Monday, September 8, 2008

စာအုပ်များနှင့် ကစားခုန်စား

ရွာကလေးကို ခွဲခွာခဲ့ရသည်မှာ ကြာလေပြီ။ တရွာတည်းနေ ကစားဖော်များ၊ အတန်းဖော်များ၊ သူငယ်ချင်းများနှင့် ခွဲခဲ့ရသည်မှာလည်း (၁၁) နှစ်ခန့်ရှိလေပြီ။ ငယ်စဉ်ကနေ ယနေ့ထိ သူနှင့်အတူ သွားလေရာလိုက်ပါခဲ့သော ကစားဖော်သည်ကား တစ်ဦးသာရှိသည်။ ကစားဖော်ဟုဆိုသော်လည်း သူ၏ အစ်ကို၊ အစ်မ၊ အဖေ၊ အမေ၊ အဘိုး၊ အဖွား၊ နှင့် အိမ်နီးနားခြင်းတို့ကဲ့သို့ သူ့တို့၏ အတွေ့အကြုံ အထင်အမြင်တို့ကို အမြဲတမ်းပြောပြတတ်သော သူငယ်ချင်း မကသော သူတစ်ယောက် သာဖြစ်သည်။ ရွာကလေးသည် ၎င်း၊ သူငယ်ချင်းများသည်၎င်း သူ့တနယ်တကျေးမှ ပြန်လာတိုင်း စိမ်းယောင်မပြခဲ့ဖူးပါ။ နှစ်တွေကြာသည့်တိုင်အောင် သူ မနေ့တစ်နေ့က ထွက်သွားခဲ့သလိုပင် အရာရာသည် သူနှင့် ရင်းနှီးလျက် ကြိုဆိုမြဲပင်။ သို့သော် ထိုကစားဖော်ကဲ့သို့ သူသွားလေရာ မလိုက်ပါနိုင်ခဲ့ပါ။ သူစိတ်ဓါတ်ကျတိုင်း သူစိတ်ညစ်တိုင်း သူငယ်ချင်းများက အားပေးပါ၏ သို့သော် ထိုကစားဖော်ကဲ့သို စိတ်ဓါတ်ကျနေချိန်တိုင်း အနားမရှိသလို ထိုကစားဖော်ကဲ့သို့ အတွေ့အကြုံမစုံလင်ကြပါ။

သူ့ဘ၀ တွင် U-turn ဟုခေါ်သော တစ်ဆစ်ချိုးအချိုးအကွေ့ တစ်ချို့ ရှိခဲ့သည်။ ထိုအချိုးအကွေးတို့သည် သူ့ငယ်ပေါင်းကြီးဖော်နှင့် ပတ်သက်သည်ချည်းပင်။ တစ်ခြားသူများအဖို့ဆန်းကြယ်ကောင်းမှ ဆန်းကျယ်မည်ဖြစ်သော်လည်း သူ့အတွက်တော့ ထူးခြားသည့် အလှည့်အပြောင်းများပင်။ သမားရိုးကျ ပြောင်းလဲခြင်းမျိုးမဟုတ်ပါ။ ငယ်ပေါင်းကြီးဖော်သည် သူဖြတ်ကျော်ခဲ့ရာ အလှည့်အပြောင်းတစ်ချို့ ရောက်တိုင်း သူ ကျေးဇူးပြုတော့သည်။

သူ့စရိုက်စိတ်ထားအရ အိမ်နှင့်ခွဲ၍ ရင်းနှီးမှုမရှိခဲ့ဘူးသော ကြီးတော်နှင့်အတူနေ ပြည်မြို့တွင် ၁၀ တန်းတက်ရန်ဆိုသည်မှာ တော်တော်မလွယ်သည့်ကိစ္စဖြစ်သည်။ ဒါက သူ့ဘက်က အားနည်းချက်ပါ။ မိဘဖက်ကရော၊ ကိုင်း၊ ယာမှ ထွက်သော သီးနှံဖြင့် တစ်နှစ်စာ စရိတ်လုံလောက်အောင်ရှိကြသော်လည်း လစဉ်ပုံမှန်စရိတ်ထုတ်နုတ်၍ ကျောင်းစရိတ်ပေးဖို့ဆိုသည်မှာ တော်တော်မလွယ်သည့်ကိစ္စပါ။ ဒီနေရာမှာ သူ့စိတ်ထက်သန်မှု အဓိကလိုသည် သူတောင်းဆိုခဲ့သည် ပြည်မှာ ကျောင်းနေချင်သည်ဟူ၍။ ဤတောင်းဆိုချက်သည် သူ့ဘ၀ အပြောင်းအလဲတစ်ခုကို ဖြစ်စေခဲ့သည်။

တစ်နှစ်တာ ပတ်လုံးအိမ်သို့ မပြန်ပဲ အဖေ့ ညီမ ကြီးတော်ရှိရာ သရေခေတ္တရာ ပြည်မြို့ သစ်တွင် ကြီးတော်၊ အဖေ့ညီ အငယ်ဆုံးဦးလေး နှင့်အတူ နေထိုင်ရင်း ဆယ်တန်းစာမေးပွဲ ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့ ကြိုးစားခဲ့သည်။ အခြားသူများ ဂုဏ်ထူးဘယ်နှစ်ခုပါမည် ဘယ်လောက်မှန်းသည် မြိုင်မြိုင် ကြီး ပြောဆိုယှဉ်ပြိုင်၍ သူ့ထက်ငါ ကြိုးစားနေကြချိန်တွင် ထိုအရာများနှင့် လွတ်ကင်းလျက် သူနှင့်ဘာမှ မဆိုင် သလိုပင်။ ဒါကလည်း သူတမင် လုပ်ယူထားခြင်း မဟုတ်သလို စိတ်ပျက်အားလျော့နေခြင်းလည်း မဟုတ်ခဲ့ပါ။ သူလုပ်နေသော အရာကိုသာ သူနိုင်သလောက် လုပ်မည်။ သူလုပ်နိုင်သလောက်သူ ရမည် ဒါပဲ သိသည်။ တကယ်လည်း သူဖြတ်သန်းခဲ့သော တစ်လျောက်လုံးမှာ ဒီအတိုင်း ကျင့်သုံးခဲ့သော သူ့ လမ်းစဉ် ဖြစ်ခဲ့သည်။ ကျောင်းစာတွင် ထူးချွန်ထက်မြက်လွန်းသော လူငယ်များထဲမှာ သူမပါခဲ့ပါ။ ကျောင်းစာ ဟူသည် သူ့အတွက် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ဟုလည်း သူက ခံယူထားသေးသည်။ ဆရာပေးသော လေ့ကျင့်ခန်းများကို ပုံမှန် ၀တ္တရားအရ လုပ်ပြီး လျှင် သူ့တာဝန်ကျေပြီဟုမှတ်ယူ ခဲ့သူသာ ဖြစ်သည်။ သူ၏ ငယ်ဘ၀ကို သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြင့်သာ အေးချမ်းစွာဖြတ်သန်းခဲ့ လေသည်။

သူ့အတွက် အကောင်းဆုံးနှင့် အနှစ်သက်ဆုံးသော အလုပ်တစ်ခု သို့မဟုတ် ၀ါသနာတစ်ခုမှာ စာဖတ်ခြင်းဖြင့် သူ့စိတ်ကို အပန်းဖြေတတ်ခြင်းပင်ဖြစ်သည်။ အခြားသူများ ပြောသလို အရေးကြီးလှပါသည်ဆိုသော ငယ်ဘ၀၏ တစ်ဆစ်ချိုး ဖြစ်နိုင်သော ဆယ်တန်းစာမေးပွဲ ဖြေနေစဉ် အချိန် အတောအတွင်းတွင်ပင် ဖတ်စရာ တစ်ထွေးကြီးများဖြင့် စာကြည့်ရင်း အပျင်းပြေ သဘောဖြင့် စာဖတ်လေ့ရှိသည်။ တကယ်တော့ ကျောင်းစာထက် ထိုစာအုပ်များဖတ်ရခြင်းကို ပို၍ နှစ်သက်သူသာဖြစ်သည်။ စာအုပ်များ ခေါ်ဆောင်သွားရာ လိုက်ပါသွားရင်း ပင်လယ်ပြင်ရောက်လိုက် အမေရိက ရောက်လိုက်၊ အာဖရိက ရောက်လိုက်၊ မြန်မာပြည်၏ အစွန်အဖျားဒေသတွေ ရောက်လိုက် ဖြစ်နေတတ်သည်။ အထက်တန်း GTI ကျောင်းသားဘ၀ထိ တစ်ခါမျှမရောက်ဘူးခဲ့ သော ရန်ကုန်မြို့ ကို သူ စာအုပ်ထဲမှ အကြိမ်ကြိမ် ကျင်လည်ဘူးသည်။ စိတ်ကူးယဉ်ခြင်းသည် အကောင်းဆုံး အပန်းဖြေစရာ တစ်ခုဖြစ်သည် ဆိုသည် မှာ သူ အတွက် ပြောခဲ့လေသလား ဆိုရမလောက်ပင်။ စာအုပ်များ ဘာအတွက် အသုံးချမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖတ်ခြင်းမျိုးမဟုတ်ခဲ့ဟု ဆိုလျင် စာဖတ်ညံ့သောသူဟု အခြားသူများ ဆိုလိမ့်လေမည်မသိ။ စာအုပ်သည် သူ၏ ကစားဖော်တစ်ခုသာပင်ဖြစ်သည်။ စာကြီးပေကြီးလည်း ဖြစ်ချင်မှဖြစ်မည်။ အသုံးဝင်သောစာ ဟုတ်ချင်မှဟုတ်မည်။ သူကတော့ ကစားဖို့သာ အဓိကထားလေသည်။ ကလေးတစ်ယောက်ကဲ့သို့ပင် ဖတ်၍ကောင်းသော ကစား၍ကောင်းသောစာသည် သူ့အတွက် သူငယ်ချင်းပင်။

ရွှေသွေးနှင့် မိုးသောက်ပန်းသည် သူပထမ ဆုံးထိတွေ့ခွင့်ရသော ကစားဖော်များဖြစ်သည်။ သတင်းစာ မရောက်သော သူတို့ရွာကလေးတွင် သတင်းဦး သတင်းထူးဆိုသည်မှာ ကြံခင်းမြို့ မော်တော်ဘုတ် ဆိုက်ချိန်တွင် သာဖြစ်သည်။ ဈေးရောင်းသော အမေက ကြံခင်းမြို့ ကို ဈေးဝယ်သွားသူ ကုန်ထမ်းသမားကို ရောင်းကုန်များမှာရင်း သိုင်းဝတ္ထု ဖတ်လေ့ရှိခြင်းက သူ့ကို သိုင်းလောကထဲ ဆွဲခေါ်သလိုဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ သိုင်းဝတ္ထု အတွဲများကို အမေက ဦးထားသဖြင့် သူတို့ မောင်နှမ နှစ်ယောက်က အပိုင်း၂ ဒါမှမဟုတ် အပိုင်း ၃ ကို စဖတ်ရလေ့ရှိသည်။ အဖေနှင့် အမေက ကျောင်းစာမဟုတ်ပဲ အခြားစာအုပ်များ အချိန်ကြာမြင့်စွာ ဖတ်ခြင်းကို သာမန်မျှ တားမြစ်လေ့ရှိပြီး၊ အချစ်ဝတ္ထုဖတ်ခြင်းကိုတော့ ငေါက်ငန်း၍ တားမြစ်လေသည်။

အမေ စာအုပ်မမှာသော နေ့များဆိုလျှင် သူ နေထိုင်သော (သူက အဖိုးအဖွားနှင့် အတူနေ၍၊ သူ့ညီမက အမေ အဖေ နှင့် အတူနေသည်။) အဖိုးအဖွား ခြေရင်းအိမ် သည် သူ့အဖွား၏ မောင် အိမ်ဖြစ်သည်။ သူသည်မကြာခဏ ဆိုသလို ၎င်း အိမ်ရှိစာအုပ်စင်ကို မွှေနှောက်လေ့ရှိသောသူ သာဖြစ်သည်။ ခင်မြင့်ကြီး ၀တ္ထု (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)၊ သီဟသေနာပတိ (ပါရဂူ)၊ မဟာပါရာယန၀တ္ထု (ရှင်မဟာသီလ၀ံသ) တို့သည် ရွယ်တူ ကစားဖော်အငယ်များ မရှိသည့်နေ့တွင် အပျင်းပြေကစားသော သက်ကြီးကစားဖော်များ ဖြစ်ကြသည်။ သူ ငှက်ပစ်ခြင်း ငှက်ထောင်ခြင်းများ ကိုငေါက်ငန်းတားမြစ်တတ်သော အဖိုးလေး ဦးခင်မောင် (သူ့အခေါ် ဘဘ) သည် သူ့စာအုပ်စင် ကို မွှေနှောက်လှန်လှောခြင်းကို ဘာမှမပြောခဲ့သလို သူ့ဝမ်းကွဲအဒေါ်များကလည်း လိုးလားကြည်ဖြူခဲ့လေသည်။

ပျင်းရိဖွယ် ခြောက်သွေ့သော နွေကျောင်းပိတ်ရက်များ၊ သစ်ရိပ်ဝါးရိပ်များတွင် ရွာမှ ကာလသားများ ပြုလုပ်လေ့ရှိသော ဘော်လီဘောပွဲ ၊ ကြက်ပွဲ မရှိသော နေ့ရက်များ၊ အမေ စာအုပ်မငှားဖြစ်သောနေ့များ ဆိုလျှင် သူ့အတွက် ရွယ်တူကစားဖော်ရှာရခက်လေသည်။ ဒါဆိုရင်တော့ အမေ ၀ယ်ယူထားသော ကလျာ ကဲ့သို့သော မဂ္ဂဇင်းအဟောင်းများ၊ ရုပ်ရှင်မဂ္ဂဇင်း အဟောင်းများ သည် အစ်မကြီးများကဲ့သို့၎င်း၊ ဓနမဂ္ဂဇင်းများ နွယ်နီမဂ္ဂဇင်းများသည် သူနှင့် မကျွမ်းဝင်သေးသော ကိစ္စများကိုပြောပြတတ်သော အစ်ကိုကြီးများကဲ့သို့၎င်း၊ အဖေသိမ်းဆည်းထားခဲ့သော မဟာဘုတ်၊ မုတ်ထုတ်ဆရာတော် အင်္ဂ၀ိဇ္ဇာ ဓါတ်ကျမ်းများ၊ ပုဂ္ဂလပညတ် အခြေခံဓါတ်ကျမ်း၊ ကိုင်ရိုလက္ခဏာစာအုပ်များ သည် ရှေးလွမ်းမောဖွယ်ရာတို့ကို အပျင်းပြေ၊ အလွမ်းပြေပြန်ပြောတတ်သော ရှေးအဖိုးကြီးများကဲ့သို့၎င်း၊ အိဇုမိယတတ်ဆုရောရေး ကျွန်တော်ပါဝင်ခဲ့သော မီနာမီကီကန်း၊ ရဲဘော်သုံးကျိပ်၊ သေမင်းတမန်မီးရထားလမ်းပေါ်ဝယ် (လင်းယုန်သစ်လွင်) တို့သည် စစ်ထွက်ရာမှ ပြန်လာပြီး ရဲစိတ်ရဲမာန်တက်ကြွစွာ ပြောပြတတ်သော အစ်ကိုများကဲ့သို့၎င်း၊ အမျိုးများနေသည့် ပြည်မြို့နှင့် ဆက်စပ်လျက် လွတ်လပ်ရေးကြိုးပမ်းသည့်ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ကာလ ရွှင်မြူးခြင်းထက် ခန့်ထက်သောပညာတတ်အချစ်အကြောင်းကို ကာလအခြေအနေနှင့် ယှဉ်တွဲချယ်မှုန်းထားသော ဗန်းမော်တင်အောင် ၏ မြစ်ဧရာပေါ်ဝယ် တို့သည် အစ်ကိုကြီးမှ ညီငယ်ကို သူ့အချစ်ဇာတ်လမ်းကို ပြောပြနေသကဲ့သို့၎င်း သူနှင့် လာကစားလေ့ရှိသည်။

အလယ်တန်းကျောင်းသားဘ၀တွင် သိုင်းဝတ္ထုများကို သဘောကျလွန်း၍ လက်က အချိန်ကြာမြင့်စွာ ကိုင်ဖတ်ရာ လက်များတောင့်နေ၍ မကြာခဏ နှိပ်နယ်ရသည်။ မိဘများ၏ အဆူအငေါက်ကို ခံရင်း မကြာခဏလည်း ခိုးဖတ်လေ့ရှိသည်။ မိဘများက ကစားဖို့ခွင့်မပြုသော သူငယ်ချင်းနှင့် ခိုးကစားရ သကဲ့သို့ပင်။ Kodensha Company ထုတ်ကို ဘာသာပြန်ထားသော သုတရတနာသိုက် ဟုခေါ်သော စာအုပ် တွဲများသည် သူ မကြာခဏ ကစားလေ့ရှိသော ကစားဖော်ဖြစ်သည်။ သင်္ချာ၊ ယဉ်များ၊ အင်းဆက်များ၊ အပင်များ၊ ရေအောက်ကမ္ဘာ၊ အာကာသ စသည် ရောင်စုံပုံများဖြင့် ဖော်ပြထားလိုက်သည်မှာ သူအခုချိန်ထိ ကစားရန်တမ်းတမိသည်။

မသိတတ်စ အရွယ်၌ ရခဲ့သော နမိုးနီးယားရောဂါ ကြောင့်၎င်း၊ မိဘများ မေးခဲ့သော ဗေဒင်ဆရာ၏ ရေ၌ ဒုက္ခရောက်မည်ဆိုသော ဟောပြောချက်ကြောင့်၎င်း၊ မိုးရာသီ ရေကြီးချိန်တွင် အကြီးများပါမှ ရေကူးရသလို၊ မိုးရွာချိန်တွင်လည်း မိနစ် ၂၀ ခန့်သာ မိုးရေထဲ ဘောလုံးကန်ခွင့်ရခဲ့သည်။ သူ့တွင်လေးခွ ကောင်းကောင်းတစ်လက်နှင့် ရွယ်တူဦးလေးတစ်ယောက်ထံမှ သင်ယူရရှိသော မှန်ရောင်ထအောင် လုံးနည်းဖြင့်လုံးထားသော လောက်စာလုံးပေါင်းမြောက်များစွာရှိသော်လည်း ငှက်တစ်ကောင်မျှပင် မရစဖူး ပါ။ သုတ်ကိုင်းဖြင့်ငှက်ထောင်နည်းများ၊ ဘိဖြင့် ကြွက်ထောင်နည်းများ၊ ၀ါးညှပ်ဖြင့် ကြွက်တွင်းဝ (သို့) ကြွက်သွားလမ်းတွင် ထောင်နည်းများကို ရွယ်တူဦးလေးဝမ်းကွဲများထံမှ သင်ယူ၍ ကိုယ်တိုင်ထောင်ခဲ့ သော်လည်း သူ့အရည်အချင်းသည် ကြွက်၊ ငှက်တို့ အတွက် လှောင်စရာပင်ဖြစ်ခဲ့သည်။ ဖားသားကြိုက်တတ်သော သူ့အတွက် မိုးဦးကျ စားဖားကလေး များကို ကိုယ်တိုင်ရိုက်၍ ချက်ရာတွင်တော့ အဆင်ပြေ တော်သောသူ ဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းများသို့ မကြာခဏ လိုက်လေ့ရှိခြင်း နှင့် ဘာသာရေးစာပေများကို မကြာခဏ ဖတ်ဖြစ်လေ့ရှိခြင်း ကြောင့်ပေလောမသိ သူအလွန်ကြိုက်သော ဖားသားစားရန် ဖားရိုက်ပြီးနောက် မကြာခဏ မရိုက်တော့ရန် တွေးတောမိလေ့ ရှိသည်။

သူဖခင် စာသင်သော မူလတန်းစာသင်ကျောင်းလေး နံဘေးရှိ ဘုန်းတော်ကြီးကျောင်းမှ ဖခင် မကြာခဏ ငှားရမ်းလာလေ့ရှိသော မြတ်မင်္ဂလာ၊ မြတ်စုမွန်၊ ဓမ္မဗျူဟာ နှစ်အစ မှ နှစ်ဆုံးထိ ပေါင်းချုပ်ထားသော ဘာသာရေးစာအုပ်များကလည်း ကလေးတယောက် အတွက် နားလည်နိုင်ရန်ခက်ခဲသော ဘာသာရေးကို ပုံပြင်သဖွယ် ပြောပြလေ့ရှိသော အဖွားတစ်ယောက်နှယ်ပင်။

ကလေးအရွယ် လသာတိုင်း ပုံပြင်ပြောတိုင်းကစားပြီးနောက် နားရွက်ဖားဖားကို ခေါင်းအုံးအိပ်တတ်ပါသည် ဆိုသော သဘက်ကြီး အကြောင်းကြားပြီးနောက် အဖွားနေမကောင်း၍ ခွဲအိပ်သောအခါ၌ တွေးတွေးပြီးကြောက်တတ်ခဲ့ရာမှာ သရဲသဘက်များ တကယ်ရှိမရှိ သိချင်လာခဲ့သည်။ ရွာဦးကျောင်းတွင် အဖွားအလိုကျ ကိုရင် ၀တ်သောအခါမှ ဘုရားရှင်ဟောကြားသော ပေတ၀တ္ထုများ ကို ဖတ်ဖူးခဲ့ရပြီး လူ့ဘုံ၌ နေထိုင်ကြသော ပြိတ္တာ အမျိုးမျိုး အကြောင်းကို သနားစဖွယ် ဖြစ်ကြောင်း ကြောက်ရွံ့မှုအစားထိုး၍ ဖခင်တစ်ယောက် နှင့် ကစားခဲ့ရသလို ရဲရင့်မှု ပေးခဲ့သလိုရှိခဲ့သည်။

အထက်တန်းကျောင်းသားဘ၀ နှင့် ဂျီတီအိုင် ကျောင်းသားဘ၀ ကိုပြည်မြို့  တွင်ဖြတ်သန်းနေခဲ့စဉ်တွင်း ထူးဆန်းသောမြို့ ပြအတွေ့အကြုံအချို့ ကို သင်ယူရင်း သူကစားဖြစ်ခဲ့သော မြို့ပြ ကစားဖော်တစ်ချို့ကို နီးစပ်ရာ စာအုပ်ဆိုင်များမှ လွယ်လင့်တစ်ကူပင် ရှာဖွေနိုင်ခဲ့သည်မှာ တွတ်ပီကာတွန်းများ ၀ိဇ္ဇာကာတွန်းများ နှင့် သိုင်းဝတ္ထုတစ်ချို့ ဖြစ်ခဲ့သည်။ စာကြည့်တိုက် မသွားနိုင်ခဲ့ရလောက်အောင်ပင် မြို့ပြအထူးအဆန်းတွေကြား သူ လူးလားပျော်ဖြစ် ခဲ့သည်။ စာအုပ်များနှင့် ကစားချိန်ထက် အကြော်ဆိုင် နှင့် လက်ဖက်ရှည်ဆိုင်ထိုင်ချိန်ကပိုများလေသည်။ ငယ်ကစားဖော် တို့နှင့် ညအိပ်ချိန်တွင်သာ ကစားဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကစားရန် စိတ်အထက်သန်ဆုံး အရာကား သိုင်းသင်ခြင်းပင်ဖြစ်သည်။ သိုင်းဆရာပေါများသော ပြည် ခေတ္တရာမြို့သစ်တွင် သိုင်းသင်ဖို့သာ သူစိတ်ထက် သန်ခဲ့သလို ညစဉ် မြန်မာ့သိုင်းလေ့ကျင့်ခြင်းဖြင့်သာ အချိန်ကုန်ခဲ့သဖြင့် သူ့ကစားဖော်အသစ်မှာ သိုင်းလေ့ကျင့်ခြင်းသာ ဖြစ်ပေမည်။ အင်္ဂလိပ် စကားပြောသင်းတန်းတက်သဖြင့် ညစဉ် အဘိဓါန်စာအုပ်လှန်၍ စကားလုံးအသစ်ရှာခြင်းတွင်စိတ်ဝင်စားခဲ့သဖြင့် အဘိဓါန်လှန်ခြင်းသည် သူ့အတွက်နောက်ကစားနည်း အသစ်တစ်မျိုးဖြစ်သည်။ အားကျခဲ့ဘူးသော အိမ်နီးနားခြင်း များကဲ့သို့ လူစွန့်စားဝတ္ထုများ နှင့် ကစားရာမှ ရရှိလာသော ၀ါသနာများပင်ဖြစ်သည်။

သူတစ်ခေါက်မျှ မရောက်ခဲ့ဘူးသော ရန်ကုန်မြို့ ကို ခြောက်နှစ် ခုနှစ်နှစ်ခန့် ကျင်လည်ခွင့်ရခဲ့လိမ့်မည်ဟု တွေးမထားခဲ့ဖူးပါ။ ရောက်ပြီးချိန်မှစ၍ အိမ်တစ်ခေါက်ပြန်ရန် လွန်စွာ ခက်ခဲကြောင်းလည်း မထင်ခဲ့ဖူးပါ။ ဒါပေမယ့် ရောက်ခဲ့ပါပြီ။ တက္ကသိုလ်ကျောင်းသားဘ၀ ကျင်လည်ရင်း စိတ်ဖိစီးမှုခံစားနေစဉ်တွင်း ဖတ်ဖြစ်ခဲ့သည့် စာအုပ်များအနက်၊ ဆရာဖေမြင့်ဘာသာပြန် စာအုပ်များ ဆရာမြသန်းတင့်ဘာသာပြန်သော သားထံပေးစာများ ကဲ့သို့စာအုပ်များ ပီမိုးနင်းစာအုပ်များ ရွှေဥဒေါင်းစာအုပ်များ မင်းသိင်္ခ စာအုပ်များ က စိတ်ကို တွန်းအားပေး၍ ကြီးပွားလိုစိတ်ကို ဖြစ်စေရင်း လုပ်ရန်တွန့်ဆုတ် နှောင့်နှေး စေတတ်သောသူ့စိတ်ကို ဖြေဖျောက်ပေးတတ်သော သူငယ်ချင်း ကစားဖော်အသစ်များနှယ်ပင်။

ဘ၀သည် ကစားကွင်းတစ်ခုဖြစ်လျှင် အမြဲတမ်းကစားဖော်သည် စာဖတ်ခြင်းသာဖြစ်သင့်သည်ဟု သူကတော့ခံယူထားသည်။ အတွေ့အကြုံ တွေ၊ အကြောင်းအရာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေ အားလုံးကို ဒီကစားဖော်ထံမှ ကောင်းစွာရယူနိုင်သည်။ လူစွန့်စားတွေအကြောင်း၊ စွန့်ဦး တီထွင်သူတွေအကြောင်း၊ ယနေ့ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ၊ မိမိကိုယ်ကို ဘယ်လို တည်ဆောက်သင့် သလဲ၊ ကြီးပွားတိုးတက်ဖို့ ဘယ်လိုမျိုးပြုပြင်နေထိုင်သင့်သလဲ ဒီအတွေ့အကြုံတွေလည်း သူက ပြောပြလိမ့်အုံးမည်။ လူအ, လျင် သူငယ်ချင်းကောင်းဖို့လိုသည်။ ဒီနေရာမှာ သူကအကောင်းဆုံး မိတ်ဆွေပင် ဖြစ်သည်။ ခြုံကြားတွင်ရှိသော လူအား ဘုံဖျားသို့စိတ်ကူးယဉ်စေနိုင်သည်။ စိတ်ကူးယဉ်ခြင်းသည် အကြံအစည်၏ ပထမခြေလှမ်း မဟုတ်တုံလော။

2 comments:

Aquartz said...

သုတရတနာသိုက် စာအုပ် အတွဲလိုက် ဘယ်မှာ ရနိုင်မလဲခင်ဗျာ... ကျွန်တော် ဖတ်ချင်လို့ပါ...

မင်းညို said...

မူလတန်းကျောင်းတွေကို ထုတ်ပေးတာဗျ.ကျောင်းစာကြည့်တိုက်မှာရနိုင်မှာပါ..ရန်ကုန်ပန်းဆိုးတန်းအဟောင်းဆိုင်မှာလည်း တွေ့ရတတ်တယ်...