Monday, April 14, 2008

သရဏဂုံ မပျက်သော အကြောင်း (၃)ပါး

သရဏဂုံ နှင့်ပတ်သက်လို့ ဦးသုခ ရဲ့  သုခ မှတ်စုမှ တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ဆိုပြီး စိတ်တွင်းက ယုံယုံ ကြည်ကြည် လက်ခံလိုက်ရင် ဗုဒ္ဓ ဘာသာဝင် ဖြစ်ပြီလို့ ပြောလို့ရပါပြီ။ တဖုဿ နဲ့ ဘလ္လိက ညီနောင် ဗုဒ္ဓ နဲ့ တွေ့ချိန်တုန်းက သံဃာ ဆိုတာ မရှိသေးသမို့၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ နဲ့ တင် သရဏဂုံတည်လို့ ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားပါတယ်။ သရဏဂုံ မပျက်အောင် ဘယ်လိုထိန်းမလဲဆိုတာက မြန်မာပြည် မှာ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ လူအများ ကျင့်သုံးနေတာတွေကို ဆန်းစစ်ကြည့်ရင် နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။ အောက်ပါ အချက်သုံးချက်က ဦးသုခမှတ်စုက ရတာပါ။ သူဘယ်ကကူးယူ မှတ်ထားသလဲ ဆိုတာ သေချာမသိပေမယ့် လက်ခံနိုင်ဖွယ် ဖြစ်တယ်လို့ ယူဆပါတယ်။

၁) ဒိဌိတို့အား အဆွေအမျိုးတည်းဟု ရှိခိုးသော်လည်း မပျက်။
၂) အတတ်သင်သော တိတ္တိတို့အား ဆရာဟု ရှိခိုးသော်လည်း မပျက်။
၃) မင်း ဧကရာဇ်တို့အားကြောက်သဖြင့် ရှိခိုးသော်လည်း မပျက်။

သုခမှတ်စုမှ စဉ်းစားစရာ ဖြစ်လာတာက နတ်ကို ရှိးခိုး ကိုးကွယ်မှု၊ ဘိုးတော်ကို ရှိခိုးကိုးကွယ်မှု စတာတွေဟာ သရဏဂုံ ပျက်ကြောင်းတွေ ဖြစ်လာ တယ်ဆိုတာကိုပါ။ အဲနောက်ထပ် ရှုပ်ထွေးလာတာက ရှိခိုးခြင်းဆိုတာ ကိုးကွယ်ခြင်းနဲ့ ဆိုင်မဆိုင်ပါ။ ရှိခိုးခြင်းဟာ ကိုးကွယ်ခြင်းနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒမြက သတ်မယ်လုပ်လို့ ရှိခိုးပြီး တောင်းပန်တာ သရဏဂုံ ပျက်ပါသလား။ ဒါလည်း မပျက်သင့်ဟုထင်သည်။ နောက်ဆုံး စဉ်းစားလေ ရှုပ်လေ နဲ့ မေးခွန်းတွေ များလာသမို့ ဆရာတော်တပါး ရှင်းထားတာပဲ ပြန်ပြောလိုက်တော့မယ် `` ရေသောက်ချင်တာ ရေကန် တခုလုံး နှံ့နှံ့ စပ်စပ် လျှောက်သွားပြီး မြည်းစရာမလို ရေစပ်တင် သောက်လို့ရသည်´´ ဟူလို။

No comments: