Thursday, June 26, 2008

ကြေးအိုး

ကြေးအိုးချက်ဖို့ အာရှဆိုင်ကို ဈေးဝယ်ထွက်ရတယ်။ မဟာဆန်က ဆန်ပြားနဲ့ကြိုက်တာဆိုတော့ ဆန်ပြားပဲ ၀ယ်လိုက်တယ်။ ငါးလုံးထုပ်လေးရယ်၊ မုန်ညှင်း ၁ကီလို၊ မှိုခြောက်၊ ပဲပြားနဲ့ မြန်မာနံနံပင် ၀ယ်ရတယ်။ မြန်မာနံနံပင်က မြန်မာပြည်မှာဈေးဝယ်ရင် အလကားပေးတာနော်။ ဒီမှာတော့ရွှေပဲ။ တစ်စည်းကို ၂ယူရိုလောက်ပေးဝယ်ရတယ်။ ကြက်သားနဲ့ သံပုရာသီး၊ သခွားသီးက ဂျာမန်ဆိုင် (တို့အခေါ် ဂငယ်ဆိုင်ပေါ့) တွေမှာ ပိုဈေးချိုတယ်။ အဲဒါတွေတော့ ဂငယ်ဆိုင်မှာ ၀င်ဝယ်ပေါ့။

ဆန်ပြားနဲ့ မှိုခြောက်လေးတွေကို ရေစိမ်ထားလိုက်တယ်။ အရင်ဆုံး ကြက်သားကိုနူးနေအောင်ပြုတ်၊ နူးရင် အသားလေးတွေမျှင်ထုတ်၊ အသားရော အရိုးပါရောပြီး ကြက်သွန်၊ဂျင်း၊ငံပြာရည်နဲ့ ဟင်းခတ်အစုံထည့်ပြီး ဆီသတ်လိုက်တယ်။ ဆီသတ်ပြီးမှ ရေနည်းနည်းနဲ့ မီးအေးအေးလေးနဲ့ပြုတ်ပေါ့။ ဟင်းရည်ပွက်လာရင် မှိုခြောက်၊ ပဲပြား၊ မုန်ညင်း၊ ငါးလုံးလေးတွေထည့်လိုက်ရော။ နောက်တစ်ခါ ရေထပ်ဆူရင် စားလို့ရပြီပေါ့။ စားခါနီးကျမှ ဆန်ပြားကို ထည့်ပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ကြက်သားမှုန့်၊ ဆား၊နဲ့ သံပုရာရည်ရောနယ်ပြီး အချဉ်သုပ်ထားတယ်။ အအီပြေလေ။ နံနံပင်ကြိုက်တဲ့ သူငယ်ချင်းတွေလည်း နံနံပင်လေးတွေ လှီးထားတယ်။ ကဲ အရသာရှိတဲ့ ကြေးအိုးဖြစ်သွားပါပြီရှင် (သိလ္လာစိုးဆီက စကားကို ခေတ္တငှားသုံးသည်)

စားကြနော်..အားမနာတမ်း အ၀စား။

5 comments:

ဘလူးဖီးနစ် said...

အင်း ဘလောက်လာလည်တဲ့သူကို အပြင်မှာ တကယ် ချက်ကျွေးတယ်ဆိုလဲ ကောင်းသားဗျာ.. ခုတော့ မြင်သာမြင် မကြင်ရ..

မဟာဆန် said...

ဟုတ်သားပဲ…မဟာဆန်တော့ ငရဲကြီးတော့မှာပဲနော်…ဘလော့ဂ်ကိုလာလည်တာမို့ပါ..အပြင်မှာလာလည်ရင်လည်း တကယ်ကျွေးပါတယ်..ချိတ်ချိုးနဲ့နော်

Unknown said...

မဟာဆန်ရေ

ကြေးအိုးအဝစားသွားတယ်နော်။
တို့လဲကြေးအိုးကိုဆန်ပြားနဲ့ပဲကြိုက်တယ်၊
ကြာဇံနဲ့ကြိုက်ဖူး။
မဟာဆန်ရဲ့post ဖတ်ပြီးမှ Asia Martကိုသွားချင်စိတ်ပေါက်လာလို့သွားလိုက်သေးတယ်။
စားချင်စရာဖြစ်အောင်ရေးတတ်တဲ့...မဟာဆန်ပါပဲ။

မဟာဆန် said...

ကျော့
ဈေးသွားပြီး အိမ်ဦးနတ်ကြီးကို မြန်မာစာတွေ ချက်ကျွေးလိုက်ပေါ့… မြန်မာ နတ်သမီးလေး လက်ရာလို့လေ..

Unknown said...

ဒီကြေးအိုးက အဆန်းပဲ။ တွေ့နေကြပုံစံနဲ့မတူဘူးနော်။
စားကြည့်ချင်တယ်။