Tuesday, July 21, 2009

မြန်မာ ဆိုတာ

ခေါင်းစဉ်မြင်တာနဲ့ ဘာပြောတော့မယ်ဆိုတာ ရိပ်မိမှာပါ။ အခါအခွင့်သင့်တိုင်း မြန်မာ အကြောင်းကို မသိတဲ့လူတွေရှေ့ မှာ မြန်မာရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ဘာသာစကား စတာတွေ တင်ပြဖို့ ကြိုးစားမိတယ်..။ အရှေ့ တိုင်းက ဘယ်နိုင်ငံကပဲဖြစ်ဖြစ် မြန်မာဆိုတာ သိပါတယ်..။ သိပ်မသိတာ အနောက်နိုင်ငံက လူငယ် နောက်ပေါက်တွေပါ..။ ဂျာမနီရောက်ခါစ တဆောင်ထဲနေ တရုတ်ပေါက်ဖော်တွေက ဘယ်ကလဲ မေးလို့ မြန်မာလို့ဖြေလိုက်တာ ဒင်းတို့က မသိဘူးပြောတာ တော်တော်တင်းသွားတယ်..။ မြန်မာက ဆိုရင် ဆံပင်က အစ ချေးသေးပါမကျန် အကုန်ယူနေတာ ဒင်းတို့က မသိဆိုတော့ မျက်နှာပျက်လုနီးနီး ဒေါသထွက်သွားပါတယ်.။ ဟုတ်တယ်ဗျာ..။ လိပ်ခွံကအစ လယ်ထဲက မျှော့ပါမချန် ရှိရှိသမျှ အကုန်ယူပါတယ်။ trade လုပ်တယ် ဆိုတာသိပေမယ့် ကြာလာတော့ ကိုယ့်ကိုကိုယ် သူတို့မွေးထားတဲ့ ၀က်ခြံထဲက ၀က်လိုလို သိုးလိုလိုထင်လာပါတယ်..။ အကုန်ယူနေတာကိုး..။ (မြန်မာပြည်သား ဂန္ဓာလရာဇ်နွယ်ဖွား ညီအစ်ကို ညီမတော်များ ကိုတော့ တိုက်ခိုက်လိုရင်းမဟုတ်ပါ..။) ဒါနဲ့ နောက်ဘော်ဘော် တလုပ်များ မေးလာရင်တော့ ဖြေလိုက်ပါတယ်..။ မင်းတို့ အခေါ် မြန်သရန့် ပါကွာလို့ ပြောလိုက်တော့မှ အိုကေပြီး ဟာ ဒါတော့ သိတယ်ဆိုပဲ..။ မကြာခဏ နေ့လည်စာ အတူသွားစားနေတဲ့ အီဂျစ်ကြီးတစ်ယောက် (ခုတော့ သူလည်း မြန်မာလိုကောင်းကောင်းနှုတ်ဆက်လို့ မြန်မာတပိုင်းဖြစ်နေပြီ) နဲ့စကားပြောရင်း မြန်မာကို သိလားမေးဖူးတယ်။ ဘယ်နေရာလဲ မသိတဲ့။ တစ်ခြားနိုင်ငံက ငတိတွေသာ မသိရှိရမယ် အီဂျစ်ကတော့ ငါတို့မြန်မာကို သိလောက်ပါတယ်လို့တရားသေတွက်ထားတာ (အမှန်တော့ အီဂျစ်အကြောင်း ကျွန်တော်တို့ ငယ်ငယ်ပြဌာန်း စာအုပ်တွေထဲမှာ ခဏခဏ ပါနေတော့ ကိုယ်က ရင်းနှီးသလိုဖြစ်ပြီး ဒီကောင်ကြီး ငါ့တော့သိမှာပါ ထင်တာကိုး နောက်မှတွေးမိတာ။ သူတို့က ကျွန်တော်တို့ အကြောင်း ပြဌာန်းစာအုပ်ထဲ ထည့်သည်မထင်)။

ဆက်ရရင် ဘာသာစကား ကျောင်း Goethe Institute မှာ ကျွန်တော်ရောက်ခါစ မြန်မာ ဆိုတာ မသိပါဘူး။ အမှန်တော့ သင်တဲ့ ဆရာမ ဗဟုသုတ နည်းတာလည်းပါမှာပါ..။ ဘားမားပြောလည်းမရ မြန်မာပြောလည်းမရ ဆိုတော့ တင်းလာပါတယ်..။ အရင့်အရင် နောင်တော်များ တက်သွားခဲ့ဖူးပေမယ့် အဲဒီဆရာမက ဘာလို့မသိတာလဲတော့ နားမလည်..။ သူတို့ Goethe Institute ကထုတ်ပေးတဲ့ ကျောင်းသားကိုင် ဖိုင်ကြီးပေါ်က Good morning တို့ Guten Tag တို့နဲ့ ယှဉ်ရက် မင်္ဂလာပါ ဆိုတဲ့ စာတန်းကြီးကို လက်ညှိုးထိုးပြပြီး ဒါကြီးက ဘာလုပ်ထားတာလဲလို့ မေးလိုက်တယ်..။ (ဒါတောင် အဲဒီမင်္ဂလာပါ စာတန်းကို မဂ်လာပါလို့ ရေးထားလို့ မှားနေတယ် ပြောခဲ့တယ်) နောက် စာသင်ခန်း ထဲက ဂျာမန်ဘာသာနဲ့ ကမ္ဘာ့မြေပုံထဲက Birma ဆိုတာကို ထောက်ပြပြီး ဒါမြန်မာပဲလို့ ပြောလိုက်တော့မှ သိသယောင်ယောင် မသိသယောင်ယောင်လုပ်တယ်..။ အဲဒီအချိန် မြန်မာ အကြောင်းကိုနောက်မျိုးဆက်တွေထဲမှာ သမိုင်းလိုက်စားသူတွေလောက်ပဲ ဂဂ ဏဏ သိကြတာ..။ နောက်များမကြာခင်ရက်မှာတော့ Goethe Institute ဧည့်ခန်းထဲက သတင်းစာ အကြီးကြီးမှာ မြန်မာတွေပြည့်လျှံနေတာ သူငယ်ချင်းတစ်ယောက်လာပြလို့ သိလိုက်တယ်။ Goethe မှာတက်နေတဲ့ အာရှတွေ အထူးသဖြင့် အဲဒီအချိန်က ဆူနာမီ အကြောင်းပြုလို့ အင်ဒို စကောလားရှစ် ထိုင်း စကောလားရှစ်တွေ ပုံနေချိန်ပေါ့ တစ်ခါတစ်ရံ ပေါက်ပေါက်ရှာရှာ လာမေးတယ်..ဘားမားကနေ ဘာလို့ မြန်မာ ဖြစ်တာလဲတဲ့။ ဂျာမနီ ကို ကမ္ဘာက သိတာက Germany ပါ။ ဂျာမန်တွေ သူတို့ နိုင်ငံကိုခေါ်တာက Deutschland တဲ့။ သူတို့ကိုယ်သူတို့ ခေါ်တာကျတော့ Deutsch တဲ့။ ကျွန်တော်လည်း ဖြေခဲ့ပါတယ်။ အဲလိုပဲ အင်္ဂလိပ်တွေ ခေါ်ခဲ့တာက ဘားမားပေါ့ကွာ..။ ငါတို့ကိုယ်ငါတို့ အိမ်မှာနေရင်း သုံးကြတာက မြန်မာပါလို့။ ခု မင်းတို့သိနေတဲ့ Germany နဲ့ Deutschland ကွာသလိုပါပဲ လို့ဆိုတော့ နားလည်သွားသလားတော့မသိ ငြိမ်သွား ရှာတယ်.။ အရင်တုန်း က Burma, Burmen, Burmah, Burmese စတဲ့ အသုံးတွေတွေ့ရတယ် ဥပမာ Burmah Oil Company (BOC) ဒီနောက်ပိုင်း ကိုရီးယားက ဦးဦးကင်မ်ချီက Myanmar, Myanmese မြန်းမီစ် ဆိုပြီး သုံးလာတာတွေ့ရတယ် Myanmarese ဆိုပြီးသုံးတာတွေလည်း တွေ့ရတယ်။ မြန်မာဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တကမ္ဘာလုံးကနေပြီး တိတိကျကျ သိဖို့ သတ်မှတ်ဖို့ လိုနေပါသေးတယ်။

တစ်ခြားနိုင်ငံသားတွေ အထူးသဖြင့် အနောက်နိုင်ငံသား နောက်မျိုးဆက်တွေ (ကျွန်တော်တို့လောက် ကမ္ဘာ့သမိုင်းကို ငယ်ငယ်က မသင်ဖူးသူတွေပေါ့ အဟီး) နဲ့ အသိအကျွမ်းဖြစ်တဲ့အခါ တစ်ခါတစ်လေ စပ်စုလာလို့ ရုပ်ရှင်ကားလေး ဘာလေး ဝေငှချင်တယ် သူတို့ဆီက သူတို့ဇာတ်လမ်းတွေလည်း လိုချင်တာကိုး။ ဒါပေမယ့် ကိုယ်က ဘယ်ဇာတ်ကားကို ပေးရမှန်းမသိဖြစ်နေတယ်။ ဒီနောက်ပိုင်း ကိုလူမင်းရိုက်တဲ့ ကားတစ်ချို့ တော့ အင်္ဂလိပ်စာတန်း ထိုးတာတွေ့တယ်။ မြန်မာကားတွေက လည်း my little bride လိုကိုရီးယားကားကို ကူးချထားတဲ့ ကားလိုမျိုးတွေကအများစုဆိုတော့ အင်္ဂလိပ်စာတန်းထိုးမဟုတ်ပဲ ပေးချင်တာတောင် မပေးရဲဘူး။ ယုတ်စွ အဆုံး ကျွန်တော်တို့ လေးစားတဲ့ အကယ်ဒမီမင်းသားကြီး ဦးဝင်းဦးဇာတ်လမ်းဖြစ်တဲ့ မောင်တို့ချယ်ရီမြေတောင် ကော်ပီကားဖြစ်နေတယ်။ ပြရမယ့် ဗွီဒီယိုကားဆိုတာတွေကလည်း မြန်မာဓလေ့စရိုက်ကို ထင်သာမြင်သာနဲ့ ကြည်နူးဖွယ် လာလည်ချင်သဖွယ် စိတ်ဝင်စားဖွယ်ရိုက်ပြထားတာ တစ်ကားမှ ကောင်းကောင်းမတွေ့သေးဘူး..။ တိုက်တွေတာတွေ ကားတွေ လက်ကိုင်ဖုန်းကိုင် စကားပြောနေတာတွေ ဒါတွေက နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားဖွယ်အရာတွေ ဟုတ်မယ်မထင်ပါဘူး။ အဓိကကတော့ မြန်မာကို ကောင်းကောင်း ပရိုမိုးရှင်းလုပ်လို့ရတဲ့ documentary ဆန်ဆန် ဇာတ်လမ်းဇာတ်ကားမျိုးတွေပါ။

တလောတုန်းက မြန်မာမှာ မရှိဘူးသေးတဲ့ Digital to Film ကူးလို့သွားလို့ရတဲ့ ဈေးကြီးကြီး ကင်မရာ အကောင်းစား ကြီးတစ်လုံး မြန်မာက ၀ယ်သွားပြီး ဦးအောင်ကိုလတ်ကို အပ်လိုက်တယ် နောက်မြန်မာကားတွေ အရည်အသွေးကောင်းကောင်းနဲ့ ကြည့်ရတော့မယ်လို့ ကြားလိုက်တော့ တော်တော် အားတက်သွားတယ်။ ဟား ရိုက်စမ်းဘာ..ရှယ်တွေ..ပလူပျံထွက်သွားအောင် ရိုက်ပစ်လိုက်စမ်း..။

ဒီရက်ပိုင်း ဦးအောင်ကိုလတ် ရိုက်တယ်ဆိုတဲ့ ဇာတ်ကားတစ်ကားထွက်လာတယ်။ အဲဒီကင်မရာနဲ့ ရိုက်မရိုက်တော့မသိဘူး။ ထွင်ထားတဲ့ ရိုက်ချက် တမူထူးခြားတဲ့ ရိုက်ချက်လေးတွေပါလာတယ်..။ ကောင်းတာတွေလည်းအတော်ကောင်းတာတွေ့ရတယ်..။ တချို့နေရာတွေမှာ ထွင်လွန်းတာတွေ တွေ့နေရတယ်..။ ရိုက်ကွက် တခုကို နေရာနှစ်ခုကနေမြင်သလို ရိုက်ပြတာတွေ တွေ့ရတယ်..။ Powerpoint နဲ့ presentation ပေးနေသလိုပဲ။

အစပြန်ကောက်ပြီးပြောဖို့တော့သင့်ပြီ။ နိုင်ငံရပ်ခြားမှာ မြန်မာဆိုတာ ဘယ်လိုဆိုပြီး Presentation ပြန်ပေးဖို့ လိုကောင်းလိုမယ့်သူတွေ အသိမိတ်ဆွေတွေကို ဝေငှချင်သူတွေအတွက် မြန်မာတွေမှာသာ ရှိတဲ့ ကိုယ်ပိုင်အရာတွေကို ချည်း ရိုက်ပြထားတဲ့ မှတ်တမ်း ရုပ်ရှင်တချို့ ကို လမ်းညွှန်လိုပါတယ်..။ မင်းသားလွင်မိုး ရိုက်တဲ့ လွင်မိုးခရီးသွားနေသည် ဆိုတဲ့ကား။ နေရာအနှံ့နဲ့ ဓလေ့စရိုက်အစုံကို ရိုက်ပြရှင်းပြပေမယ့် တင်ဆက်ပုံ မကြိုက်လို့ သိပ်မညွှန်းချင်ဘူး။ ညွှန်းချင်တာက ဇင်ယော်မောင်မောင် ရိုက်တဲ့ကား Myanmar; The Golden Land နောက်ခံစကားပြောတာက အင်္ဂလိပ်ဘာသာ ကျူတာ လုပ်ဖူးတယ်လို့သိဖူးတဲ့ အဆိုတော် နွဲ့ယဉ်ဝင်းပါ။ ပြည်နယ်နဲ့ တိုင်း ဒေသအစုံကို အကျဉ်းရုံးပြီး အားလုံးပါအောင် ရိုက်ပြပါတယ်။ နောက်ပြီး ဒေသစုံက ယဉ်ကျေးမှု ဓလေ့စရိုက်တွေ ထဲက အချို့ နဲ့ သူရိုက်တဲ့ လျှို့ဝှက်သောနှင်းထဲက ခါကာဘိုရာဇီရေခဲတောင် တချို့ မြင်ကွင်းတွေကို သရုပ်ဆောင် နိုင်ငံခြားသားလေးဦးနဲ့ ရိုက်ပြတာပါ..။ အင်္ဂလိပ်ဘာသာ နဲ့ နောက်ခံပြောပေးပါတယ်။









ဒုတိယကားကတော့ အားကစားဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်တဲ့ မြန်မာ့သိုင်းပြပွဲနဲ့ ဗန်တို (အတိုက်) ပြပွဲ မှတ်တမ်းရုပ်ရှင်ပါ။ အင်္ဂလိပ်လို ကြေငြာပေးပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့  ပညာရပ်တွေပညာရှင်တွေကို စုစည်း ဖိတ်ခေါ်တင်ဆက်ပေးထားတာ တွေ့ရတယ်။ အရှေ့တိုင်းမှာ Martial Art ဆိုရင် ကွန်ဖူးလို့ပဲ အများပြောကြပေမယ့် တကယ့်တကယ်က ထိုင်းမှာ မွေထိုင်းလက်ဝှေ့ ရှိသလို အင်ဒိုတို့ ဗီယက်နမ်တို့မှာလည်း သူတို့ ကိုယ်ပိုင် ရိုးရာ Martial Art တွေရှိပါတယ်။ မြန်မာမှာဆိုရင် ပျောက်ကွယ်နေပြီလို့ထင်ရတဲ့ ပွဲကျောင်းပညာရပ်တွေတခေတ်ကတကယ် ရှိခဲ့ဖူးပါတယ်။

ဗမာတိုင်းရင်းသားတွေ သင်ခဲ့တတ်ခဲ့ကြတဲ့ ဗန်တို(လက်နက်မဲ့ တိုက်ခိုက်ခြင်း) ၊ ဗန်ရှည် ( လက်နက်ဖြင့်တိုက်ခိုက်ခြင်း)၊ သိုင်းပြောင်းပြန်၊ လက်ဝှေ့၊ နပန်း စုံအောင်ရှိခဲ့ဖူးပါတယ်။ ဗန်တို ဆိုရင် အနောက်နိုင်ငံတော်တော်များများမှာ မြန်မာ့သိုင်းဗန်တို ဆိုပြီး ကလပ်တွေ ရှိပါတယ်။ အမေရိကမှာဆိုရင် American Bando Association စတဲ့ ကလပ်အသင်းအဖွဲ့တွေ နဲ့ မြန်မာ့သိုင်းကို လိုက်စားကြတယ်။ ပြည်နယ်တွေနဲ့ သိပ်ထိစပ်မှုမရှိတဲ့ အလယ်ပိုင်းသား တွေအတွက် ပြည်နယ်လူမျိုးအသီးသီးရဲ့ သိုင်းစတိုင်တွေကို တစုတစည်းထဲ ဒီမှတ်တမ်းရုပ်ရှင်မှာ စုစည်းပြထားတာတွေ့ရတယ်။



သိုင်းဆရာအိုများရဲ့ ဓါးရေးပြကွက်



ကချင်တိုင်းရင်းသူရဲ့  ရေအပြည့်အိုးနှစ်လုံးဆင့် သိုင်းဟန်



လည်မျိုဓါးထောက်လို့ ကွေးပြတဲ့ ကာယသိဒ္ဓိပြကွက်


မြန်မာ့လက်ရွေးစဉ် သိုင်းသမားရဲ့  ဗန်ရှည်ဓါးသိုင်း

ဒီထဲမှာ စိတ်ဝင်စားဖွယ်တချို့ က ဓါးပြီးဒုတ်ပြီး ကာယသိဒ္ဓိ အစွမ်းတွေကိုပါ တင်ဆက်ထားခြင်းပါပဲ..။ မြန်မာ့သိုင်းအတွက် အောက်ပါနေရာတွေ ကို သွားကြည့်ပြီး ဒေါင်းလုပ်ယူနိုင်ပါတယ်။

Part 1

Part 2







20 comments:

ကိုရေတမာ said...

စိတ်ဓါတ်ကိုလေးစားပါတယ်..

မီးမီးချစ် said...

တခုခု လုပ်ပေးချင်တယ်..ကိုယ့်နိုင်ငံကို
သိုင်းဆရာ အို တွေ ဓားရေးပြကွက် ကို ကြိုက်တယ်..

သားကြီး said...

ကျနော့်ဆီမှာဆိုရင်တချို့တရုတ်တွေ ထိုင်းရယ် မြန်မာရယ်ကိုသိပ်မကွဲဘူး တချို့ဒီမှာအလုပ်လာလုပ်တဲ့လူတွေက သူတို့ကိုသူတို့မြန်မာလို့မပြောဘူး ခွန်ထိုင်းလိုလို ဖွံထိုင်းလိုလိုလုပ်နေတယ် မြန်မာဖြစ်ရတာရှက်စရာများမှတ်နေလားမသိဘူး
တွေ့ဖူးတာပြောပါတယ်
ကျနော်ဆိုရင်ဒီရောက်ကတည်းက မြန်မာသီချင်းသိပ်နားမထောင်ဖြစ်တော့ဘူး တပုဒ်ပုဒ်ဖွင့်လိုက်တိုင်း ဟာ ဒါက ငါတို့တရုတ်သီချင်းကိုယူထားတာပဲ
ဒါကတော့ အင်္ဂလိပ်ရှေးဟောင်းသီချင်း ဆိုပြီးခဏခဏဝင်ပွားကြလွန်းလို့ ခင်မောင်တိုးတို့ စိုင်းထီးဆိုင်တို့လိုခပ်အေးအေးသီချင်းတွေကျပြန်တော့လည်း
ကိုယ့်မှာကမရှိ တော်တော်ဂွကျပါတယ်
ခုတော့ ကိုယ်ပိုင်သံစဉ်တွေတော်တော်များနေပါပြီ
အားတက်စရာပါပဲ မြန်မာကားကြည့်ရင် တချိန်လုံးဘေးမှာထိုင်ပြီး လှောင်နေတဲ့သီငယ်ချင်းတစ်ယောက်ရှိလို့မကြည့်ဖြစ်တော့တာတောင်ကြာနေပြီ
ကိုယ့်လူမျိုး ကိုယ့်ဇာတိနဲ့ပတ်သက်တဲ့ဒီလိုပိုစ်မျိုးတခုတ်တရတင်တာကျေးဇူးတင်ပါတယ်
ရည်ရွယ်ချက်လေးကောင်းတယ်

ရွက်လွင့်ခြင်း said...

စလုံးမှာလည်း မြန်မာဆိုတာကို နာဂစ်မတိုင်ခင်ထိ စလုံးလူငယ်တွေ မသိကြသေးဘူး။
နာဂစ်လည်းပြီးရော မြန်မာဆိုတာ သိသွာကြပါတယ်
အသိကောင်းလေးပေါ့

စန္ဒကူး said...

မှတ်သားစရာပါဘဲ..း)
ဗန်တိုဗန်ရှည်ရော မြန်မာ့သိုင်းပဲလား..

rose of sharon said...

ဟုတ်ပါ့နော်... ဒီမှာလဲမြန်မာဆိုတာမသိရင်... ယိုးဒယားနဲ့အိမ်နီးချင်းလေ.... ထဘီဝတ်ပြီးသနပ်ခါးလူးကြတယ်လို့အမြဲရှင်းပြရတယ်

မဟာဆန် said...

စိတ်ဝင်စားစရာ ကောင်းတယ်တော့
ဘယ်အချိန်က တင်လိုက်တယ် မသိဘူး
ငါတောင် အခုမှ ဖတ်မိတယ်
စကားမစပ် ”ငယ်ငယ်တုန်းက စားခဲ့တယ် -ျီး”လို့ ကွန်မန့်ပေးထားတာ။ ဆိုလိုတာက အဲဒါ နင့် ငယ်ဘ၀ပေါ့ ဟုတ်လား။

Yu Ya said...

ကိုမင်းညိုရေ... ဆောင်းပါလေးကို သဘောကျတယ်ဗျာ။ မြန်မာဆိုတာ မြန်မာပါပဲ။ အစဉ်အလာကြီးမားခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံလေးကို အမြဲသတိရနေအောင်၊ တစ်နေ့နေ့ အချိန်တန်ရင် မြန်မာပြည်ကို ပြန်ရအောင် ကျွန်တော်ရဲ့ စာမျက်နှာလေးမှာ မြန်မာပြည်က ကြိုဆိုပါတယ် ဆိုတဲ့သီချင်းလေးကို တင်ထားသာတာ ကြည့်ပါတော့ဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

Shinlay said...
This comment has been removed by the author.
Unknown said...

တချို့က ဘားမားကို ဘဟားမားနဲ့ မှားပြီး ကျွန်းလေးလားတဲ့..... :D :P

kyawkyaw said...

I also want to know something. Whenever I tell foreigners that I am from Myanmar, they usually ask me if Myanmar is near to Butan. I still dont know why they always ask me that question.

လင်းကြယ်ဖြူ said...

မိုက်တယ်...တတ်ထားသင့်တယ်..
ကျွန်တော်က တော့ အပြေးဖက် ကို ပိုအားသန်ခဲ့တော့
သိုင်းသိပ်မကျွမ်းခဲ့ဘူး....
ဒါနဲ့ ကချင်အမျိုးသမီးကရေအိုးရ္ဂက်ပြီး တုတ်နဲ့ရမ်းတာ ကို ဘာသိုင်းခေါ်လဲခင်ဗျ...စိတ်ဝင်စားလို့ပါနော်..
ပျော်ပါစေခင်ဗျာ

မင်းညို said...

အားပေးတာ ကျေးဇူးပါ...ရေတမာ၊ မီးမီးချစ် သားကြီး၊ ရွက်လွှင့်ခြင်း၊ ။ကော မန့်တွေ အတွက်နောက်ထပ် ကျေးဇူးထပ်တင်ပါတယ်..။ စန္ဒကူးမေ>>ဗန်တို ဗန်ရှည်ဆိုတာ မြန်မာ့သိုင်းစစ်စစ်ပါ။(၁ လခန့် သွားသင်ဖူး၏ သို့သော် မတတ်ပါ ပွားတတ်ယုံမျှသာ သင်ခဲ့သည်။) rose of sharon>> သနပ်ခါးလိမ်းတာတော့ မြန်မာတစ်နိုင်ငံပဲ ရှိတယ် မှတ်တယ်..။ လုံချည်ဆိုတာတော့ မြန်မာ့ဓလေ့မဟုတ်ဘူးဗျ..။ ဒီက ကုလားတွေက လုံဂီ လားလို့မေးတယ်..။ မစာ..ဆန်>>တခွန်းမခံပဲ...။ သူကလက်မကိုက်ရင် ငါက ခြေမပြန်ကိုက်ရမှ ကျေနပ်တယ်ဟေ့ဆိုတဲ့ အစားမျိုး...ဟီးဟီး..။ ကိုယုယ ရဲ့  သီချင်းကိုတော့ တကယ်ပဲ ကြိုက်တယ်ဗျို့ ..။ Heartmuseum>>နိုင်ငံတကာ ဗဟုသုတနည်းသူတွေလို့ပဲ..မှတ်လိုက်ပါတော့ဗျာ..။ kyawkyaw>> Butan people look like Myanmars, I think so. လင်းကြယ်ဖြူ>> ဟာ အဲဒါ တကယ့် တောင်ပိုင်း ကိုယ်ဖော့သိုင်းရဲ့ အနှစ်ပဲ..။ မယုံရင် သိုင်းဘိုးအေ မောင်နှင်းဆွေဖတ်ကြည့်။

ဟသာင်္မြေ said...

ကြည့်ရင်းဖတ်ရင်းနဲ့ သဘောကျလို့ ယောင်ယောင်လေး ပြုံးမိသွားတယ် ဒေါ်လေးရ။ =)

မေသစ္စာမောင် said...

ဟုတ်တယ်။
စင်ကာပူရောက်စက Burma ဆိုရင် "part of Thailand" လားတဲ့။
ဘယ်က part of Thailandရမှာလဲ..။
" Burma is second largest country in South East Asia after Indonesia" လို့ ပြောလိုက်တယ်။ ဟုတ်တယ်ထင်တာပဲနော်..။ ငယ်ငယ်က ဖတ်ဖူးတဲ့စာအုပ်မှာတော့ အဲဒီလိုရေးထားတာပဲလေ (အမှတ်မမှားဘူးဆိုရင်ပေါ့...အဟီးးး)

ကိုယ်ကိုယ်တိုင်လဲ ဒီမှာငယ်ငယ်ကတည်းက ကျောင်းတက်တာဆိုတော့ မြန်မာပြည်ကလူတွေလို ကမ္ဘာ့သမိုင်းကို သေသေချာချောမသိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ပတ်သက်လာရင်တော့ မခံဘူး။ သိသလောက် ပြန်ပြောလိုက်တာဘဲလေ :D

PhotoVigor said...

I love your post. It suppose to be.

ZT said...

မနှစ်က မြန်မာနိုင်ငံ ပြန်တုန်းက မင်္ဂလာဒုံလေဆိပ်မှာ ဦးအောင်ကိုလတ်နဲ့ ဆေးလိပ်သောက်ခန်း ထဲမှာ တွေ့လို့ စကားပြောဖြစ်တယ်။ သူက ကယားပြည်နည်မှာ ပဒေါင် ယဉ်ကျေးမှု နောက်ခံ ကားတစ်ကား ရိုက်နေတယ်။ ၁၀ နှစ်လောက် ရှိပြီ လို့ ပြောပါတယ်။ အဲဒီကားကို HD နဲ့ ရိုက်ပြီး နိုင်ငံခြားမှာပါ ပြဖို့ စီစဉ်နေတယ် ဆိုတဲ့ အကြောင်းလည်း ပြောပြသွားပါတယ်။

Dream said...

မြန်မာနိုင်ငံ မြန်မာလူမျိုးကို ကမ္ဘာက လူတွေအားလုံးမသိသေးပါ။ ညံ့ပါ့

မြန်မာလူမျိုးက ကမ္ဘာ့နိုင်ငံတိုင်းက လူတွေကိုသိနေတယ်နော်... တော်ပါ့။း)

အဟီးးးး

တရုတ်တွေ ခဏခဏ မေးတာကို မက်မက်လဲ ကြုံဘူးတယ်....သူတို့ကိုပဲ ရှင်းပြနေရတယ်..

တချို့ကျတော့ မြန်မာကို သိတယ်...တချို့က မသိဘူး .


တချို့ကဆို သိတယ်တဲ့...ကျောက်စိမ်းနိုင်ငံတဲ့.
မြန်မာ့ကျောက်စိမ်းက အကောင်းဆုံးပဲတဲ့...

ဒါမျိုးကျတော့ ဂုဏ်ယူစရာပါ...နော့်...း)


ဘာသာတရားထွန်းကားပေမယ့်
လောဘဒေါသမောဟ များတာလဲ
မြန်မာနိုင်ငံက မြန်မာလူမျိုးပါပဲ..နော့်...ဒါကတော့ ငြင်းနိုင်မယ် မထင်ပါ...း)
မြန်မာကွ..မြန်မာ.... အဲလိုပဲ အော်လိုက်တော့မယ်... အဟဲ...
အိုင်းအမ်မြန်မာ...း) ဂုဏ်ယူပါတယ်..

ဂျာမုန်းဒန် said...

ကောင်းတယ်ဗျို့။
စိတ်ရှည်ရှည်နဲ့ဖော်ပြပေးလို့ကျေးဇူးနော်။
ပညာလည်းရ၊ ဗဟုသုတလည်းရတဲ့ပိုစ်ပါ။
တိုင်းအမျိုးမျိုးကိုလည်းစိတ်ဝင်စားတယ်။

naychi said...

မှတ်သားစရာတွေချည်းပဲ.. တန်ဖိုးရှိတဲ့ ပိုစ့်လေးပါ။