားလှတယ်ဗျိုး..Wallpaper လုပ်ဖို့တောင်ကောင်းတယ်..
မရောက်ဖူးတဲ့နေရာကို ရောက်ရသလိုပါပဲ...ကျေးဇူးတင်တယ်နော်..
ပျော်ပါစေခင်ဗျာ

Shinlay said...

လွမ်းလိုက်တာ။
ရာဇ၀င်ထဲရောက်သွားသလိုပဲ.. ကျေးဇူးပဲ....

သားကြီး said...

မုဒိတာပွားမိပါတယ်
ကိုကိုယ်တိုင်ရောမမြို့ထဲရောက်သွားသလိုပါပဲ
Castle Sant’ Angeloရဲ့နာမည်ဖြစ်တည်ပုံလေးဒဏ္ဍာရီကဆန်းတယ်နော်

Unknown said...

Vatican City က ဗိသုကာအလှက ကမ္ဘာကျော်တယ်ဗျ။
ကံကောင်းလိုက်တာ..... ဓာတ်ပုံထဲမှာကို အတော်လှတာ.... အပြင်မှာလဲ အတော်လှမှာနော်....

ဇော် said...

အားကျလိုက်တာဗျာ။
အရမ်းလှတယ်နော်။
မြန်မာပြည်မှာလဲ အဲ့လိုရှိရင် သိပ်ကောင်းမှာ။ =)

မီးမီးချစ် said...

သွားချင်လာပြီ နော် ပိုက်ပိုက် ကလဲ မရှိဘူး..
အားကျလိုက်တာ

မဟာဆန် said...

ပိုက်ပိုက်ရှိလွန်းလို့သွားတာမဟုတ်ဘူး...အဲဒီတုန်းက လေယာဉ်ခတွေ ဈေးလျှော့ပေးနေလို့..နောက်ပြီး သူငယ်ချင်းတွေက အသင့်စီစဉ်ပြီးလှမ်းခေါ်လို့..နောက်ပြီးဗီဇာတကူးတက လျှောက်စရာလည်း မလိုလို့....နောက်ပြီး...နောက်ပြီး....စသည်ဖြင့် နောက်ပြီးပေါင်းများစွာကြောင့်..အခက်အခဲမရှိရောက်သွားတာ....။

ကျောပိုးအိတ် said...

မမရေ

စိတ်ပူပေးတာ အရမ်းကျေးဇူးတင်တယ်နော်။
နေက ကောင်းသွားပြီမမ။ လက်လဲ ကောင်းသွားပြီ။ လောလောဆယ် ရုံးအလုပ်တွေနဲ့  နပန်းလုံးနေရလို့ ပါ။
း)

သမီးထင်တာလေ
ကမ္ဘာ့မြေပုံပေါ်မှာ အသေးငယ်ဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံကတော့ Vatican ပဲပေါ့။
ဆိုလို့  တော်တော်သေးတယ်ထင်တာ။(တုံးတာလဲပါတယ် အဟိ)

အရမ်းလှတာဘဲမမရယ်။ ဓါတ်ပုံရိုက်တဲ့သူကဘဲ တော်လို့ လားသိဘူး အရမ်းလှတယ်။

ဒါမယ့် အဲအလှတွေထဲက သနားစရာတွေ တွေ့ သွားတယ်။

မြန်မာမှာ ဘာလို့ အဲလိုမျိုး မရှိတာလဲ။
နောက်တဟ်ခုက ဂိတ်မှာစောင့်နေတဲ့ စောင့်တွေ။ မညောင်းဘူးလားမသိဘူနော်။
း)

မမလိုက်ပို့ တာနဲ့ သမီးလဲအကုန်ရောက်ဘူးသွားပြီ။ ကျေးဇူးးးးးးးး
း)