Sunday, July 19, 2009

ကျားမာယာ (၀ါ) မန်ကျည်းကိုးပင် ရွာသားများ


ဒီတစ်လော အစ်မခင်ဦးမေ နဲ့ ကိုဇက်တီတို့ သင်တန်းတွေ သွားတက်ရင်း ကောမန့်တွေလည်း ဖတ်မိတယ်…။ မိန်းကလေးဘက်က အမှောင်ဘက်ခြမ်းကို မြင်လွယ်ပြီး ယောက်ျားလေးဖက်က အမှောင်ဖက်အခြမ်း ကို မမြင်လွယ်ဘူး ဆိုတာတွေ လည်းဖတ်လိုက်ရတော့..။ ဦးသုခ ရေးထားတာ ကိုးကားပြီး နည်းနည်း ဖော်ကောင်လုပ်ချင်လာတယ်..။မိန်းကလေးတွေသိဖို့ ကျားတို့ရဲ့ နည်းစနစ်များ အကြောင်း တစေ့ တစ်စောင်းပေါ့ဗျာ..။

တကယ်တော့ ဖတ်မိတာက ၂၀၀၂ ခုနှစ်လောက်က အင်းစိန်မှာနေတုန်းကပါ။ သဘောကျတာနဲ့ မှတ်စုထဲ ကူးထားပြီး သူငယ်ချင်းတွေ စုမိရင် ဟာသ အနေနဲ့ ပြောဖြစ်ခဲ့တယ်..။ စာစကား ပေစကား အတန်အသင့်ပြောတဲ့ သူဆိုရင် မိန်းမ မာယာ သဲကိုးဖြာ လို့ပြောကြတယ်..။ တစ်ခါ မာယာတစ်သိန်း အပလိန်း အနန္တလို့လည်း ပြောကြတယ်..။ အမျိုးသမီးတွေဖက်ကလည်း ပြန်ပြောတယ်။ ယောက်ျားမာယာဆိုတာ မိန်းမမာယာ သဲကိုးဖြာ ထဲကို မန်ကျည်းကိုးပင် နှောက်ပါလို့ လိမ်လည် လှည့်ဖြား ဥာဏ်များ တတ်ပါတယ် လို့သီချင်းတောင် လုပ်ဆိုကြတယ်..။ သဲကိုးဖြာ ပမာဏ တင်တော်တော်များနေပြီ။ ဒါကို မမများက ယောက်ျားများ ဥာဏ်များပုံက မန်ကျည်းကိုးပင်က ချွေထွက်တဲ့ မန်းကျည်းရွက်အရေအတွက် ထပ်ဆောင်းလို့ ပိုကဲပါတယ်တဲ့..။

အဲဒီမှာ စားတာပဲ..။ ဒါလောက်များတဲ့ နည်းပရိယာယ်တွေ ဘယ်လိုရှာရမလဲ (ဘာလို့သိချင်တာလဲဆိုတာတော့ ပြောပြတော့ ၀ူး)။ တကယ်ကတော့ အတိဿယ ၀ုတ္တိ အလွန်အကျူး တင်စားရေးတာပါ..။ တကယ်မှတ်တမ်းတင်ခဲ့တာက မိန်းမ မာယာက (၄၀) ပါး နဲ့ ယောက်ျား မာယာက (၉) ပါးပါတဲ့။ အဲဒီမူရင်း ၄၀ ပါး နဲ့ မူရင်း ၉ ပါးကို ကြိုက်သလို ကိုယ်ပိုင်ဟန်တွေနဲ့ သုံးစွဲကြရင်းက မာယာတစ်သိန်း တို့ မန်ကျည်းကိုးပင်တို့ ဖြစ်လာ ကြသည်ဟု ဤ ကျမ်းဆရာ အကျော်က သုံးသပ်သည်..။

မန်ကျည်းကိုးပင် (သို့) ကျားမာယာကိုးပါးကား

၁) အမျိုး၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း

ခုခေတ်က အနွယ်တော်တွေ ရှားကုန်ပြီဆိုတော့ အဲဒါတွေနဲ့ ပတ်သက်တာ ထည့်ပြောတာတော့ မကြားရတော့ဘူး..။ တခေတ်ကတော့ တော်တော်ပြောခဲ့ကြတယ် ဘဘကြီးတို့ ခေတ်ကပေါ့..။ ဒီဖက်ခေတ်မှာ အဲဒီနည်းစနစ်ကို Name dropping လို့ခေါ်တဲ့ နည်းစနစ်နဲ့ အသွင်ပြောင်းသုံးတဲ့ ခေတ်ဗျို့ ။ ဥပမာ ဖားသားကြီးကတော့ ဘယ်မှာလုပ်နေတယ်တို့။ ဒီတစ်ခါကျောင်းပိတ်ရင် UK ဦးလေးဆီ အလယ်သွားမလို့ ဆိုပြီးတနည်း သွယ်ဝိုက်တဲ့ နည်းနဲ့ ကျင်လည်ရာ အသိုင်းအ၀ိုင်းကို ဖော်ပြကြတယ်..။ ဆွေကြီးမျိုးကြီး အဖေကြီး သူခိုးကြီးပေါ့ဗျာ..။

၂) ပညာ၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း

ဘီလ်ဂိတ်က ပရိုဂရမ် လာအပ်တာ မအားသေးလို့ မရေးပေးနိုင်သေးဘူးကွာ..ဆိုပြီးညည်းပြတာမျိုးပေါ့..။ အလုပ်သိပ်ရှူပ်နေကြောင်း မကြာခဏ ဟန်လုပ်ညည်းပြတာလည်း ဒီနည်းထဲမှာပါတယ်။ ဂျီတော့ status မှာ Busy ပြတာတွေလည်း ပါတယ်ဗျို့  အဟုတ်မအားရင် ၀င်ကို မ၀င်နိုင်ပါဘူး..။ တိုက်ဆိုင်မှု ရှိလျှင်တော့ သင့်ကိုပြောသည်မှတ်ပါ။

၃) ပစ္စည်း၏ ဂုဏ်ကို ပြ၍ မြှူဆွယ်ခြင်း

အိမ်က လင့်ခရူဇာကကွာ နည်းနည်းဖောက်ချင်လာတယ် အသစ်တုန်းကလောက် မကောင်းဘူး။

၎) ၀မ်းသာ ၀မ်းနည်းပြု၍ မြှူဆွယ်ခြင်း

နေ့တိုင်းအတူတက်နေတဲ့ အတန်းဖော်ကောင်မလေးကို စာသင်ခန်းဝမှာတွေ့ရတာကို နှစ်သုံးဆယ်လောက် ကွဲပြီးပြန်တွေ့လို့ ၀မ်းသာသလိုမျိုး။ ဖီလင်အပြည့်နဲ့ ကြေကွဲပြနေတာ..။

၅) အစဉ်မပြတ်နောက်ယောင်ခံခြင်းနည်းလမ်းဖြင့် မြှူဆွယ်ခြင်း

မင်းသွားရာ တစ်ကောက်ကောက်လိုက်မယ် ဆိုတဲ့ သီချင်းတောင်ရှိသေးသဗျ..။ ဒါကို ဘဘကြီးတွေ ခေတ်တုံးက ဘယ်လို အသွင်သဏ္ဍန် မျိုးနဲ့ သုံးခဲ့ကြလဲ သိချင်တယ်..။

၆) အစားအသောက် လက်ဆောင်များပေးကမ်းတတ်ခြင်း ဖြင့် မြှူဆွယ်ခြင်း

ဒီခေတ်မှာတော့ မွေးနေ့မို့လို့ပါဆိုပြီး လိုက်ကျွေးတာမျိုး..။ ဒီလက်စွပ်လေး ၀တ်ထားပေးပါလား အဲဒါ အဖိုးနွားရောင်းပေးလိုက်တဲ့ ကိုယ့်ချွေှးနည်းစာ လေးနဲ့ ၀ယ်ပေးတာပါ လိုတစ်မျိုး။

၇) မြှောက်ပင့် ချီးမွမ်းခြင်း အားဖြင့် မြှူဆွယ်ခြင်း

ဒါကတော့ သိမှာပါ သိသိကြီးနဲ့ ငြိမ်နေတာ..။ ကောင်မလေးနှစ်ယောက်လမ်းလျှောက်လာတာ အလယ်က ညီမလေး သိပ်လှတာပဲ အော်သွားလို့ မသိလိုက်ပဲခံလိုက်ရတဲ့ ကြည်နူးမှုမျိုး။

၈) အ၀တ်အစား ပြောင်းလဲတတ်ခြင်း အားဖြင့် မြှူဆွယ်ခြင်း

ဦးဂျမ်းကနေ ဘောင်းဘီလက်ရှည်ပြောင်းဝတ်တာတို့။ ဂေါ်လီစတိုင်ကနေ ကော်လာကတုံးနဲ့ ဖြစ်နေပြီဆိုရင်တော့ အကြံအစည် တစ်ခုခု ရှိလို့ပဲ။

၉) ကိုယ်ကာယကို ပြ၍ မြှူဆွယ်ခြင်း

မပြောတော့ဘူး။ $%&@#*

ဒါဆိုရင်တော့ မမများ ကိုယ့်ကို လာကပ်တဲ့ ငတိ ဘယ်လို တက်ကနီကွီး တွေသုံးသလဲဆိုတာ နံပါတ်စဉ် ရွတ်ပြလို့ ရပြီပေါ့..။ ဒါကို ဘေးဘေးကြီးတို့ လက်ထက်တော်ကတည်းက ခေတ်စနစ်ကိုလိုက်လို့ သုံးစွဲခဲ့ကြတာ ဒီနေ့ထိ မရိုးသေးဘူးဆိုရမယ်..။ ချောင်းဆိုးသော် သံပုရာရည်ဖြင့်သောက်၊ ဖျားသော် ကွမ်းရွက်ပြုတ်ရည်ဖြင့်သောက် ဆို့တဲ့ မြန်မာ့ ဆေးဝါးကောင်းတွေလိုပဲ ရောဂါ သာပြောင်းချင်ပြောင်းမယ်၊ မူရင်းဆေးတော်ကြီးကတော့ မပြောင်းလဲသေးပါဘူး..။

ဘက်ညီသွားအောင် မိန်းမမာယာ ပါ နည်းနည်းထပ်ဖော်ပြလိုက်မယ်..။

မ တို့၏ မာယာ (သို့) မာယာ လေးဆယ်


၁) ၀ိဇမ္ဘတိ တင့်တယ်စံပယ်သော အမူအရာကို ပြုခြင်း
၂) ၀ိနမတိ တစ်ခုခုကို ချ၍ ကျောက်ကုန်းကို မြင်စေခြင်းငှာ ကုန်း၍ ကောက်ခြင်း
၃) ၀ိလာသတိ ဣရိယာပုတ်ဖြင့်၎င်း ဖြီးလိမ်းပြင်ဆင်ခြင်းဖြင့်၎င်း တင့်တယ်အောင်ပြုခြင်း
၎) ၀ိလဇ္ဇတိ ရှက်ယောင်ဆောင်၏
၅) နခေန နခံ ဃဋ္ဋေတိ လက်သည်းခြင်း ပွတ်ခြင်း

Blah.. Blah…. စသည်ဖြင့်ပါ..။

ကျမ်း လေးမည်စိုးသဖြင့် ဤနေရာတွင်မဖော်ပြနိုင်သည်ကို စာရှူသူများ နားလည် ခွင့်လွှတ်ကြပါကုန်..။ အကျယ်သိလိုသူများ စာရေးသူထံ လျှပ်စာပို့ မေးမြန်းနိုင်ပါသည်။ ဤကား စကားချပ်..။

15 comments:

ကျောပိုးအိတ် said...

မီးကလေ ကျားကြောက်တယ်ဦးမင်းညိုရဲ့ ။

ကြောက်ကြောက်နဲ့ ဘဲလေ ကျားမာယာတွေ ဖတ်သွားတယ်။
အဟီးးးးးးးးး

ရေတမာ said...

ကျုပ်က မန်ကျည်းကိုးပင်ရွာသား မဟုတ်ဘူးဗျ.. ထန်းကိုးပင် ရွာသား (ပြောပြောပြီးခြင်း ဟိုဖက်လှည့်သွားသည်)။

p.s သာသာနှင့်နာနာလေးနှပ်ထားသော်လည်း အရေးအသားကြိုက်၏

yaewoori said...

ကျနော့ကိုဒဲ့ပြောနေသလိုပဲ

နည်း သစ်ရှာမှရတော့မယ်
ဒါတွေသူတို့သိသွားပီ :P

သားကြီး said...

$%&@#*????
ဒါကဘာကြီးတုန်း?
ဟီး...နောက်တခါဂျီတော့ဝင်ရင်ဆင်ခြင်တော်မူမှ
ကိုတို့မာယာကိုဖော်ကောင်လုပ်လိုက်တာတော့
မကောင်းဘူးပေါ့ကွယ်
မိန်းမမာယာကျတော့်ရှော်သွားရော :P

မီးမီးချစ် said...

ဖော်သာဖော် ဒါမှ မိန်းကလေး တွေ လဲ .. အေးချမ်းမေ သီးချင်း လေးလို ( မိန်းခလေး တွေ ဘာကြိုက် မင်းသိအောင် ကြိုးစား) ဆိုပြီး ဒူးလေး နန့် နေရုံပဲ..း))

Yu Ya said...

Clarification of wiles ကို မာယာမဲ့စွာ ဖတ်သွားပါတယ်ခင်ဗျာ...

yu ya

လပြည့်ရိပ် said...

အရေးအသားကောင်းတယ်.... ယောင်္ကျားမာယာထဲမှာ Gtalk busy sign လည်းပါနေပါလားဟရို့... ဒါဆို online မှာရှိပြီး offline sign ပြထားတာကရော...... ဟီး .....

လင်းကြယ်ဖြူ said...

Blah Blah ဆိုတာ ဘာနည်းတုန်းဗျ..ဟဲ..နောက်တာ..
အကုန်လုံး က မာယာတ္ဂေနဲ့ပါလား...
နောက်ဆိုရင် နည်းသစ်တ္ဂေ ထပ်ပေါ်လာဦးမယ်ထင်တယ်
ဥပမာ-ဘယ်ခြေနဲ့ပြပြီး ညာခြေနဲ့ ကန်သ္ဂင်းတဲ့ ဟာမျိုး
Techniques တ္ဂေလေ...စတာပါ..
ပျော်ပါစေ

Lu Pyo Gyi said...

ကောင်းပါ့ဗျာ မန်ကျည်းကိုးပင်ကို ခေတ်ဥပမာနဲ့ ပြတာ ကွက်ကွက်ကွင်းကွင်း ရှိပါပေ့ဗျာ။ သို့သော်လည်း Busy ကိုတော့ အဲဒီအထဲ မထည့်လိုက်ပါနဲ့ဗျာ IM ကိုသုံးပြီး အလုပ်ထဲမှာ ဆက်သွယ်တဲ့ အလုပ်တွေ အများကြီးပါဗျ။

အရူးလေး said...

လေးလေးနက်နက် စဉ်းစားရင်း တီးတိုး ပြောမိသည် "တစ်ခုမှ ငါမရှိပါလား" ..... ဟီးဟီး ... ချမ်းမြေ့ကြပါစေ ခင်ဗျာ ....

ZT said...

ဟဲဟဲ။ အမျိုးဂုဏ်၊ ပစ္စည်းဂုဏ်နဲ့ ကိုယ်ကာယကတော့ ပြစရာ မရှိဘူးဗျ။ ကျန်တာတွေတော့ အကုန် လုပ်ဖူးတယ်။

ဒါနဲ့ ကျွန်တော်လည်း ၉၉ အထိ အင်းစိန်မှာ နေဖူးတယ်။ ၉၉မှ နိုင်ဂျံကား ရောက်လာတာ။

မေသစ္စာမောင် said...

" ဂျီတော့ status မှာ Busy ပြတာတွေလည်း ပါတယ်ဗျို့  အဟုတ်မအားရင် ၀င်ကို
မ၀င်နိုင်ပါဘူး " ဆိုတာကိုဖတ်မိတော့ ပြုံးမိတယ်။

တစ်ချို့တွေ စာမေးပွဲရှိလို့စာဖတ်နေပါတယ်ဆိုပြီး ဂျီတော့ဖွင့်ထားတာတွေ့ဖူးတယ်...ဘယ်လိုတွေပါလိမ့်ပေါ့နော်....
စဉ်းစားရခက်ခက်ပဲ

နဒီမိုးညို said...

အရေးအသားကတော့..ရှယ်ပဲ.
မိုးညို..ကို..ဖတ်ကြည့်ခိုင်းရမယ်..ဟီးးးး

Angel Shaper said...

မန်ကျည်းကိုးပင် ရွာသားများကို လာဖတ်သွားတယ်နော်။ ဖတ်လို့လဲကောင်း၊ ဗဟုသုတလည်းရလိုက်တယ်။ offline နဲ့ ၀င်ဝင်လာတဲ့ သူမျိုးရော ဘယ်ထဲမှာပါလဲဟင်... ဟိဟိ...မေးကြည့်တာ အရမ်းသိချင်တယ်။

sweetpeony said...

အင်း..........
နည်းနာနည်းသျှတွေကို မှတ်သားသွားပါတယ်...။
ဒင်းတို့အကြောင်းသိပြီ...။
ဒါမျိုးလာလုပ်လို့ကတော့ ဒီလိုနည်းထဲကဟာ ဒီအချက်ကိုလုပ်နေတာမလားလို့ ပြောပစ်လိုက်မယ်...။
ဟဲဟဲ...........။
မိန်းမ မာယာ သဲကိုးဖြာ
ယောကျာ်းမာယာ သဲဖြာကိုးဆယ် လို့ပဲကြားဖူးတယ်။
မန်ကျည်းပင်တော့ ခုမှကြားဖူးပါတယ်။
း)