Saturday, October 25, 2008

စက်ရုပ်လူ နှင့် လူစက်ရုပ်(၁)




Success

Robot Company

ခြံဝင်းရှေ့ စိုက်ထူထားသော ကုမ္ပဏီနာမည်ကို အသေအချာ ဖတ်လိုက်မိသည်။ ကုမ္ပဏီမှာ အလုပ်လုပ်နေခဲ့သော ၃ နှစ်တာ ကာလအတွင်း ဒီနေရာလေးကို ခင်ဦးနေ့တိုင်း ဖြတ်သန်းခဲ့ပါသည်။

ဖယ်ရီပေါ်က ဆင်းလိုက်တာနဲ့ ခေါင်းထဲမှာ ဒီနေ့လုပ်ရမဲ့ အလုပ်တွေ အကြောင်းစဉ်းစားရင်း၊ တခါတရံ သူငယ်ချင်းတွေနဲ့ စကားပြောရင်း ခြေလှမ်းတွေက အလိုလို ကိုယ့်ရုံးခန်းကို ရောက်သွားခဲ့တာချည့်ပင်။

ဒီနေရာမှာ ဒီဆိုင်းဘုတ် ကျောက်တိုင်လေးရှိတာသာ သိနေသည်။ ဘယ်တုန်းကမှ သတိတရ ကြည့်မနေခဲ့မိပါ။ တွေးနေရင်းနဲ့ ဦးနှောက်က အလိုလို အလုပ်လုပ်လာတော့သည်။

မကြည့်မိတော့ ဘာဖြစ်သလဲ။ ဒီဆိုင်းဘုတ်လေးရှိတာသိတော့ ဘာအကျိုးရှိသလဲ။ ဒါကို မှတ်ထားဖို့ မရှိမဖြစ်လိုအပ်သလား။ မလိုအပ်ပါဘူး။ ဒါဆို shift+delete လုပ်လိုက်။ ပြီးပြီ။

တွေးနေတာကို အဆုံးသတ်ရင်း ကိုယ့်ကိုယ်ကို သတိထားမိသည်။ ဒီလိုပဲ မလိုအပ်တာတွေကို ထုတ်ပစ်လိုက်ဖို့ ခေါင်းက အလိုလို အလုပ်လုပ်နေပြီပဲ။စက်ရုပ်ဆန်လှသော ကိုယ့်အဖြစ်ကို မနှစ်မြို့စွာ မဲ့ပြုံးပြုံးလိုက်မိသည်။

ခင်ဦးရဲ့ ဦးနှောက်ဟာ နှလုံးသားခံစားချက်ဆိုတာ မရှိဘဲ program တစ်ခုကို ကောက် run လိုက်သလို အလိုလို အလုပ်လုပ်နေပြီပဲ။

Khin Khin Oo

Researcher

New Product Research Department

ကိုယ့်အခန်းရှေ့ ရောက်လိုက်တာနဲ့ ခေါင်းထဲက အတွေးတွေ အကုန် ရပ်သွားပါသည်။ စလင်းဘက်ခ်ကို စားပွဲအံဆွဲထဲ ထည့်ရင်း Laptop ကိုပါ တခါတည်း ဖွင့်လိုက်သည်။

စီမံခန့်ခွဲရေးဌာနရဲ့ web page ကို ဖွင့်ပြီး ခင်ဦးရဲ့ Daily schedule ကို ကြည့်လိုက်သည်။ အော်…ဒီနေ့ ကိုယ်အသက်သွင်းပေးခဲ့သည့် ရတီက သူ့ဌာနရဲ့ တစ်လတာ လုပ်ငန်းတိုးတက်မှုကို presentation ပေးမှာပါလား။

Success သည် စက်ရုပ်များထုတ်လုပ် ရောင်းချသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ နေရာတိုင်း စက်ကို အသုံးပြုနေကြသောနက်(net)ခေတ်ရဲ့ စက်ကမ္ဘာကြီးမှာ အသုံးဝင်လှသော စက်ရုပ်အမျိုးမျိုးကို Success က ထုတ်လုပ်ရောင်းချခဲ့သည်။

အရည်အချင်း ပိုကောင်းအောင်ကြိုးစားရင်း အသစ်အသစ်သော စက်ရုပ်များထုတ်လုပ်ခဲ့ရာ လူလောက်နီးနီး စွမ်းရည်ရှိသော AI 1 နှင့် AI 2 တို့ကို ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။

ခင်ဦး ဒီဌာနမှာ အလုပ်စ၀င်တော့ AI 3 စက်ရုပ်ကို Hardware တွေ လုပ်ပြီးသား အချိန်ဖြစ်သည်။ သူ့ကို အသက် ၂၅နှစ်အရွယ်ရှိ လူအစစ်လောက်နီးနီး အသိဥာဏ်ရှိလာစေဖို့ program တွေ ထည့်ပေးဖို့လိုပါသည်။

ထည့်ဖို့ လိုအပ်သော အချက်အလက်တွေအားလုံးကိုလည်း စာရင်းပြုစုပြီးသား ဖြစ်သည်။ ခင်ဦးတို့အဖွဲ့က program ရေးဖို့တာဝန်ကို ယူလိုက်ရပါသည်။

ဒီအချက်အလက်တွေ အကုန်လုံးကို သက်ဝင်လာအောင် လူအင်အား ၃၀ နဲ့ ကြိုးစားရေးလိုက်ရသည်မှာ ၂နှစ်နှင့် ၃လ ကြာပါသည်။

ခင်ဦးရော အဖွဲ့သားတွေ အားလုံးရော ရေးလိုက် run လိုက်နဲ့ ”မောလိုက်တာ“ လို့တောင် အသံထွက် မညည်းနိုင်အောင် ပင်ပန်းခဲ့ရသည်။

ကုမ္ပဏီရဲ့ ဌာနအသီးသီးက AI 3 project အတွက် ကိုယ့်အပိုင်းနှင့်ကိုယ် တာဝန်ယူခဲ့ရတာမို့ တကယ့်သက်ဝင်လှုပ်ရှားလာတော့ ရတီ့ကို အားလုံးက လူအစစ်လေးတစ်ယောက်လိုကို ခင်တွယ်နေကြပြီ။

ခင်ဦးဆိုလျှင် ရတီ့ကို ညီမအရင်းလေး တစ်ယောက်လိုတောင် ချစ်နေမိပါသည်။ ယခုအချိန်သည် ရတီ၏ စွမ်းရည်များကို စမ်းသပ်နေဆဲကာလဖြစ်သည်။ လွန်ခဲ့သည့်တစ်လကတည်းက ရတီ့ကို ကုမ္ပဏီ၏ စက်ရုပ်အပိုပစ္စည်း ထုတ်လုပ်ရေးဌာနခွဲမှာ မန်နေဂျာတာဝန်ပေးထားခဲ့သည်။

ယနေ့တော့ ရတီက သူ့ဌာနရဲ့ တစ်လတာ လုပ်ငန်းတိုးတက်မှုကို presentation ပေးတော့မည်တည်း။

ရတီ အသက်ဝင်လာပြီးနောက် သူမကို လူ့လောကအတွင်း တစ်ယောက်တည်း ရပ်တည်စေခဲ့သည်။

ခင်ဦးကတော့ ရတီ့ကို ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်ပေးခြင်းစသည့် တာဝန်များကို ယူထားရပေသည်။ ပထမဆုံး presentation ပေးရမှာဆိုတော့ ရတီများ စိတ်လှုပ်ရှားနေမလားလို့ တွေးမိလိုက်သည်။

သူမကို အသက်သွင်းစဉ်က စိတ်လှုပ်ရှားရမည့် အချက်အလက်တွေလည်း ပါဝင်ရာ ”ပထမဆုံး အတွေ့အကြုံ ဖြစ်လျှင် စိတ်လှုပ်ရှားရမည်” လို့ ထည့်ထားပေးမိခဲ့သည်။

လုပ်ငန်းဆိုင်ရာ အချက်အလက်တွေအကုန် ငါထည့်ထားပေးပြီပဲ….. သူ လုပ်နိုင်မှာပါဟု ကိုယ့်ကိုယ်ကို ယုံကြည်လိုက်မိသည်။

”ဒေါက် ဒေါက် ဒေါက်”

အခန်းတံခါးခေါက်လိုက်သံကြောင့် ခင်ဦးစိတ်က လက်ရှိအချိန်ကို ပြန်ရောက်လာသည်။ ရတီရောက်လာပြီဆိုတာလည်း တန်းသိလိုက်သည်။ အခန်းတံခါးကို ခေါက်တဲ့အခါ ခင်ဦးအကျင့်အတိုင်း သုံးကြိမ်ခေါက်ဖို့ ထည့်ရေးထားတာပဲလေ။

”၀င်ခဲ့ ရတီရေ”လို့ အသံပြုလိုက်ရသည်။

ရတီက ပြုံးပြရင်း ခင်ဦးရှေ့က ထိုင်ခုံမှာ ထိုင်လိုက်သည်။

”ခုပဲ ရတီ့အကြောင်းစဉ်းစားနေတာ…ဘယ်လိုလဲ…အဆင်သင့်ဖြစ်နေပြီလား”

”ဟုတ်ကဲ့… ကြိုးစားထားတာပဲ မမရေ..အဆင်ပြေမယ်လို့ ထင်တာပဲ”

”အဆင်ပြေမှာပါ ရတီရယ်…မကြောက်နဲ့နော်”

”မမ တစ်နေ့က ပြင်ခိုင်းထားတာလေးတွေ ပြင်လာတယ်… power point ကို ပြန်ကြည့်ပေးပါဦး“

ပြောရင်း ရတီက သူ့ memory stick လေးကို ကမ်းပေးလိုက်သည်။

ခင်ဦး ဖတ်ကြည့်ပြီး ဒီလောက်ဆို အဆင်ပြေလောက်ပါပြီဟု ဆုံးဖြတ်လိုက်သည်။

”ရပါပြီ …. ရတီက ပထမဆုံးဆိုပေမဲ့ ၀ါရင့် မန်နေဂျာတစ်ယောက်လို စုံစေ့အောင် တင်ပြထားတာပဲ”

ရတီက ပြုံးလိုက်ပြီး….

”မမ ကူညီပေးလို့လဲ ဒီလောက်ပြည့်စုံတာပါ“ လို့ ကျေးဇူးတင်စကားပြောလိုက်သည်။

ရတီ့အပြုံးကို ကြည့်ရင်း တစ်ခုခု လိုနေသလိုပဲလို့ ခံစားမိသည်။ ဘာလိုနေပါလိမ့်။ အော်… သိပြီ။ ကျေးဇူးတင်စကား ပြောရင် ပြုံးပါဆိုတဲ့ ”ယေဘူယျအပြုံး”ကိုပဲ ထည့်ပေးထားတာကိုး။ လမ်းမှာတွေ့လို့ နှုတ်ဆက်တဲ့ အပြုံးနဲ့ အတူတူ ဖြစ်နေတယ်။

”လှိုက်လှဲတဲ့ ကျေးဇူးတင်မှုပါတဲ့ အပြုံး” ထည့်ဖို့လိုတယ်ဆိုတာ ကိုမင်းခန့်ကို ပြောဦးမှပဲလို့ တေးမှတ်ထားလိုက်သည်။

စက်ရုပ်ရတီ့ကို လူသားခင်ဦးက စိတ်ခံစားမှုတွေ ဖြည့်ပေးနေသည်။ ခင်ဦး ကိုယ်တိုင် ကတော့ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်အားထက်သန်ခြင်း၊ ပင်ပန်းခြင်း စတဲ့ စိတ်ခံစားမှုတွေ အားလုံး လျော့ပါးနေခဲ့ပြီ။

ခွဲခွာနေရသော အစ်မဖြစ်သူ အလည်ရောက်လာတဲ့ မနက်ခင်းမှာ ကောင်းကောင်း မပျော်နိုင်ဘဲ ရုံးချိန်အမီ ထွက်လာခဲ့ရဖူးသည်။

အဘွားဆုံးစဉ်က အလွန်စိတ်ထိခိုက်ခဲ့သည်။ အိပ်ရာနိုးနိုးချင်း အဆင်သင့်ဖြစ်နေသော ကော်ဖီ တစ်ခွက် ပျောက်ဆုံးသွားတာ၊ ကျောင်းကပြန်လာရင် တွတ်တီးတွတ်တာ ပြောပြစရာလူ မရှိတော့တာ…စသည့်ဆုံးရှုံးမှုတွေနဲ့ ၀မ်းနည်းခဲ့ရပါသည်။

သို့သော် “ငိုနေ မှိုင်နေလို့ အဘွားပြန်ရှင်လာမှာ မဟုတ်ဘူး၊ ၀မ်းနည်းတာကို ရအောင်ဖျောက်ပြီး အလုပ်ဆက်လုပ်မှပေါ့” ဆိုတဲ့ စကားတွေနဲ့ ၀မ်းနည်းခြင်းကို ဖျက်သိမ်းခဲ့ရဖူးသည်။ စားလိုက်၊ အလုပ်လုပ်လိုက်၊ အိပ်လိုက်နဲ့ လုံးချာလိုက်နေခဲ့သည်။

လူသားတစ်ယောက်ရဲ့ အမျိုးမျိုးပေါ်လာတတ်ပါတယ်ဆိုတဲ့ စိတ်ခံစားမှုဆိုတာ ဘယ်မှာတဲ့လဲ။ လွန်ခဲ့သော ၂လလောက်ကတည်းက ခင်ဦး၏ခေါင်းထဲ ၀င်ရောက်လာခဲ့သော အတွေးများ ပေါ်လာပြန်သည်။

ခင်ဦးဟာ ခံစားမှုတွေ မရှိတော့အောင် ပျောက်ဆုံးနေသည်။ ပျော်စရာ တွေ့လို့လည်း ဟက်ဟက်ပက်ပက် မပျော်မိ။ ဆုံးရှုံးမှုတွေ့ရလည်း ၀မ်းမနည်းတော့။ ကားတိုက်မိတော့မလို ဖြစ်တာလည်း မထိတ်လန့်တတ်ပြီ။ ပျော်ရွှင်မှုကို လှိုက်လှိုက်လှဲလှဲ ခံစားချင်သည်။

ဆုံးရှုံးတာကြုံရင် နှမြောချင်သည်။ လူရွှင်တော်တွေ ပြက်လုံးထုတ်ရင် အားပါးတရ ရယ်မောချင်သည်။ ခင်ဦးရဲ့ စိတ်ကို ပြန်လည် သက်ဝင်လာအောင် ဘယ်လို လုပ်ရပါ့မလဲ။

ဆက်ရေးပါဦးမည်

No comments: