Thursday, June 26, 2008

မဟာဆန်က မဟာဆန်ပါပဲကွယ်

ဘလော့ဂ်ရေးတဲ့ ကောင်မလေးတွေဟာ စာရေးတဲ့အခါ သူ့နာမည်လေးသူ အဖျားဆွတ်ခေါ်ပြီး နာမ်စားသုံးတတ်ကြတယ်နော်။ သိပ်ချစ်ဖို့ကောင်းတာပဲ။ မဟာဆန်လည်း သူများတွေကို အားကျတာပေါ့နော်။ ကိုယ့်နာမည်ကို ဘယ်လိုသုံးပြီး ပြောရပါ့မလဲလို့။ နာမည်ရွေးတုန်းကတော့ ခင်မောင်တိုးရဲ့ မဟာဆန်သူကို အားကျပြီး မှည့်လိုက်တာလေ။ နာမ်စားသုံးဖို့ စဉ်းစားလိုက်တော့ မဟာဆန်ဆိုတဲ့ စာလုံးသုံးလုံးဟာ ဘယ်လိုအဖျားဆွတ်ခေါ်ခေါ် ဂွကျကျကြီး ဖြစ်နေပါရောလား။ “မ…ကလေ“ ဆိုရင်လည်း မကောင်းဘူး။ “မ“ ဆိုတာ ချောချောခန့်ခန့်နဲ့ အသက်ထက် ၁၀နှစ်လောက် ပိုနုနေတဲ့ မမ တစ်ယောက်ပဲ ဖြစ်သင့်တာ။ ကိုယ်က ”မမ” မဟုတ်ဘူး။ ညီမလေးပဲ ရှိသေးတာဆိုတော့။ ဟီး.. ဘာမှလဲ မဆိုင်ပဲနဲ့ ကြော်ငြာဝင်တာ။ ကဲ..နာမည်ထဲက အလယ်စာလုံး…အမယ်လေး..အရုပ်အဆိုးဆုံး နာမ်စားဖြစ်သွားမယ်။ အင်း..နောက်ဆုံးတစ်လုံး “ဆန်“…ပေါ်ဆန်းမွှေး၊ ပေါ်ကျွဲ၊ မာကျူရီ၊ ရွှေဘိုဆန်…စုံလို့ပဲ။ ကိုယ့်စာဖတ်တိုင်း ထမင်းပန်းကန်ကြီးပဲ မြင်ယောင်နေမဲ့ ကိစ္စ။ မဖြစ်သေးပါဘူးနော်။ တစ်လုံးတည်း အဖျားဆွတ်ခေါ်မကောင်းရင် နှစ်လုံးတွဲခေါ်မယ်။ ”မဟာ” ဒါကတော့ နန်းဆန်ဆန် ချောမောလှပတဲ့ အမည်လေးပဲ။ ပန်းမကြိုက်၊ ဆံပင်ငုတ်တိုနဲ့ အပြင်ထွက်ရင်တောင် သနပ်ခါးလိမ်းဖို့ပျင်းတဲ့ ကိုယ့်အကြောင်းကိုသိလို့ ”မဟာ”ဆိုတဲ့ နာမည်လေးကို အားနာရပြန်ရော။ အပြင်မှာ စကားပြောရင် ကိုယ်သုံးတဲ့နာမ်စားက ”ကျွန်တော်”တဲ့။ အဲဒါလဲ မကိုက်သေးဘူး။ ကိုယ့်ကို ”ခြောက်ခြောက်”လေး ထင်သွားမှာ။ ကိုAndy (Wesheme blog)မှာ ကွန်မင့်သွားရေးတာ ကိုယ်သုံးနေကျအတိုင်း ”ကျွန်တော်” သုံးလိုက်မိတာ ”အစ်ကို မဟာဆန်” လို့ အခေါ်ခံလိုက်ရပါရောလား။ မိန်းကလေးပီပီ ”ကျွန်မ”လို့ သုံးပါတော့လား။ ဒီလိုတော့လည်း အပြင်မှာတောင် တစ်ခါမှ မပြောဘူးလို့ လျှာယားလှတယ်။ နောက်ဆုံးတော့လည်း အနှစ်ချုပ်လိုက်တော့ “မဟာဆန်“က “မဟာဆန်“ ပါပဲကွယ်။ နာမ်စားလှလှလေး စဉ်းစားမိရင် ပြောကြနော်။ အကောင်းဆုံး နာမည်ပြောနိုင်တဲ့သူကို ကြိုက်တဲ့ဟင်းချက်ကျွေးမယ်။

5 comments:

မင်းညို said...

ဒီလို ခေါ်လိုက်မယ် (အသံထွက်ရန်)မတ်ဟာဆန် (ဦးဟာဆန် ၏ သမီး၊ ကို မာမက် အလီ၏ ညီမ၊ မ..ဟာဆန်)

Unknown said...

မဟာဆန်ရေ

ဆန်ဆန်ရေ...ဟုတ်သေးဘူးနော်။ဟီ.ဟိ
"မဟာဆန်ကမဟာဆန်ပါပဲကွယ်" ကိုအကြိုက်ဆုံးပဲ။

မဟာဆန် said...

ဟီးဟီး
ဆန်ဆန်ဆိုတော့လည်း တမျိုးကြီးတော့
မင်းညို…နင့်ကိုတော့ ကျပါတီပဲ ကျွေးမယ်

Andy Myint said...

ဘွာတေး ဘွာတေး အစ်မရေ... ကျွန်တော်က `ကျွန်တော်´တွေ့တာနဲ့ `အစ်ကို´ လိုက်တာ။ စဉ်းတော့ စဉ်းစားမိသေးတယ်။ ခင်မောင်တိုး ကြိုက်လို့များ ဒီလူကြီး `မဟာဆန်´လို့ ပေးထားတာလားမသိဘူးလို့။

ShwunMi- said...

မဟာဆန်.. ဆိုတဲ့နာမည် စောစောကမြင်လိုက်တော့ ဆန်စေ့အကြီးကြီးကို မြင်ယောင်တယ်.. (ဆန်အိတ်အကြီးကြီး မဟုတ်ပါဘူးနော်)
mouse love rice သီချင်းကိုလည်း ကြားယောင်သွားတယ်..
နောက်တော့ အကြောင်းရင်းလိုက်ရှာရင်း တွေ့တယ်.. မဟာဆန်ကို မဟာဆန်လို့ပဲ မှတ်ထားပါတော့မယ် =)