Tuesday, July 7, 2009

Pollen Allergy

ဘလော့ဂ်ကို လာလာချောင်းပြီး ပို့စ်အသစ် မဖတ်ရဘဲ ပြန် ပြန်သွားရတဲ့ သူငယ်ချင်းများကို အားနာလှပါတယ်။ နေ့တိုင်း အလည်လာကြလို့လည်း ကျေးဇူးတင်ပါတယ်။ ဘာလို့ ဒီလောက်တောင် အကြာကြီး ပျောက်ချက်သားကောင်းနေရသလဲ ဆိုတော့ ”အကြောင်းကား နှာခေါင်းတည်း” လို့ ပြောရမယ်။
”နှာ”ဆိုတိုင်း ဖွန်တယ် မထင်ကြပါနဲ့နော်။ နှာခေါင်း ပိတ်နေလို့ပါ အဟီး။
ထိုနှာခေါင်းသည် ကျွန်မကို အလွန်အမင်း နှိပ်စက်လွန်းလှပါသည်။
ကြည်လင် သာယာလှသော ယခုလို နွေဦးရာသီတွင် အမျိုးမျိုးသော ပန်းတို့သည် ဖူးပွင့်ကြလေ၏။ ယောက်ျား မိန်းမ လူကြီး လူငယ် လူလတ် လူ့ပေါက်စနလေးများတို့၏ အနှစ်သက်ဆုံး အပျော်ရွှင်ဆုံး ရာသီ အခါသမယတည်း။ ကောင်းကင်သည် တိမ်ကင်းစင်တတ်၏။ တစ်နှစ်လုံး အဝေးခရီးထွက်နေသော နေမင်းကြီး အိမ်ပြန်ရောက်လာ၏။ နွေးထွေးသော ရောင်ခြည်တို့ဖြင့် မြေကမ္ဘာကို လွှမ်းခြုံ၏။

သစ်ပင် ပန်းပင် နွယ်ပင် ချုံပင် အားလုံး ခေါင်းထောင်ထလာ၏။ အရောင်စုံ အသွေးစုံ ရနံ့စုံသော ပန်းပေါင်းစုံတို့သည် သူ့ထက်ငါ အပြိုင်အဆိုင် ဖူးပွင့်ကြလေတော့သည်။ ဤတွင် ကျွန်မ ဒုက္ခရောက်ရပါတော့သည်။
တစ်နှစ်ပတ်လုံး နှင်းတောထဲမှာ ဖိသိပ်ခံထားရသဖြင့် သစ်ပင် ပန်းပင် မျိုးစုံတို့သည် နွေဦးပေါက်ပြီ ဆိုတာနှင့် အငမ်းမရ ထပွင့်ကြပါလေတော့သည်။ ပုံမှန် flow အတိုင်း အချိန်လေးယူပြီး အငုံလေးပြူလာ၊ အဖူးလေးစထွက်၊ အချိန်လေး အတော်ကြာမှ တဖြည်းဖြည်းပွင့် ဒီလိုကို မဟုတ်ရပါ။ နေ့တာလေး နည်းနည်းလေးရှည်လာပြီး နေကို စမြင်လိုက်ပြီဆိုကတည်းက ငုံချိန် ဖူးချိန်တောင် မယူ၊ ၀ုန်းခနဲ ထပွင့်ကြလေပြီတည်း။
ထိုပန်းတို့သည် အစွမ်းကုန်ဖူးပွင့်ရကား သူတို့၏ ၀တ်မှုံများသည် လေထု ညစ်ညမ်းရေး စတင်ကြပြီတည်း။ လမ်းဘေးဝဲယာမှ ပွင့်ချင်တိုင်းပွင့်နေကြသော ဒင်းတို့ဆီမှ ၀တ်မှုံတို့သည် လေထဲတွင် တသောသော လွင့်မျောကြလေသည်။ ထိုဝတ်မှုံတို့ကို ရှူရှိုက်မိသောအခါ ကျွန်မ ဒုက္ခရောက်ပါတော့သည်။
နှစ်စဉ် ပန်းတွေပွင့်ချိန်ရောက်လျှင် နှာခေါင်းပိတ်ပါသည်။ ညဦးပိုင်းလေး နှာခေါင်းပိတ်ရာကနေ တစ်ညလုံး ပိတ်ဆို့ပြီး အသက်လုံးဝရှူမရတော့ပါ။ ထို့ကြောင့် ညတိုင်း လှဲ မအိပ်ရဘဲ ထိုင်ငိုက်နေရတော့သည်။
ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြသည်။ တစ်ယောက်တစ်မျိုးစီ နှာခေါင်းအစက်ချဆေးများ ပေးကြသည်။ မသက်သာပါ။ ကျွန်မဆီမှာ နှာခေါင်းအစက်ချဆေး မျိုးစုံရှိနေတော့သည်။ မသက်သာသေးပါ။
မနှစ်က သုံးလေးလလောက်ခံလိုက်ရသည်။ ကိုယ်တိုင်ရော သူငယ်ချင်းတွေရော ကိုယ့် professor ပါမကျန် အလုပ်ရှုပ်ရသည်။ ဟိုဆေးခန်း ဒီဆေးခန်း ကူးပြောင်းကာ ကုသော်လည်း မထူးခြားပါချေ။ နောက်ဆုံးတော့ professor က တရုပ်အပ်စိုက်နှင့် ရောထားသော တိုင်းရင်းဆေးဆရာဝန်မဆီ ခေါ်သွားသည်။
အဲဒီမှာ အပ်စိုက်မလား မေးသည်။ ဆရာကရော ဆရာဝန်ကရော ”မနာပါဘူး” အားပေးပါသည်။ သို့သော် ကျွန်မ ကြောက်ပါသည်။ ဘယ့်နှယ် အပ်ကြီးတွေ အများကြီးနဲ့ လာစိုက်မှာ။ ကြောက်စရာကြီး။
နောက်တော့ လေဆာ ကို ရွေးပါသည်။ လေဆာနှင့် တစ်ကိုယ်လုံးရှိ သွေးကြောလေးများကို လိုက်ဖွင့်ပေးသည်။ တစ်ပတ် တစ်ခါ၊ သုံးပတ်လောက်သွားလိုက်တော့ သက်သာသွားသည်။ ဆရာဝန်တော်လို့လား ပန်းတွေပဲ အပွင့်ရပ်သွားလို့လား မသိ။
ဒီနှစ်တော့ ပန်းတွေပွင့်ကတည်းက ကြောက်လွန်းလို့ ရင်ခုန်နေသည်။ တော်တော်နှင့် နှာခေါင်းပိတ်မည့် အရိပ်အယောင် မတွေ့တော့ ၀မ်းတွေတောင်သာလို့။ သို့သော် ကြာကြာ မပျော်လိုက်ရပါ။ တစ်လလောက် ပန်းတွေလည်း ပွင့်ပြီးရော နှာခေါင်းက စပိတ်ပါလေသည်။
ဒီနှစ်တော့ ”ဘယ်ဆေးခန်းမှ မသွားဘူးဟာ ဒီတိုင်းနေမယ်”ဆိုပြီး သဘာဝတရားကို ညစ်တွန်းတွန်းကာ ပေခံနေသည်။ တစ်လလောက် အိပ်ပျက်ပြီးနောက် ကျောင်းတက်ချိန်တွေပါ အသက်က ရှူမရတော့။ အိမ်မှာက နှာခေါင်းပိတ်ရင် လမ်းထလျှောက်နေလို့ ရသည်။ ကျောင်းမှာပါ နေ့ခင်းကြောင်တောင်ကြီး နှာခေါင်းပိတ်နေတော့ တစ်ချိန်လုံး မတ်တပ်ရပ်လိုက် လမ်းလျှောက်လိုက် နေလို့ မဖြစ်တော့ပြီ။
ဆေးခန်းကို ဒိုးရတော့သည်။ စာတွေလည်း မလုပ်ချင်တော့။ program ဆိုတာများ အသံကို မကြားချင်လောက်အောင်ကို စိတ်ဓါတ်ကျသည်။ နေမကောင်းတော့ အိမ်သတိရသည်။ ညဖက် အိပ်မရတော့ မြန်မာပြည် ဘယ်အချိန်ဆိုတာ မစဉ်းစား ဖုန်းခေါ်သည်။ ”နှာခေါင်းပိတ်တယ် အသက်ရှူလို့မရဘူး ညကြီး ငုတ်တုတ်ထိုင်နေရတယ်” ပြောသည် ငိုသည်။ ငိုတော့ နှာရည်ကျ နှာခေါင်းက ပိုပိတ်၊ လုံးချာလိုက်နေသည်။ အိမ်ကလူတွေလည်း ဘာမှ လုပ်မပေးနိုင်ဘဲ စိတ်ဆင်းရဲရသည်။
ဆေးခန်းက အအေးမိတာဆိုပြီး သောက်ဆေးတွေပေးသည်။ မသက်သာပါ။ ဒါနဲ့ပဲ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုကို ယွန်းရချေသည်။ အဲဒီအချိန်မှာ နှာခေါင်းပိတ်တာ ကြာလွန်းလို့ နားတွေတောင်အူလို့ နားတောင် သိပ်မကြားချင်တော့သလို။
နှာခေါင်းပိတ်တာ တစ်လလောက်ရှိပြီ၊ နားလည်း အူနေတယ်လို့ ပြောရသည်။ အဲဒီမှာ နားနှင့် allergy test စစ်ရပါသည်။ တစ်နေကိုကုန်ရော ဆိုပါတော့။ နားကလည်း အသံမျိုးစုံလွှတ်ပြီး စမ်းသည်။ ကျွန်မမှာ နားတွေအူနေသဖြင့် ”နားများလေးသွားမလား”လို့ ရင်တမမ နဲ့ပါပဲ။ ကံကောင်းပါသည်။ လုံးဝ နားမလေးပါ။ နှာခေါင်းပိတ်လွန်း အားကြီးသဖြင့် အနည်းငယ် နားကို ပိတ်သွားသလို ဖြစ်တာပါ။ (အတင်းမပြောကြရန်၊ ပြောသမျှ အားလုံးကြားသည်။ ဤကား စကားချပ်)
Allergy test ကတော့ တော်တော်ကို ဆိုးပါသည်။ skin test လုပ်တာပါ။ ပတ်ဝန်းကျင်လေထုထဲမှာ ရှိနိုင်တဲ့ (အထူးသဖြင့် သစ်ပင် ပန်းပင် မြက်ပင်တွေကထုတ်လွှတ်တဲ့) extract တွေနဲ့ တည့်၊ မတည့် စမ်းသပ်ကြည့်တာပေါ့လေ။ လူနာရဲ့ အရေပြားက အဲဒီ extract တွေကို ဘယ်လို တုန့်ပြန်သလဲပေါ့။
အရင်ဆုံး လက်တစ်ဖက်စီမှာ ဂဏန်း ၁၈ ခုစီ၊ နှစ်ဖက်ဆိုတော့ ၁ ကနေ ၃၆ ပေါ့။ လိုက်ရေးတယ်။ အဲဒီအထိ ခပ်တည်တည်ပေါ့။ အေးဆေးငြိမ်ခံနေတယ်။
ပြီးတော့ နံပါတ်လေးတွေရဲ့ဘေးမှာ ဆေးဗူးတစ်ခုချင်းစီက ဆေးတွေ တစ်စက်ချင်းလိုက်တို့လိုက်တယ်။ ကိုယ့်ကို ချော့သိပ်နေတယ်လို့တောင်ထင်သေး။ ၃၆စက်ချပြီးသွားပြီ။
နာ့စ်က စကားလေးတပြောပြောနဲ့ ဖောက်လိုက်တာကို ကြည့်လိုက်တော့ ဒါးပြားပါးပါးလေး၊ မြတ်စွာဘုရား၊ ချထားတဲ့ ဆေးတစ်စက်ချင်းစီပေါ်ကို ဒါးနှင့် လိုက်ခြစ်တာကိုး။ အမယ်လေး လူဆိုတာ စစ်ခနဲ စစ်ခနဲ ဖြစ်သွားတယ်။ အမှန်က သူများတွေဆို ဒီလောက်နာမှာ မဟုတ်ပါဘူး။ ပုရွက်ဆိတ်ကိုက်သလောက်ပဲနေမှာ။ ကျွန်မကိုက ကိုယ့်ကို ဒါးတို့ အပ်တို့ ထိမှာ သိပ်ကြောက်လို့။
အကုန်ခြစ်ပြီးသွားတော့ ”သုံးမိနစ်ပဲစောင့်” ဟုတ်ဘူး ”နာရီဝက်စောင့်”တဲ့။ အဲဒီမှာ စတွေ့တာပဲ။ extract တော်တော်များများနဲ့ မတည့်တဲ့ ကျွန်မ ခန္ဓာကိုယ်က အဖုအပိမ့်တွေ ထွက်လာပြီး ယားလိုက် ကိုက်လိုက်တာ လှိမ့်နေတာပါပဲ။ allergy ဘယ်လောက်တောင် မတည့်လည်းဆိုရင် ၃၆မျိုးစစ်တာ ၁၈မျိုးကျော်ကျော်လောက်ကို အပိမ့်တွေထွက်ပြီး မတည့်တာပါရှင်။ အံမယ်လေး ညာဘက်လက် တစ်ခုလုံးလည်း အပိမ့်တွေချည့်ပဲ။
နာရီဝက်တောင် မစောင့်ရပါဘူး။ နာ့စ်မလေး ပြန်ဝင်လာပြီး ”ဟိုက် အများကြီးပဲဟ” ဆိုပြီး ချက်ချင်းပဲ မတည့်တဲ့ နံပါတ်တွေ ချရေး။ လက်ပေါ် ရေခဲလေးတင်ပေးလိုက်မှ နည်းနည်း သက်သာသွားတယ်။
ဆရာဝန်က allergic ဖြစ်တာ သေချာပါပြီ။ အဲတော့ လာပြန်ချေပြီ နှာခေါင်းအစက်ချဆေး။ ၀ယ်ပေဦးတော့ ၂၅ ယူရို။ နောက်လ ထပ်စစ်ဖို့ ချိန်းလိုက်ပါတယ်။
တကယ်တော့ ကျွန်မ အဲဒီ နှာခေါင်းဆေးတွေ မထည့်ချင်ပါ။ အကျင့်ပါသွားမှာ စိုးလို့လေ။ နေနိုင်သလောက် ကျိတ်မှိတ်ခံပြီး မနေနိုင်တဲ့အဆုံးမှ ဒီဆေးကို သုံးပါတယ်။ ပျောက်ချင်လှပါပြီ။ ပန်းတွေလည်း အပွင့်ရပ်ပါတော့။





18 comments:

လပြည့်ရိပ် said...

သူငယ်ချင်းရေ......ကြားရတာစိတ်မကောင်းစရာပါပဲ။ သူတို့လုပ်တဲ့ test ကလည်းကြောက်စရာပါလား။ မြန်မြန်သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။

ကျောပိုးအိတ် said...

မမရေ

ဂရုစိုက်နော်။ နှာခေါင်းက အရေးကြီးတယ်။ တော်ကြာ နမ်းချင်တာတွေမနမ်းရမှာ စိုးလို့ ။
း)

လျှောက်တွေးနဲ့ နော်။ ကျောပိုးအိတ် ပြောတာ ပန်းလေးတွေပြောတာ။

ပန်းလေးတွေမနမ်းရမှာစိုးလို့ ပါလို့ ။
း)

မဟာဆန် said...

ကျေးဇူးပဲကွာ..အားပေးစကားလေးတွေ ကြားရလို့ အားတက်သွားတယ်...ကျောပိုးအိတ်လေးရေ မမက တကယ် ပန်းကြိုက်တယ်..ခု မနမ်းရဲဘူးဖြစ်နေတယ်

sai said...

It's called pollinosis.

အပြုံးပန်း said...

ပန်းတွေက အဲသလို ဆိုးနေကြတာလား။

Shinlay said...

ညီမရေ ဒီမှာရှိတဲ့ Asian တော်တော်များများမှာ Pollen Allergie ဖြစ်ကြတယ်။ ကျမမှာ လည်းရှိတယ်။
(၅)နှစ်လောက်ရှိပြီ။ ဂျာမန်တွေမှာလည်းဖြစ်တယ်။

ဟိုနည်းဒီနည်းနဲ့ ကုကြပေမဲ့ သူနဲ့ အဆင်ပြေပေမဲ့၊ ကိုယ်နဲ့ မပြေပြန်ဘူး။
ကျမတို့ ဆေးခန်းမှာတော့ Eigenblut Therapie လုပ်ပေးတယ်။ ကျမကိုယ်တိုင်တော့ သွေးကြောတွေက
သွေးဖောက်ဖို့ မလွယ်လို့  မစမ်းကြည့်ရဘူး။
Take care, Gute Besserung!

Shinlay said...

Sorry to hear that you have Pollen Allergie. I have also the same problem. Most of the Asian here have such a kind of Problem. In our Praxis we make Eigenblut Therapie.
I myself didn't test it, because I have not gute Venen.
There are many therapie. Some are good for other, but not for me...
Anyway, Take care, Gute Besserung!!!

မေလေး said...

မမရယ် စိတ်မကောင်းလိုက်တာ။ ဂရုစိုက်ပါနော်။ ကိုယ်ချင်းစာမိတယ်။မေလေးလဲ အပ်သိပ်ကြောက်တာ။ အလာဂျစ်လဲရှိတယ်။မမရေ နောက်ဆိုပိုဂရုစိုက်နော်။ အလာဂျစ်ဖြစ်ရင် သိပ်ဆိုးဝါးတာ ကိုယ်တွေ့မို့သိတယ်မမရ။

F@LL3N said...

ပန်းတွေကများနေတော့ ပန်းချစ်သူတောင်မလုပ်နိုင်ရှာတော့ဘူးပေါ့
အတင်းမပြောတော့ဘူးနော် (မလေးဘူးဆိုလို့လေ :P)
အပ်စိုက်တာတော့ မြင်ပဲမြင်ဖူးတယ် မလုပ်ဖူးဘူး ကြောက်စရာကြီးရယ် :P
ပြန်ရောက်လာလို့ဝမ်းသာတယ်ဗျို့ :)

လင်းကြယ်ဖြူ said...

နှာ ခေါင်း သက်သာသ္ဂားပလား..
အမြန် နှာ ခေါင်း သက်သာပါစေ..
အော်..မရှိမကောင်း ရှိမကောင်း...ဒီ နှာခေါင်း..လို့သာပြောချင်လိုက်ပါဘိ...
ပျော်ပါစေခင်ဗျာ..

စန္ဒကူးမေ said...

test ကကြောက်စရာနော်..
မြန်မြန်နေကောင်းပါစေ..

နွေးနေခြည် said...

ညီမလည်း နှာခေါင်းအစက်ချတဲ့ဆေး သုံးရတယ်... နှာအရမ်းစေးတတ်လို့... နှာစေးပြီးရင် နှာခေါင်းပိတ်သွားတဲ့အချိန်မှာ သုံးရတာ...
မမသုံးတာဘာလဲတော့ မသိဘူး။ ညီမကတော့ သုံးတာအကြိမ်အရေအတွက် များရင် ခံတွင်းပါ ပျက်လာတယ်။ အဲဒီအရည်က တခါတလေ အာခေါင်ထဲထိ ရောက်သွားတတ်လို့...
မြန်မြန်ပျောက်ကင်း ကျန်မာပါစေရှင်...

မီးမီးချစ် said...

ပန်းပွင့် တဲ့ အချိန် ဆို အကာအကွယ် လေး သုံးပါလား ညီမရယ် ... အနံ့  မရတာ တို့  ထိပ်ခပ်နာ တို့ ဖြစ်တက်တယ်...မြန်မြန်ကောင်းပါစေ လို့ ဆုတောင်းပေးတယ် နော်..

ဂျာမုန်းဒန် said...

ညီမရေ....အစ်မတောင်အခုမှသေချာသိတော့တယ်
ညီမပြောပြတော့အဲလောက်မထင်မိဘူးလေ။
ဒါမေမယ့်ပျောက်သွားပြီဆိုတော့ဝမ်းသာစရာနော်။
ချစ်တဲ့
အစ်မဂျာမုန်းဒန်

Heartmuseum said...

ကျွန်တော်လဲ မြန်မာပြည်က ရောက်စ ၂နှစ် လောက်က ဘာမှမဖြစ်...... အခုတော့ ဆောင်းအကုန် နွေအကူးဆို
Pollen Allergy ဖြစ်တယ်ဗျ။ နှစ်တိုင်းပဲ.... Allergy ဆေးသောက်ရတယ်။ ဆေးကို နှာခေါင်းထဲ ထည့်တာ မကြိုက်လို့လေ.... ထည့်လိုက်ရင် မမဟာဆန်တော့ မသိ...
ကျွန်တော်တော့ ဆေးက ပါးစပ်ထဲကို စီးလာပြီး ခါးတော့ လူက ပျို့တက်လာတယ်။ အဲဒါကြောင့် နှာခေါင်းထဲ ထည့်တဲ့ ဆေးကို မကြိုက်ဘူး။ မုန်းတယ်။

Ko Boyz said...

ဘုရားရေ။ နူလှချည်လား...။
အဲ.. နုလှချည်လား...။
သတိထားဦး...။ မသုံးချင်ပေမယ့် သုံးလိုက်ပါ။ ကြာလာရင် နှာခေါင်းဖြစ်ဖြစ် နားဖြစ်ဖြစ် ထိခိုက်ပါလိမ့်မယ်။

(တစ်ချောင်းငင်ကီးနှင့် နှစ်ချောင်းငင်ကီး ကပ်နေသောကြောင့် မှားရိုက်မိသည်။ ဘက်စပေ့စ်ကီးနှင့် ဒီလစ်ကီး အလုပ် မလုပ်ပါ) :D

ရေတမာ said...

အရေးအသားကောင်းလွန်းလို့ မြောတောင်သွားတယ်. Allergy အကြောင်း တော်တော်ဗဟုသုတုရပါတယ်..



ဒါနဲ့ လက်ဖျံမှာထိုးထားတဲ့ tatooက မိုက်တယ် :P

ကောင်းကင်ပြာ said...

ပန်းလေးတွေ အပွင့်ရပ်ပါတော့လို့ ကူပြောပေးသွားတယ်နော်