Thursday, August 13, 2015

ဒုတိယ အမေ ဆုံးခြင်း

ဒုတိယ အမေ (အဘွား) သြဂုတ်လ (ဂ) ရက်နေ့ မနက် ၄ နာရီ ၅၅ မိနစ်မှာ ဆုံးပါးပါတယ်။ မဆုံးခင် ဝေဒနာခံစားရပုံနဲ့ ၅ မိနစ်ခြားစီ ၃ ခါ ပြင်းပြတဲ့ ထွက်သက် ၀င်သက်ပြုပြီးဆုံးတာ။ အမေ့ဝမ်းက ကျွတ်ကတည်းက ပြုစုစောင့်ရှောက် ပညာသင် သွားလေရာခေါ် အတူနေ အတူစား အတူအိပ် နဲ့ ၁၅ နှစ်ကျော်ကြာ အတူနေခဲ့ဖူးတဲ့ အဖွား ( ကျွန်တော် အသက် ၁၆ နှစ်လောက်ကတည်းက ၁၀ တန်းနှစ် ပြည်အမှတ် ၅ မှာ တက်ခဲ့ရင်း ဂျီတီအိုင် ၀ိုင်တီယူနဲ့ ဂျာမနီပညာသင် သွားခဲ့တာမို့ ၁၅ နှစ်ကျော်ပဲ အတူနေခဲ့ဖူးတာ) နို့တွေထွက်ပြီး နို့တိုက်ခဲ့တယ်လို့ နောက်ဆုံးအခေါက် မန်းကို ခေါ်တော့ လာရင်း ပြောသွားပါတယ်...။ သူဆုံးပြီးစ မညွှန်ပြောတာက ကျွန်တော်ငယ်ငယ်က ဖြူဖြူ၀၀ ကြီးမို့ စုန်းပြုစားမှာ စိုးလို့ ဈေးရောင်းတဖက်နဲ့ တခြားသူတွေလာရင် ညှော်မိမှာစိုးတယ် အကြောင်းပြချက်နဲ့ အိမ်ခန်းထဲ ချီချီသွားရှာသတဲ့။ အသည်းရောင်တယ် အကျိတ် တွေ့တယ်လို့ ပြည်က ပါရမီရှင် ဆေးရုံဆရာဝန်တွေ ပြောပေမယ့် တိကျတဲ့ အဖြေသိဖို့ ၇န်ကုန်သွားဆေးကုဖို့လိုတယ်လို့ ဆိုပါတယ်။ ဆေးရုံတက်ချိန် နှစ်မလေးနဲ့ ယောက်ဖ စောင့်ရှောက်ခဲ့ကြတယ်။ ရွာက ဆွေးမျိုးအချို့ လာတွေ့ပေမယ့် များ များစားစားတော့မဟုတ်ဘူးတဲ့။ ကျွန်တော်လည်း ကန်ထ၇ိုက်ယူထားတဲ့ ငွေမပေါ်သေးတော့ နှမ လင်မယားကို စိုက်ထားပါ ငွေပို့ပေးမယ် ပြောထားရတယ်။ ငွေရရင် ရန်ကုန်ခေါ် ဆေးကုမယ် အကြံနဲ့ပေါ့။ ပျောက်အောင်ကုမယ် မကုနိုင်သော် သက်တမ်းရှည်အောင်ဆွဲထားနိုင်မယ် ထင်ခဲ့တယ်။ နောက်ဆုံး ကန်ထရိုက်ငွေက ပြန်မရသေးချိန် ယောက်ဖက အကို အခြေအနေမကောင်းဘူး အမြန်လာပါ ဖုန်းခေါ်တော့ ပြန်သွားဖြစ်တယ်...။ လက်ထဲ ငွေ ၄ သိန်းလောက်တော့ ပါခဲ့တယ်။ မဆုံးခင် တပတ်လောက်မှ သွားဖြစ်ခဲ့တာ။ အဖွားအရမ်းအားနည်းနေခဲ့ပါပြီ သူ့ကိုယ်သူလည်း ခန့်မှန်းမိဟန်တူတယ်။ မှာသင့်တာတွေ မှာကြားနေပါတယ်။ အိပ်ယာက မထနိုင်လို့ ချီမပြီး အီးပါတဲ့ ခွက်ပေါ်တင်ပေးရတယ် ဆီးနဲ့ အီး ရောပါပါတယ်။ အစာသိပ်မ၀င်သူမို့ အီးဆိုတာ အရောင်သာသာပဲ သေးနဲ့ ရောပါပါတယ်။ ချီမတိုင်း နာလို့ အော်ပါတယ်။ တစ်လလောက်တော့ ဒီတိုင်းနေရင်ခံမယ်ထင်ခဲ့တယ်။ စကားတွေလည်းပြောနေတာကိုး ။ ကျွန်တော်ပြန်ရောက်တော့ အားတက်ဟန်တူတယ် လဖက်ရည်ပန်းကန် တစ်လုံးကျော်ကျော် ဆန်ပြုတ်သောက်တယ်။ လေသံမျှသာထွက်တဲ့အသံက ပီပီသသ ပြန်ထွက်လာတယ်။ ကျွန်တော်လည်း ဒီတိုင်းဆို အာဟာရပြန်ပြည့်ရင် ပြည်ဆေးရုံတင်ပြီး အားရှိအောင်ဆက်လုပ် ပြီးရင် ရန်ကုန်ခေါ်မယ်ပေါ့။ တကယ်တန်း နောက်ဆုံးအချိန်ဆိုတာ မရိပ်မိခဲ့ဘူး။ အီးပါလို့ ပေတဲ့ ထမီလေးတွေ စောင်လေးတွေ လျှော်ပေးတာ။ အီးပါပြီး လက်နဲ့ ပွတ်သတ်ဆေးပေးတာ လုပ်ပေးဖြစ်ပါတယ်။ မရွံဘူးလားသားရယ်မေးတော့ ဘာလို့ ရွံမှာတုန်းဗျာ ဒါ ရွှေတွေဆေးပေးတာ သိန်း သုံးထောင် လေးထောင်ပရောဂျက်တွေ ကျွန်တော်ရမှာဗျ ကုသိုလ်ယူတာ လို့ ရယ်မောရင်းနောက်ပြောင်ဖြစ်တယ်။ နောက်နေ့ ရန်ကုန်အလုပ်က ငွေပြန်ပေါ်တော့မယ်ထင်တော့ ကျွန်တော်စိတ်လောမိတယ် ခဏပြန်သွားပြီး နောက်ရက်ငွေယူပြန်လာမယ်တွေးတယ် အစ်မ ကျွန်တော် ခဏပြန်အုံးမယ် နောက်ရက် ပြန်လာမယ်ပြောတော့ အေးအေး လို့ ယဲ့ယဲ့လေး ပြောရှာတယ်။ မြင်းမူက ဇနီးနဲ့ မွေးစသမီးငယ် မတွေ့တာကြာတဲ့ သမီးကြီးတို့ ကို အလွမ်းတွေဖြောက်ပေးပြီး နောက်နေ့ရန်ကုန်တက် ပိုက်ဆံယူမယ်ပေါ့။ ပြည်ကားဂိတ် ညကားပေါ်ရောက်ကားထွက်ခါနီးတော့ ယောက်ဖ ဖုန်းဆက်တယ် အကို ပြန်လာတော့ အခြေအနေမကောင်းဘူးတဲ့။ ဒါနဲ့ ညတွင်းချင်း ဆိုင်ကယ် Taxi သမားနဲ့ နှစ်ယောက်ပြန်လာတော့ မြောနေရှာပြီ ကျွန်တော်ပြန်လာတာ သိမသိ မသေချာတော့ သေမင်းနဲ့ နောက်ဆုံးခံတပ် ရောက်နေရှာပြီ ပါးစပ် နှာခေါင်းတွေက အစာခြေပြီး မစွန့်နိုင်တဲ့ လက်ကျန် မည်းမည်း အရည်တွေ စီးထွက်လို့ပေါ့။ ခေါင်းရင်းကနေ နဖူးလေးကို ကိုင်ရင်း အစ်မ ကျွန်တော်ပြန်လာပြီ။ စိတ်ကို အလွတ်မပေးနဲ့ အသိကပ်တော့။ တွေးသမျှ နောက်ကနေ လိုက်သတိကပ်တော့ ပြောတယ်။ တသက်လုံး သူများ အသက်မသတ်ခဲ့ဘူး အလှူတွေလည်း အများကြီးလုပ်ခဲ့တယ် သင်္ကန်းတွေလည်း စီးပေးခဲ့ဖူးတယ် ဘုရားတွေလည်း လျောက်ဖူးခဲ့တယ် သီလလည်း စောင့်ထိန်းခဲ့တာတွေ အာရုံယူတော့ပြောပေးတယ်။ ကြားမကြားမသေချာပေမယ့် တတ်သိသမျှ ရွတ်ဖတ်ပြောပေးတယ်။ ညီမ လင်မယား အိမ်ပေါ်တက်အိပ်ကြ လာစောင့်တဲ့ အဖေလည်းခဏအိပ် ကိုအောင်လည်း ခဏပြန်အိပ် ဦးလေးစိန်လှိုင်နဲ့ ကျွန်တော်စကားတွေပြောရင်း ခဏနားပါစေဆိုပြီး တရားကက်ဆက်ခွေ ပိတ်ပေးလိုက်တယ်။ ခဏနေတော့ ခြေသလုံးလောက်အရွယ်ရှိတဲ့ တောကြွက်ကြီးတကောင်ဝင်လာလို့ အမှတ်မဲ့ မောင်းထုတ်မိတယ် သတိရလို့ အစ်မ ခြင်ထောင်ထဲ ၀င်ကြည့်တော့ ပထမ ပြင်းပြတဲ့ အသက်ငင်တဲ့ ထွက်သက်ဝင်သက်ပြုတယ် နှလုံးက ပြင်းပြစွာခုံတယ် ထွက်သက်ဝင်သက်ပြုချိန် ကျွန်တော်စိတ်မနိုင်ဘူး လန့်လန့်သွားတယ် ဘယ်လောက်ချစ်ချစ် ကြောက်စိတ်ဝင်သွားတယ်။ နည်းနည်းအသံထွက်မိတယ်။ လူနာအတွက် နောက်ဆုံးအချိန်မပြုသင့်တဲ့အမှား  နောင်တရတယ်။ နောက် ငါးမိနစ်နေတော့ တကြိမ် ထပ်ပြုတယ် နှလုံးခုန်နှုန်းနှေးလာပါပြီ။ နောက်ဆုံးအကြိမ်ပြုပြီး ငြိမ်သွားတယ်။ ဘ၀တစ်ခု တစ်ခန်းရပ်သွားပါပြီ။ ကျွန်တော်ကြည့်ရင်း သနားလာလို့ အသံမထွက်အောင် ရှိုက်မိတယ်။ အစ်မ မြေကျချိန် သင်းချိုင်းမှာ ကြည့်ရင်း သနားစိတ်နဲ့ အသံမထွက်ငိုဖြစ်တယ်။ ကျွန်တော့်ကို အမေ့လက်ပေါ်ကနေလွှဲပြောင်းယူပြီး မညှိုးမနွမ်းအောင် ပြုစုခဲ့တဲ့အဖွား တကယ်ကွယ်လွန်သွားခဲ့ပါပြီ။ သူစိတ်ချမ်းသာအောင် ကျွန်တော်ဘာတွေလုပ်ပေးဖြစ်ခဲ့လဲ။ ဘာတွေ ကျေးဇူးဆပ်ခဲ့လည်း ကျွန်တော်မဆုံးဖြတ်တတ်။ ဂျာမနီပညာသင်သွားချိန် ဂုဏ်ယူစိတ်နဲ့ စိတ်ချမ်းသာကောင်းပါရဲ့လို့ ဖြေတွေးတွေးမိတယ်။ နောက်ဆုံးအချိန်တွေမှာ မငြိုမငြင် ပြုစုစိတ်ရှိတဲ့သူတစ်ယောက် အနားမှာ ရှိဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစပါ။ သံဝေဂ တချို့  ရခဲ့ပါတယ်။

No comments: