Thursday, June 11, 2009

လှယဉ်ကျေးမယ်

မနေ့ညက ဗီယက်နမ်မှာ လုပ်သွားတဲ့ Miss Universe 2008 ကို ကြည့်မိတယ်။
အိမ်နားက ကောင်မလေးတွေတောင် ၀င်ပြိုင်နေကြတယ်... တို့အိမ်က မြန်မာလှပျိုဖြူလေးတွေလည်း မပါကြဘူးနော်။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ မြန်မာပြည်မှာ လှယဉ်ကျေးမယ်ပြိုင်ပွဲတို့၊ ပြုံးအလှပိုင်ရှင်ပြိုင်ပွဲတို့ တော်တော် ခေတ်စားတယ်။ ကျွန်မတို့ သူငယ်ချင်း အုပ်စုက ပွဲတိုင်းကျော်ပေါ့။ စင်အောက်က ကြည့်တာပြောပါတယ်။ အကြောင်းရင်းက အဖေတွေနာမည်နဲ့ မေတ္တာလက်မှတ် ရသကိုး။


ဟိုစဉ်တုန်းက ကျွန်မတို့ မြို့ငယ်လေးမှာလုပ်ခဲ့တဲ့ လှယဉ်ကျေးမယ် ပြိုင်ပွဲလေးတစ်ခုကို သတိရမိပါရဲ့။ ပြိုင်ပွဲဝင် လှယဉ်ကျေးမယ်လေးတွေက ငယ်ငယ်ချောချောလေးတွေချည့်ပဲ။ ကျွန်မတို့နဲ့ အတန်းတူ ၈တန်း ၉တန်း အရွယ်လေးတွေ များပါတယ်။ အလှမှာ ငယ်သွေးပါတော့ ချစ်စဖွယ် လေးတွေပေါ့ရှင်။
အရင်ဆုံးတော့ အားလုံးသိကြတဲ့အတိုင်း မိမိကြိုက်နှစ်သက်ရာ ပို့စ်လေးတွေနဲ့ ပြိုင်ကြတာပေါ့။ အသက်ငယ်ပေမဲ့ ဖွံ့ဖွံ့ထွားထွားဆိုတော့ လှချင်တိုင်းလှကြတာပေါ့။ “လှယဉ်ကျေးမယ်“ဆိုတဲ့ ပြိုင်ပွဲခေါင်းစဉ်အတိုင်း “အယဉ်“လေးနဲ့ အလှကို အနားကွပ်ထားသေးရဲ့။
ဒိုင်လူကြီးတွေကလည်း မျက်မှန်အဖြူကြီးတွေ (ပါဝါမျက်မှန် ပြောပါတယ်)တပ်ပြီး အမှတ်ပေးကြတာပေါ့။ အလှည့်ကျ လမ်းလျှောက် ပို့စ်ပေး ပြိုင်ပြီးတဲ့အခါ အင်တာဗျူးလေးတွေ စပါတယ်။
“လှယဉ်ကျေးမယ်“ ရွေးချယ်မှုမှာ ရုပ်ရည်လှပ၊ အချိုးအစားပြေပြစ်၊ အနေအထိုင် သိမ်မွေ့တဲ့အပြင် စကား အပြောအဆို လိမ္မာယဉ်ကျေးလို့ ဗဟုသုတကြွယ်ဝဖို့လည်း လိုအပ်ပါတယ်။ သုတကြွယ်ဖို့ ဆန်းစစ်စို့ပေါ့လေ။
“ယခုတဖန် ချစ်ဖွယ်သော စကားလေးတွေနဲ့ ဖြေဆိုဖို့ အလှည့်ကျသူကတော့ ခါးနံပါတ်( )..သမီးလေး မ.....ဖြစ်ပါတယ်ရှင်“
ကောင်မလေးက ပေါ့ပါးသွက်လက်တဲ့ ခြေလှမ်းလေးတွေနဲ့ ကြွကြွရွရွလေး လှမ်းထွက်လာပါတယ်။ မျက်ဝန်းလေးတွေက ကြည်လင်လို့ ချစ်စရာ အပြုံးလေး ဆင်မြန်းလို့ပေါ့။ နဂိုရုပ်ခံ အလှပေါ်မှာ ငယ်သွေးစွက်လို့ တောက်ပလန်းဆန်းနေပါတယ်။ ရင်ဖုံးလက်ပြတ်၊ လေးလွှာအပိတ် စကပ်ထမီ အ၀ါရောင် ၀မ်းဆက်လေးဝတ်ထားပါတယ်။ အဲဒီတုန်းက သုံးလွှာအခွဲ မ၀တ်ကြပါ။ လေးလွှာ စကပ်ထမီဝတ်တာကပဲ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ ခေတ်မီဒီဇိုင်း ဖြစ်ပါတယ်။
“လှယဉ်ကျေးမယ်“ ဆိုတဲ့ စကားလုံးနှင့်အညီ မြန်မာဟန်နဲ့ လှပသိမ်မွေ့ပါတယ်။ မေးခွန်းတွေ ဖြေတော့လည်း အင်မတန်မှ နူးညံ့ချိုသာစွာ ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်မဲ့ပုံပါ။ စကားပြော လိမ္မာယဉ်ကျေးမှုလည်း ပါတယ်လေ။
မေးခွန်းကို ဒိုင်လူကြီးတစ်ဦးက မဲနှိုက်လိုက်ပါတယ်။ လှယဉ်ကျေးမယ်လေး ကတော့ စင်ပေါ်က ပြုံးပြုံးလေး စောင့်နေတာပေါ့။ ဒီအချိန်မှာ ဘယ်လောက် ခက်ခဲတဲ့ မေးခွန်း ရလာမလဲ ဆိုတဲ့ စိုးထိတ်မှုကတော့ ရှိနေမှာပါ။ ဒါပေမဲ့ သူ့မျက်နှာမှာ အဲဒီ စိုးရိမ်မှုအရိပ် လုံးဝ မထင်ဟပ်ဘူးရှင်။ ဘာမေးခွန်းလာလာ အေးဆေးဖြေနိုင်ပါတယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ခေါင်းလေးကိုမော့လို့။
ဒိုင်လူကြီးက မေးခွန်း မဲလိပ်လေးကို ဖွင့်လိုက်တယ်။
“သမီးလေးကိုမေးချင်တာကတော့ “အနန္တော အနန္တငါးပါး“ ဆိုတာ ဘယ်သူတွေလဲ“
ဖူးသစ်စ မြန်မာ သမီးပျိုလေးဆိုတော့ ဒီမေးခွန်းလေးက သင့်တော်ပါတယ်။ ဒီအရွယ်နဲ့ ဒီမေးခွန်း မျှတပါတယ်။
လှယဉ်ကျေးမယ်လေးက ပြုံးပြုံးလေးနဲ့ ချိုချိုသာသာ ဖြေဆိုလိုက်ပါတယ်။
“ဟုတ်ကဲ့ “အနန္တော အနန္တငါးပါး“ ဆိုတာ သမီး မသိပါဘူးရှင်“
စမ်းရေစီးသံလို အေးမြကြည်လင်တဲ့ အသံလေးနဲ့ ဖြေဆိုပြီးသကာလ ပရိသတ်ကြီးကို လက်အုပ်ချီဂါရ၀ပြုပြီး လှပတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ သူ့နေရာလေးဆီကို ပြန်လှမ်းသွားပါတော့တယ်။


2 comments:

လင်းကြယ်ဖြူ said...

အင်း..တော်တော်လေးကို လေ့လာထားပြီးပြင်ဆင်ထားတဲ့ လှယဉ်ကျေးမယ်လေးပါလား..လှတော့လှမှာပါ..
ယဉ်ကျေးမှုဆိုတာကတော့ ..အင်း....
တော်တော်လေးအဓိပ္ပါယ်ရှိတဲ့ Post လေးပါခင်ဗျာ

ShwunMi- said...

အဲ . .
ဟာသလိုလိုပေမယ့် ဝမ်းနည်းစရာကောင်းနေပါလား..
^_^!