Friday, January 29, 2016

သမီးနှစ်ယောက်အဖေ


ပထမသမီးကတော့ ၁ နှစ်ပြည့်လို့ မတ်တပ် စရပ်ချိန်မှာ ကိုရီးယား ပေါ့စတား Psy ရဲ့ Oppa Gangnam Style ကို အတုခိုးကနေပြီ။ အခု ၃ နှစ်ခွဲ အရွယ်မှာတော့ အနီးနေဖူးသူတွေ သုံးတဲ့ စကားလုံးအသုံး အကုန်ပြန် အသုံးချ သူ့နေရာနဲ့သူ သုံးတတ်သလောက်ဖြစ်နေပြီ။ ကလေးငယ်တွေရဲ့  လေ့လာသင်ယူနိုင်စွမ်းက သိပ်အံ့သြဖို့ကောင်းပါတယ်.. Learning လုပ်တာမှာ မြန်တတ်ကြတယ်။

အငယ်လေးကတော့ ၇ လမှာ ဘီးပါတဲ့ ဂွင်းခုံထဲနေသားကျနေပြီ ဟိုသွားဒီသွား သူသွားလိုရာ ရွှေ့တတ်နေပြီ။ လေးဘက်ထောက်သွားဖို့ နေရာကောင်းကောင်းဖန်တီးမပေးနိုင်သေးတော့ လက်ပေါ်ပဲကြီးရရှာတယ်။ ညတရေးနိုးရင် ထထစကားပြောတယ်။ အသံမျိုးစုံ ကီးမျိုးစုံနဲ့ပါပဲ အသံသြသြမို့ ကြီးလာရင် အဆိုကောင်းမယ့်ပုံပဲ။ အမေကို အော်ခေါ်တတ်တယ်..မေကြီးဆိုတဲ့ ပီပီသသ အသံတောင် တခါတစ်လေ ထွက်တယ်။ သူ့ကို အမြဲချီ ထိန်းသိမ်းစောင့်ရှောက်တဲ့ မြင်းမူက ဒါလီ ကို သိပ်ခင်တွယ်ရှာတယ်။ အဖေကတော့ အပြင်ရောက်တာများနေသမို့မီးငယ်လေးကို ချီခွင့်သိပ်မရဘူး တပတ် ၂ ရက်ပဲ အလုပ်သွားဖြစ်ဖို့ စီမံလိုက်တယ်။ အကြီးမလွန်းကလေးက အမေအဖေ့အချစ်ကို ခွဲဝေပေးလိုက်ရသလို ခံစားမိပုံ ပထမရတယ်...။ နောက်ပိုင်း လူကြီးစိတ်ပေါက်လာပုံရတယ် သူ့ညီမကို ဂရုစိုက်လာတယ်။

ဒုတိယသမီးမွေးခါစ ကလေးပေါက်စ အကြီးနဲ့ မွေးကင်းစ အငယ်လေးကြား လင်မယားနှစ်ယောက် အတော်ဗျာများကြတယ်။ သူတို့ကို ဂရုစိုက်ရတာ ကိုယ်တိုင် အသက်ရှင်ဖို့တောင်ဘယ်လို စခန်းသွားရမလဲ မမှန်းဆနိုင်ဘူး။ နှစ်ဖက်မိဘ မကူညီနိုင်တဲ့ အနေအထား မှာ ခင်ရာဆွေမျိုး လုပ်တာလည်းမရ။ စိတ်ညစ်ပြီး သေသွားမလားတောင် ထင်ရလောက်အောင် စိုးရိမ်ပူပန်စိတ် ဗျာများ စိတ်တွေနဲ့အလုပ်ရှုပ်ခဲ့ပေမယ့် နောက်ပိုင်း စိတ်ထားတတ်လာတယ်...လုပ်ငန်းအပေါ်ပြန်အာရုံစိုက်ဖို့ အချိန်ပေးနိုင်လာမယ်ထင်တာပဲ။ မွေးကာစမှာ ဘယ်လုပ်ငန်းကိုမှ အာရုံမထားနိုင်ခဲ့ဖူး ကလေးတွေ ကျန်းမာရေး စားသောက်နေထိုင်ရေးပဲ အာရုံထားနေရတယ်..ညအိမ်တဲ့အချိန်တောင် မအိပ်နိုင်ပါ။ တနေ့ နာရီအနည်းငယ်ပဲ အိပ်ဖြစ်ရလောက်အောင်သူတို့အပေါ် အာရုံထားနေရတယ်။ ညအိပ်ရင် စောင်ပိ အသက်ရူမ၀ဖြစ်နေမလားဆိုပြီး စောင့်ကြည့်နေရတာ ညတိုင်းပါပဲ။ လုပ်ငန်းကို ဘာလောဘမှ ကောင်းကောင်းမထားနိုင်ဘူး...စားသောက်ဖို့ ရရင် အဆင်ပြေယုံပဲ သဘောထားနိုင်တော့တယ်။ ရှေ့ရက်တွေ လတွေ နှစ်တွေမှာ ဘာလုပ်မယ်ဘာကိုင်မယ် စဉ်းစားတာ မရှိတော့ဘူး စဉ်းစားရင်လည်း ပူပန်စရာချည်းပဲမို့ လက်ရှိအချိန်ပဲ အာရုံထား စိတ်ငြိမ်အောင်လုပ်ရင်း တဖက်ကလည်း တရားစာလိုက်ဖတ်နေရတယ်။ အဓိက ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်မယ့်လူကောင်း ရဖို့ခက်ခဲတာပါပဲ။ ခုတော့ ဒါလေးတွေ အဆင်ပြေစပြုလာပြီမို့ ၀င်ငွေတိုးဖို့ ပြန်စဉ်းစား လုပ်ကိုင်လာနိုင်ပါပြီ။ ရီဟာစယ်လုပ်ထားတဲ့ ဇာတ်ကွက်တွေတောင် လွဲချော်မှုတွေ ရှိလာနိုင်သေးသမို့ ဘာကြိုတင်လေ့ကျင့်မှုမှ လုပ်မထားတဲ့ဘ၀ဟာ ဟို့ကွေ့ရောက်ဟိုတက်နဲ့လှော်ဒီကွေ့ရောက် ဒီတက်နဲ့လှော် ကြုံသလိုဖြေရှင်းရင်း ဘ၀နေ၀င်ချိန်ကို ဘယ်လိုပြင်ဆင်မှုနဲ့ ဖြတ်မလဲပဲ စဉ်းစားနေတော့တယ်။


No comments: