Friday, May 22, 2009

ကောက်နှုတ်ချက် (၁)

အင်္ဂလိပ်လူမျိုးများကား များစွာ အံ့ဖွယ်ကောင်းသော လူမျိုးဖြစ်၏။ အံ့ဖွယ်ကောင်းသည်ဟု ထင်မိခြင်းမှာ ထိုလူမျိုးသည် စက်ဆုပ်ဖွယ် ကောင်းသော နယ်ချဲ့ခြင်း အမှုကိုပြုခဲ့ကြသော်လည်း ၎င်းတို့ ချဲ့ထွင်ထား သော နယ်မြေများ ပေါ်ရှိ လူမျိုးများကို အုပ်ချုပ်သော အခါ ထိုလူမျိုးများနှစ်သက် ကျေနပ်မည့် နည်းလမ်းများကို ရှာကြံ၍ အုပ်ချုပ်တတ်သောကြောင့်ဖြစ်၏။ ထိုလူမျိုးတို့သည် မိမိတို့၏ လက်အောက်ခံ(ကျွန်) လူမျိုးများကို အုပ်ချုပ်ရာတွင် ထိုလူမျိုး၏ အကျိုးကို မဆောင်ရွက်သော်လည်း အကြိုက်ကိုကား သိအောင်လုပ်၍ အုပ်ချုပ်ကြလေသည်။ သမုဒ္ဒရာ ခြားသော အရပ်ဒေသ အသီးသီးရှိ လူမျိုးတစ်ရာ့တစ်ပါးကို အင်္ဂလိပ်လူမျိုးများသည် အုပ်ချုပ်မင်းလုပ်ခဲ့ရာတွင် ထိုလူမျိုးအသီးသီး၏ မနောကို သဘောပေါက်အောင် အားထုတ်၍ အုပ်ချုပ်ခဲ့ကြသည်ဟု အကျွန်ုပ် မြင်မိလေသည်။
ကချင်ပြည်နယ်သို့ ရောက်သောအခါ တစ်မြေတည်းနေ တစ်ရေတည်း သောက်ပါလျက် မြန်မာ လူမျိုးများနှင့် ကချင်လူမျိုးများသည် အနေဝေးခဲ့ကြသည်ကို အကျွန်ုပ်သည် ချက်ချင်းပင် ခံစားသိမြင်ရလေ တော့သည်။ အနေဝေးခဲ့ကြသည် ဆိုခြင်းမှာ အဆက်အဆံနည်းခဲ့ကြသည်။ တစ်ယောက်အကြောင်းကို တစ်ယောက်သိဖို့အားမထုတ်ဘဲ နေခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ နှင့် လွတ်လပ်ရေး ရပြီးနောက်ကာလ(တော်လှန်ရေး အစိုးရမတိုင်မီ အထိ) နိုင်ငံရေး အစိုးရခေတ်တစ်လျှောက်လုံးတွင်လည်း နိုင်ငံရေးအရ ဆက်ဆံကြသည်လောက်သာရှိပြီး ရင်းနှီးကျွမ်းဝင်စွာ ဟက်ဟက်ပက်ပက် ရက်ရက်ရောရော ဆက်ဆံခြင်း နည်းခဲ့ကြသည်ဟု အကျွန်ုပ် ဆိုလိုပါသည်။ ထိုသို့ဆိုရသည့်အကြောင်းမှာ များစွာ ရှိပါသည်။ ထိုအကြောင်းသည် နောင်အကျွန်ုပ်၏ ကချင်ပြည်နယ် ကြိုးပမ်းမှုများကို ရေးပြသောအခါ အလွန်ပေါ်လွင် ထင်ရှားပါလိမ့်မည်။

ပထမဦးဆုံး ထိုကဲ့သို အကျွန်ုပ် ရင်ထဲ ထိအောင်ခံစားမိခဲ့ရသည့် အကြောင်းကို ဦးစွာ ဆိုရပါမည်။ ကချင်ပြည်နယ်သို့ရောက်သွားသောအခါ ကချင်ပြည်နယ်တွင် လူမျိုးစု ဘယ်နှစ်မျိုး ရှိသည်ကို အကျွန်ုပ် မသိပါ။ အကျွန်ုပ်မသိခြင်းမှာ အကျွန်ုပ် အလေ့အလာ နည်းခဲ့သောကြောင့်လည်းဖြစ်နိုင်ပါ၏။ သို့ရာတွင် အကျွန်ုပ်ထက်ပို၍ ကချင်အကြောင်းကို အလေ့အလာများစွာ အပင်ပန်းခံကာ ကြိုးစား ရှာဖွေပြီး စနစ်တကျ ရေးသားထားသော မြန်မာဘာသာနှင့်ရေးသောကျမ်းကြီးကျမ်းငယ်များကို အကျွန်ုပ်လိုက်ရှာပါသည်။ တစ်အုပ်တလေမျှပင် မတွေ့ရချေ။ မတွေ့ရခြင်းမှာ အကျွန်ုပ် မရှာတတ်၍လည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
သို့သော် အကျွန်ုပ်သည် ပင်ပန်းကြီးစွာ မရှာရဘဲ ကချင်လူမျိုးအကြောင်းများစွာကို ထိုက်ထိုက်တန်တန် ကမ္ဘာသိရေးသားထုတ်ဝေထားသော အင်္ဂလိပ်ဘာသာနှင့်ရေးသော ကျမ်းကြီးကျမ်းငယ်များစွာကို တွေ့ရကာ ကောင်းစွာ ဖတ်ရှုလေ့လာရလေသည်။ အကျွန်ုပ်များစွာ အထင်ကြီးပြီး အံ့သြရသော စာအုပ်မှာ (Leach)လိခ်ျ ဆိုသူ ရေးသားထးသော မြေမြင့်သားများ၏ နိုင်ငံရေးစနစ် (Political System of the High Landers) ဆိုသည့်စာအုပ်ဖြစ်လေသည်။ ထိုစာအုပ်ကို ကမ္ဘာတွင် နှစ်ကြိမ် သုံးကြိမ်မျှပင်ထုတ်ပြီးနေလေပြီ။ ထိုစာအုပ်တစ်အုပ်လုံးသည် ကချင်လူမျိုးများ၏ နိုင်ငံရေးစီးပွားရေးစနစ်များကို ပညာရှင်တစ်ဦး၏ လေ့လာဖော်ပြချက် အဆင့်မြင့်ကျမ်း ဖြစ်လေသည်။ နောင်အခါ အကျွန်ုပ်သည် ကချင်ပြည်နယ်မှ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သော ပုဂ္ဂိုလ် ဦးလဘန်ဂရောင် (တောင်ပုလိုင်း)နှင့် ခင်မင် ရင်းနှီးသောအခါမှာလည်း ထိုစာအုပ်တွင်ပါဝင်သော ဂွမ်ရောင်း ဂွမ်ဆာ စနစ်၊ ဂွမ်ကျင်းဂွမ်ဆာ စနစ်၊ ဂွမ်လောင်တော်လှန်ရေးစနစ် များ အကြောင်းကို အားရ၀မ်းသာ ဆွေးနွေးခဲ့ဖူးလေသည်။
ထိုစာအုပ်အပြင် ကင်းဒင်းဝပ် (Kingdon ward) ဆိုသူ ရုက္ခဗေဒ ပညာရှင်တစ်ဦးသည် ကချင်ပြည်နယ်သို့ လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေး ရပြီးကာစ အခါက အကြိမ်ကြိမ်ရောက်ရှိလာပြီးနောက် ကချင်တောင်တန်းပေါ်တွင်ပေါက်ရောက်သော တောင်ဇလပ်ပန်း မျိုးကွဲများကို လေ့လာရင်း အလွန်မြင့်သော သစ်ပင်ခွကြား တစ်ခုတွင် ဆန်းကြယ်စွာ ကြာပန်းတစ်မျိုး ပေါက်ရောက်နေသည် ကို တွေ့ရှိသွားလေတော့၏။ တောင်ထိပ်ကြာပေါက် အနောက်နေထွက် ဆိုသောစကားသည် ကင်းဒမ်းဝပ် အဖို့ ဟုတ်မှန်သော စကား ဖြစ်ရလေတော့၏။ ထိုသစ်ပင်ကို ကင်းဒမ်းဝပ် က ကချင်နာမည်အတိုင်း ၀ဒိုင် (Wadai) ဟုအမည်ပေးခဲ့လေသည်။ ၀ဒိုင်သည် ၀က်မမီပန်း အဓိပ္ပါယ် ရလေမည်လားမပြောတတ်ပါ။ ထိုအချက်သည် အရေးမကြီးပါ။ အရေးကြီးသည်မှာ ထိုတောင်ထိပ်ကြာပန်း ဖြင့် ကင်းဒမ်းဝပ် လည်း ကမ္ဘာကျော် ရုက္ခဗေဒ ပညာရှင် အဖြစ် အသိအမှတ်ပြုခြင်းခံရကာ အကြီးအကျယ် ချမ်းသာသွားလေတော့၏။ ကင်းဒမ်းဝပ်သည် ထိုသို့ ကချင်ပြည်နယ်သို့ အခေါက်ခေါက်လာရောက်၍ သစ်ခွပန်း သိုက်တူးခဲ့သည့် အတွေ့အကြုံများ ကို စာအုပ်များရေးသားခဲ့လေသည်။ မြန်မာပြည်က ရေခဲတောင်များ(Icy Mountains of Burma)၊ ဧရာဝတီသို့ ပြန်လာခြင်း (Return to the Irrawaddy) စသော စာအုပ်များ ဖြစ်လေသည်။ ကချင်ပြည်နယ်၏ သဘာဝ သယံဇာတများ အကြောင်း၊ ကချင်ပြည်နယ်ရှိ လူမျိုးများ အကြောင်း၊ အရပ်ဒေသများ အကြောင်းကို အကျွန်ုပ်လည်း ထိုစာအုပ်များမှ များစွာ သိရလေတော့၏။
အကျွန်ုပ်လည်း အင်္ဂလိပ် စာအုပ်များကို ဖတ်ရသော အခါမှ စ၍ ချစ်မြတ်နိုးဖွယ်ရာများဖြင့်ပြည့်နေသော ကချင်သဘာဝကို ပိုပြီး နှစ်သက်စွဲလမ်းကာ ရသမျှ စာအုပ်စာတမ်းများ အပြင် ဘားမားဂေဇက်တီးယား များစွာကိုပါ လိုက်ရှာ၍ ဖတ်မိလေတော့၏။ ကချင်ပြည်နယ်တွင် ခရိုင်ဝန်(အရေးပိုင်) လုပ်သွားကြသော (Hartz) ဆိုသူ၊ ခမ္မတီး ခရိုင်ဝန် လုပ်သွားကြသော ဂျေအိုဘားနာဒ့် (J.O. Barnard) ဆိုသူတို့ကား အလွန်ချီးမွမ်းထိုက်သူများ ဖြစ်ကြလေ၏။ ဟတ်ဇ် သည် ကချင်ဘာသာစကားကို မည်မျှ တတ်ကျွမ်း လိမ္မာခဲ့သည် မသိ၊ ကချင်ဘာသာစကား လက်စွဲ (Handbook of Kachin Language) ကျမ်းကို ရေးသားခဲ့ပြီး ဘားနာ့ဒ်ကမူ ရ၀မ်ဘာသာစကား လက်စွဲကျမ်း ကိုပင်ရေးသားထားခဲ့ကြလေသည်။ အကျွန်ုပ်လည်း ကချင်စကား ရ၀မ်စကားများကို ထိုစာအုပ်များမှ စတင်၍ လေ့လာရသည့် အပြင် ကချင်ဆိုသော စကားတွင် ဂျင်းဖော(ဂျိန်းဖော) မရူ၊ လရှီ၊ အဇီ၊ ရ၀မ်၊ လီဆု လူမျိုးစု ခြောက်ခု ပါဝင်လျက်ရှိကြောင်း သိရသည့်ပြင် ကချင်ဆိုသော စကား၏ ရင်းမြစ်ကို လိုက်လံ ရှာဖွေကြည့်သောအခါ မြန်မာလို ရေရေရာရာ တိတိကျကျ မရှိ၊ ဘာကြောင့်ကချင်ခေါ်မှန်းမသိ၊ ကချင် ခုန်ချင်၊ ပျော်ရွှင်သော လူမျိုးဖြစ်၍ ကချင်ခေါ်ကြောင်းလောက်ကိုသာ ဇဝေဇ၀ါ သိရလေသည်။ သို့သော်အင်္ဂလိပ်စာ အုပ်များတွင်မူ အင်္ဂလိပ် အရေးပိုင်တစ်ဥိးက ကချင်ပြည်နယ်သို့ ရောက်သောအခါ ဆလမ်ဝါ ခေါ် ရွာလူကြီး တစ်ဦးအား ဘာလူမျိုးလဲဟု မေးသည်ကို ဤအရပ်သည် ဘာအရပ်လဲ မေးသည်ထင်ပြီး ထိုလူကြီးက ဤအရပ်သည် ကားခရင် (KaKhyen) အရပ်ဟု ပြောသည်ကို အင်္ဂလိပ်ကြီးက ကားခရင်ဟုခေါ်ရာမှ ကချင်ဖြစ်လာသည်ဟု ဒဏ္ဌာရီ ပြုထားသည်ကို လေ့လာရလေသည်။ သို့ဖြစ်လျှင် ကချင် ဆိုသော စကားသည် အင်္ဂလိပ်တိုပ လက်ထက်ကျမှ ခေါ်သော စကားဖြစ်လေသလား၊ အကျွန်ုပ်လည်း ဘ၀င်မကျစွာ စဉ်းစားခဲ့ရဘူးလေသည်။
တိုင်းရင်းသား အချင်းချင်း နားလည်မှု ရဖို့ ဆိုသည်မှာ တစ်ဦး အကြောင်းကို တစ်ဦးက များများ သိဖို့၊ များများစိတ်ဝင်စားဖို့၊ တစ်ဦးအရပ်သို့ တစ်ဦး များများ သွားရောက် ဆက်ဆံကူးလူးဖို့ လိုသည်ဟု ထင်ပါသည်။ အမှန်တော့ တိုင်းရင်းသား လူမျိုးများ နေထိုင်ပြည်မနှင့်ဝေးလံသော ဒေသတွင် ကောလိပ်ကျောင်း တက္ကသိုလ် ကျောင်း အထက်တန်းကျောင်းတွေ ဖွင့်ပေးသင့်သည်မှာ ကြာပြီ။ စေတနာရှိသော ဆရာတွေ ပညာရှိသောဆရာတွေ ဤကဲ့သို့ ဝေးဝေးလံလံ အရပ်ဒေသများသို့ သွားရောက်ပြီး ပြည်ထောင်စု တိုင်းရင်းသားတွေကို ခေတ်မှီ အထက်တန်းပညာတွေကို သင်ပေးဖို့ သင့်သည်မှာ ကြာပြီ။
သို့ရာတွင် ထိုပညာရှင်များ၊ ဆရာဝန် ဆရာမမျာ၊ တခြားဝန်ထမ်းများ လာရောက်ပြီး အမှုထမ်းကြသည့်အခါ စေတနာနှင့် စည်းကမ်း စိတ်ပါလက်ပါ အကျိုးရှိသော လုပ်ငန်းများကို အကျိုးရှိအောင်ဆောင်ရွက်ဖို့တော့ လိုသည်။ မင်းတိုင်းကျေ မတတ်သာ၍ လာရသည့်ပုံ တိုင်းရင်းသားများက တစ်ခြား၊ ကိုယ်က တစ်ခြား နေလို့ဖြင့် အချင်းချင်းနားလည်ဖို့မလွယ်ချေ။ အထူးသဖြင့် ကိုယ်ကျင့်တရားကောင်းဖို့ သိက္ခာရှိဖို့လည်းလိုလေသည်။
ဤစကားများကို ပြောမိ ရေးမိရခြင်းမှာ အင်္ဂလိပ်တွေလို နိုင်ငံခြားသားတွေသည်ပင်လျှင် တိုင်းရင်းသားလူမျိုးများကြားတွင် လူရိုသေ ရှင်ရိုသေ ဖြစ်အောင်၊ တိုင်းရင်းသားတွေက ကြည်ဖြူအောင် နေသွားကြပုံကိုမြင်ရ၍ဖြစ်သည်။
အင်္ဂလိပ်တွေမှာ ကိုယ်ကျင့်တစ်ရားရှိသည်။ ကချင်ပြည်နယ်ရောက်လျှင် ကချင်မိန်းကလေးတွေနှင့် ရောရောနှောနှော နေမည်။ မြန်မာပြည်ရောက်လျှင် မြန်မာမိန်းကလေးတွေကို ယူမည် ဆိုသော စိတ်မရှိ။ စိတ်မရှိ ဆိုခြင်းမှာ ထိန်းသိမ်းသော စိတ်ရှိသည်။ ကျူးလွန်လိုသော စိတ်မရှိခြင်းကိုသာ ဆိုခြင်းဖြစ်၏။ ထို့ကြောင့် သူတို့ကို အကျင့်သိက္ခာ အရ အပြစ်ရှာ၍မရချေ။
ပြီးတော့ အင်္ဂလိပ်လူမျိုးများမှာ သိလို မြင်လို နားလည်လိုသော စိတ် အလွန်များသည်။ လူမျိုးတိုင်းမှာ တန်ဖိုးအဖြစ် သတ်မှတ်နိုင်ပြီး နှစ်သက်စွာ လက်ခံထားကြသော ဓလေ့ထုံးစံတွေရှိသည်။ အင်္ဂလိပ်များသည် ကချင်လူမျိုးများ၏ နိုင်ငံရေးအတွေးအခေါ်များကို သာမက သူတို့၏ ဓလေ့ထုံးစံများကိုပါလေးစားပြီး အားပေးသည်။ ဝေးလံသော သမုဒ္ဒရာခြားသည့် အရပ်များမှ လာရောက်ကြသော်လည်း အင်္ဂလိပ်များက ကချင်စကားလည်းပြောတတ်သည်။ ရ၀မ်စကားလည်းပြောတတ်သည်။ လီဆူ စကားလည်း ပြောတတ်သည်။ ဤမျှ မကသေး သူတို့ ရောမအက္ခရာနှင့်ရေးသားသော ကချင်စာကိုလည်း တီထွင်ပေးခဲ့ကြသည်။ အကျွန်ုပ် မြစ်ကြီးနားတွင် နေခဲ့စဉ်အခါအထိ မြန်မာ အက္ခရာဖြင့်ရေးသားထားသော ကချင်စာ မရှိသေး။ သူတို့က ဘာသာရေးနှင့်လည်း စည်းရုံးထားသည်။ သမ္မာကျမ်းစာကို ကချင်စကားဖြင့်လည်း ရေးထားသည်။ လီဆူဘာသာ စကားဖြင့်လည်း ရေးထားသည်ကို အကျွန်ုပ်တွေ့ရပေရာ သူတို့၏ နားလည်မှု အမြင်ကျယ်မှုနှင့် ကြိုးပမ်းမှုကို အထင်မကြီးပဲ မနေနိုင်အောင်ပင် ဖြစ်ရလေတော့သည်။
အင်္ဂလိပ်တို့သည် ဘိလပ်လို မြို့ကြီး အရပ်မှ ကချင်ပြည်နယ် တောတောင် အရပ်သို့ လာရောက်နေထိုင်ကြရာတွင် ငြိုငြင်စိတ် လုံးဝမရှိရုံမျှမက ကျရာ ကြုံရာ အရပ်တွင် ပျော်အောင် နေထိုင်ပြီးနောက် ကျရာတာဝန်ကို မင်းတိုင်းကျေမဟုတ် တကယ့်စိတ်ရင်း စေတနာဖြင့် ထမ်းဆောင်ခဲ့ကြသော သူတို့၏ လုပ်ပုံကိုင်ပုံ နည်းတွေကို မြင်ရတွေ့ရသော အခါ အကျွန်ုပ် လည်းများစွာ အားတက်ရလေတော့သည်။
ကချင်ပြည်နယ်ကို ရောက်တုန်းငါဘာကြောင့် ကချင်ပြည်နယ်အခေါင်အဖျားသို့ အနှံ့အစပ်မသွားပဲ တက္ကသိုလ် ပရိဝုဏ် ကျဉ်းကျဉ်းကလေးထဲမှာ နေ့ရက်အချိန်ကာလတွေကို အကုန်ခံရမည်နည်း။ ကချင်ပြည်နယ် အနှံ့အပြားသို့သွားပြီး ကချင်လူမျိုး အသီးသီးနှင့် လက်ပွန်းတတီးနေကာ သူတို့အကြောင်းကိုသိအောင်လေ့လာမည်ဟု ဆုံးဖြတ်ခဲ့လေသည်။
ထိုအတွေးသည်အကျွန်ုပ်အား မီးပုံးပျံကို မီးခိုးမှိုင်းသွင်းပေးသကဲ့သို့ တရွရွ တကြွကြွဖြစ်အောင် လုပ်ပေးလေတော့၏။
မကြာမီ အကျွန်ုပ်သည် ကချင်တိုင်းရင်းသာ တို့၏ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းစာတမ်းငယ် တစ်စောင်ကိုပါပြုစု ရရှိလေတော့၏။ ထိုအကြောင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းခွဲ၅ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးကြီး မြမောင်အားပြောပြရာ ဗိုလ်မှူးကြီးက ထိုအကြောင်းကို အကျွန်ုပ်အား ကချင်ပြည်နယ်မှ ပြည်ထောင်စုပွဲသို့တက်ရောက်မည့်ပြည်ထောင်စု ကိုယ်စားလှယ်များအား ဟောပြောရန် တိုက်တွန်းချက်အရ ဟောပြောရလေ၏။ ထိုနှစ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ပြည်ထောင်စုပွဲ ကျင်းပသော နှစ်ဖြစ်လေ၏။
ထိုနှစ်နွေရာသီတွင် ကချင်ပြည်နယ် အစိုးရ အဖွဲ့ တိုင်းကြီးကြပ်ရေးကော်မတီနှင့် အမှတ်(၇) တပ်မဟာမှ တာဝန်ရှိ လူကြီးများ၏ ညှိနှိုင်း ဆောင်ရွက်ပေးချက်အရ ကချင်ယဉ်ကျေးမှု သုတေသန အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းကာ ကချင်ပြည်နယ်ဒေသ အနှံ့အပြားသို့လေ့လာရေးခရီးထွက်ရန်စီစဉ် ပေးခဲ့ကြ လေသည်။ အကျွန်ုပ်ကားထိုသုတေသန အဖွဲ့ကိုခေါင်းဆောင်စေလျက် အဖွဲ့ဝင်များအဖြစ် ယဉ်ကျေးမှု အရာရှိ ဦးစိန်မြင့်အောင်၊ ကချင်ကျွမ်းကျင်သူ ဆရာဇိန်နမ်၊ စာရေးကိုလဒွဲ၊ ဓါတ်ပုံဆရာ ကိုလနူးတို့ပါဝင်စေလျှက် ဦးစွာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ချီပွေလောခေါင်ဒေသသို့စွန့်စား သွားရောက်ခဲ့လေသည်။ အကျွန်ုပ်သည် ကချင်ပြည်နယ် အတွေ့အကြုံများကို ၁၉၆၅၊ ၁၉၆၆ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာများတွင် ဆောင်းပါးများ ရေးသား၍ တိုင်းပြည်သို့တင်ပြခဲ့သည်။
(ဆန်းလွင်၏ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း မှ ကောက်နှုတ် ဖော်ပြပါသည်။)


မှတ်ချက်။ ။ သက္ကရာဇ် ၈၀၄ ထိုး ညောင်ဦးရွှေစည်းခုံ ဥညံန၀ကျောက်စာတွင် ကခြင် ဟူ၍ပထမဦးဆုံး ရေးထိုးကြောင်း မြန်မာ့စွယ်စုံ ကျမ်းအတွဲ ၁ အပိုင်းကတွင် ဖော်ပြပါရှိသည်။ ဆက်လက်၍ရှမ်းလူမျိုးတို့ကခန်ဂဟူ၍လည်းကောင်း၊တရုတ်လူမျိုးများက ရှန်ထို (တောင်ပေါ်သား) ဟူ၍လည်းကောင်း၊အာသံပြည်နယ်တွင်စင်ဖိုး ဟူ၍ လည်းကောင်း၊ တချို့ မြန်မာ မှတ်တမ်းများတွင် သိမ်းဖောဟူ၍လည်းကောင်းကချင်လူမျိုးများမှာမိမိတို့ကိုမိမိတို့ဂျင်းဖောဟူ၍လည်းကောင်းခေါ်ဆို ကြသည် ဆိုသည်။


No comments: