Saturday, July 18, 2009

ငယ်ငယ်တုန်းက စားခဲ့တယ်

အိမ်မှာ နေခဲ့ရတဲ့ ဘ၀ကို လွမ်းလွန်းလို့ စားချင်တာလေးတွေ စီကာစဉ်ကာ ရေးချလိုက်တယ်။ လွမ်းတာကလည်း အစားအသောက်တွေ ဟီး ဟီး။
အရင်ဆုံးက ငါးဆားနယ်ချက်။ ငါးပတ်အတုံးကြီးတွေကို ရေစင်စင်ဆေး၊ ဆားနဲ့ နာနာဖိသိပ်နယ်၊ ပြီးရင် အိုးထဲထည့် အဖုံးပိတ်ထားလိုက်တယ်။ မနက်ခင်းက လုပ်ထားရင် ညနေဆို ချက်လို့ရပြီ။ ကြက်သွန်ဖြူ နီ ဆီသတ်၊ ခရမ်းချဉ်သီးလေးနည်းနည်း ထည့်၊ ငရုတ်သီးစိမ်းလေးခပ်တယ်။ ခရမ်းချဉ်သီးလိပ်သွားရင် ငါးဆားနယ်ထည့် ခဏလေးလုံး ရေစပ်ကျဉ်းလေးထည့် အဖုံးအုပ်ထားလိုက်ရော။ ရေခမ်းလို့ ဆီပြန်လာရင် နံနံပင်လေးဖုံးလိုက်။ ငါးပိလိုလည်း မဟုတ်ဘဲနဲ့ ငံငံချိုချိုလေး၊ ငါးလေးကလည်း တောင့်နေတာပဲ။ စားလို့ ကောင်းမှကောင်း။ ငါးပတ်ဝယ်တဲ့နေ့ဆို ငါးပတ်ခေါင်း ဟင်းချိုလေးလည်း ချက်သေးတယ်။


ငါးဆယ်နယ်ချက်ရင် အချဉ်လေးလဲ ပါဦးမှ။ ကျွန်မတို့ ဒေသမှာ အချဉ်က မျိုးစုံရှိတယ်။ ဈေးမသွားချင်ရင် မနက်စောစော လည်ရောင်းတဲ့ ခေါင်းရွက်သည်တွေထဲမှာ အချဉ်ပဲ သတ်သတ်ရောင်းတဲ့ ဈေးသည်လည်း ရှိတယ်လေ။ အချဉ်တွေက မျိုးစုံပါ…ဗူးချဉ်၊ သခွားချဉ်၊ ခ၀ဲချဉ်၊ ပဲချဉ်၊ နှမ်းဖတ်ချဉ်၊ ကြိုက်တာဝယ်စားရုံပဲ။ တခါတရံ မေမေက ခရမ်းသီးချဉ်တို့ ကင်းပုံသီးချဉ်တို့ အိမ်မှာ ကိုယ်တိုင်သိပ်ပေးသေးတယ်။ အိမ်မှာသိပ်တဲ့ အချဉ်က ပိုစားကောင်းတယ်။ သရက်ကင်းပေါ်တဲ့ အချိန်ဆို သရက်သီးစိမ်းလေးသုပ်တာပဲ။ အဘွားက သရက်သီးစိမ်းတွေ ပို့လိုက်ပြီဆို အိမ်မှာ သရက်ကင်း ဆားရည်စိမ်လုပ်ထားတယ်။ သရက်ကင်း ဆားရည်စိမ်လေးကို တောက်..တောက်နဲ့ ကိုက်စားရတာ အရသာသိပ်ရှိ။ အချဉ်တောထဲက ထွက်ဦးမှပါ။
နောက်တစ်မျိုးက ပဲကြီးနှပ်ပါ။ ဟင်းဂျီးများပုံများ ပဲကြီးဆို အစိုကို ချက်မှ ကြိုက်တယ်။ အခြောက်ကို ရေစိမ်ပြီး ချက်ရင် အရသာပေါ့လို့။ ပဲကြီးကို နူးအိနေအောင် အစေ့မပျက်နှပ်ထားတာ ဆီလေးတွေကို အိလို့။ ပဲဆိုလို့ ပဲပင်ပေါက်ကြော်လည်း ကြိုက်သေးတယ်။ ပဲပင်ပေါက်ဆိုတာ ဒီမှာရောင်းတဲ့ ပဲပြားနဲ့ ကြော်စားကြတဲ့ ပဲပင်ပေါက် ဟုတ်ဘူးနော်။ မြေပဲပင်ပေါက်ရှင့်။ အစိမ်းရောင် အပင်ကြီးကြီးတွေလေ။ သူ့ကို ရေနွေးဖျောပြီး မြေပဲဆံထောင်းနဲ့ ဆီချက်နဲ့ ပြန်ကြော်တာ။ စားလို့ အရမ်းကောင်းတယ်။
အင်း….နောက်တစ်မျိုးက ပဲလိပ်ပြာ ပြည်ပန်းညိုရွက် ဟင်းချို။ ပြည်ပန်းညိုကို ငယ်တုန်းက မစားဘူး ခါးတယ်ထင်လို့။ ကျွန်မ ငယ်ငယ်တုန်းက ကိုယ်မစားဖူးတဲ့ ဟင်းတွေဆို ခါးတယ်ထင်တာ။ ခရမ်းသီးတို့ ပြည်ပန်းညိုတို့ နံနံပင်တို့။ တခါတော့ ကျွန်မ အပြင်းဖျားပြီး နာထန်ထူခါစအချိန်မှာ မေမေက အိမ်ရှေ့က ပြည်ပန်းညိုညွန့်လေးတွေခူးပြီး ပဲလိပ်ပြာနဲ့ ဟင်းချိုချက်ကျွေးတယ်။ အဲဒီမှာ စားကောင်းသွားပြီး နောက် ခဏခဏ ချက်ခိုင်းတော့တာပဲ။ ပဲဟင်းကို စွယ်တော်ရွက်ခပ်ချက်တာလည်း တစ်မျိုးကောင်းတယ်။ တခါတလေတော့လည်း ပဲဟင်းကို မုန်ညင်းချဉ် ခပ်ပြီး ချက်တယ်။
မနက်ခင်းဆို စားချင်လွန်းလို့ ၀ယ်ထားပေးပါလို့ မှာထားရတာက ငချိပ်ပေါင်းနဲ့ စားတော်ပဲပြုတ်။ ကျွန်မက အဲဒီ ငချိပ်ပေါင်းသည် လာတဲ့အချိန်မီအောင် အိပ်ရာမထနိုင်ဘူးလေ။ ငချိပ်ကောက်ညှင်းပေါင်းကို စီးပြီး နူးအိနေအောင် ပေါင်းထားတဲ့ စားတော်ပဲပြုတ်နဲ့ ဆီရွှဲရွှဲလေးနယ် အဆုပ်လေးတွေ လုပ်လုပ်ပြီး စားရတာ။ အိမ်မှာ ကောက်ညှင်းပေါင်းထက် ဆီထမင်းထိုးတာများတယ်။ ဆီထမင်းနဲ့ ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ ရေနွေးလေးသောက်လို့ မိသားစု ၀ိုင်းထိုင် စကားပြောပြီး စားရတာ။ လွမ်းလိုက်တာနော်။
ကျွန်မတို့ဆီမှာ အရွက်၊ အသီးမျိုးစုံကို အသုပ်သုပ်စားတယ်။ ကျွန်မကတော့ အသုပ်ဆို အကုန်ကြိုက်တယ်။ ရန်ကုန်မှာ မရနိုင်တဲ့ အသုပ်လေးတွေပဲ ပြောပြတော့မယ်။ အချဉ်အနေနဲ့ဆို မန်ကျည်းဖူးသုပ်၊ ချဉ်ပေါင်ဖူးသုပ်တွေပဲ။ ပဲကြီးနှပ်တဲ့နေ့ဆို မန်ကျည်းရွက်နုလေးတွေကို ပဲဟင်းနဲ့ ဆီချက်နဲ့ သုပ်စားကြတယ်။ နောက် သုပ်စားကြတာတွေက ထနောင်းရွက်သုပ်၊ ညောင်ချဉ်ရွက်သုပ်၊ ကြောင်လျှာသီးသုပ်၊ သခွတ်ပွင့်သုပ်၊ သမုန်းဖူးသုပ် နောက်ပြီး မျိုးစုံရှိသေးတယ်။ ကျွန်မက နာမည်တွေ မမှတ်မိတော့လို့။
ဘယ်မှာမှ မရနိုင်တဲ့ ကျွန်မတို့ဆီမှာပဲ ချက်စားတဲ့ ကျွန်မအကြိုက်ဆုံးဟင်းကတော့ နွားနို့ချက်ပါ။ အိမ်ပြန်တိုင်း အသေအချာ ချက်စားရတဲ့ဟင်းပေါ့။ နွားနို့ကို ခဲပြီးသား (ဒိန်ခဲ မဟုတ်ပါ၊ ပဲပြားကို ချေထားတာနှင့် ခပ်ဆင်ဆင်တူသည်) ကို ချက်ထားတာ ဈေးထဲမှာ အဆင်သင့်ရောင်းတယ်။ ၀ယ်ပြီး အိမ်မှာ ကြက်သွန်နီလေးနဲ့ ပြန်ကြော်တာလေ။ နောက်တစ်မျိုးက မြေပဲဆံချက်၊ မြေပဲဆံကို အစိမ်းလိုက်ထောင်းပြီး ပြန်ချက်တာပါ။ အရမ်းစားကောင်းတယ်။
နောက်ထပ်စားချင်တာက ဒညင်းသီးပြုတ်ကို ပြားနေအောင်ထုပြီး ဆီနဲ့ဆားဖြူး သုပ်ထားတာ။ ဒညင်းသီးပြုတ်ကိုပဲ ထုပြီး နွားနို့နဲ့ချက်လည်း ကောင်းတာပဲ။ ကျွန်မတို့ဆီမှာ မုန့်ဟင်းခါးစားရင် ပဲကြော်၊ အီကြာကွေး၊ ငါးဖယ်ဆုပ် တို့အပြင် ဒညင်းသီးပါ ထည့်စားတယ်ရှင့်။ မယုံရင် စားကြည့်၊ အရမ်းကောင်း။ နောက်တစ်ခု ပဲမြစ်ပြုတ်ကို ထုပြီး မြေပဲဆံနဲ့သုပ်တာ။
အင်း ရန်ကုန်မှာဆိုရင်တော့ ရွှေယုန်လေး ကြေးအိုး (YKKO က ဈေးကြီးတယ်..ဟီး)။ လှည်းတန်းက မုန့်ဟင်းခါး ၊ နောက် လှည်းတန်းမှာဘဲ ကြာဇံဟင်းနဲ့ ရှောက်သီးသုပ်ဆိုင်လေး ကောင်းတယ်။ မိုးကောင်း ဘုရားရှေ့က ဈေးတန်းထဲက မုန့်မျိုးစုံ။ တင်တင်အေး မုန့်ဟင်းခါး။ မြေနီကုန်း ရွှေရည်က မုန့်မျိုးစုံ။ ယုဇန ပလာဇာနားကဆိုင် ဆိုင်နာမည် မေ့သွားပြီ။ အဲဒီက မြေအိုးမြီးရှည်။ ပလာဇာရှေ့က ပဲပြား ငါးဖယ်သွပ်။ ဟင်း ရှလွတ်။
မန္တလေးပြန်ရင် ငါးရေခွံကြော်နဲ့ ကြာဇံသုပ်။ ရှမ်းစာ မျိုးစုံလျှောက်စားမယ်။ မင်းသီဟက နန်းကြီးသုပ်နဲ့ လက်ဖက်ရည်ကျကျလေး ဟေး ဟေး။ မန်းမြို့တော်ပေါက်စီ။ စကားမစပ် ကျွန်မက မန္တလေးက လက်ဖက်ရည်ကို ပိုကြိုက်တယ်ရှင့်။ ဘုရားကြီးထဲက အချဉ်ပေါင်း။ အချဉ်ပေါင်းလဲ မန္တလေးက အချဉ်ပေါင်းကို ကြိုက်တယ်။ ငရုတ်သီး၊ ငံပြာရည်နဲ့ သုပ်တာ။ ရန်ကုန်က မချစ်စု ဆို နွယ်ချိုမှုန့်တွေ ဖြူးပေးတာ ကြိုက်ဘူး။ ဘုရားကြီးထဲမှာ ခေါင်းရွက်သည်လေးတွေဆီက အမြဲဝယ်စားတာက မုန့်ဦးနှောက် ဆီဆမ်း။
အင်း…စားချင်တာ တော်တော်များသွားပြီ။ ကျွန်မလိုပဲ လူတိုင်း ငယ်ငယ်က အစားအစာလေးများကို လွမ်းနေကြမှာပါ။ ကိုယ်စားချင်တာလေးတွေကို ပြောပြကြဖို့….
ကောက်ကွေးနေတဲ့ စန္ဒကူး
ဘုရားဖူးထွက်နေတဲ့ မေသစ္စာမောင်
အမေ့အိမ်မှာ ၀က်သားအိုးတူးအောင် ချက်တဲ့ မီးမီးချစ်
နှစ်လပဲ ခံတော့မယ့် ကြယ်ကလေး
ပုံပြင်တွေပြောပြီး သူများကို နှက်တဲ့ ရေတမာ
အိပ်ပုတ်နေသော သားကြီး
မဟေသီနဲ့ ဘလော့ဂ်ကြား time schedule ဆွဲနေရသော ကိုယုယ
ခရမ်းရောင်အိမ်လေးမှာ ပျော်နေတဲ့ မအပြုံးပန်း
ဘ၀သစ်ပင် စိုက်နေတဲ့ လင်းကြယ်ဖြူ
အာဝါးပေးပြီး မုန့်တောင်းစားတဲ့ တူမလေး မက်မက်
ကျွန်တော် ကျွန်တော်နှင့် ပြောပြောနေတဲ့ ညီမလေး ဇော်
ကျွန်မသယ်ရင်း လပြည့်ရိပ်
Dusseldorf မှာ ပျော်မြူးနေတဲ့ အစ်မ ဂျာမုန်း
သမီးလေး ကျောပိုးအိတ်
ဦးဦး ရွှေလမ်းငွေလမ်း ၀င်းကြည် (မြန်မာပြည် အလယ်ပိုင်းက စားစရာလေးတွေ သွားရေကျအောင် လုပ်ပါဦး)
ကူညီတတ်တဲ့ ညီမ မေလေး
မshinlay နဲ့ သူ၏ကိုကို Thomas (မြန်မာစာရော ဂျာမန်စာတင်မက မshinlay versionပြောင်းထားတဲ့ မြန်မာဟင်း ဂျာမန်ချက်လေးတွေရော ပြောပြနော်)

23 comments:

ဇော် said...

အားးးး
ဗိုက်ဆာတယ် ...။=(

လုပ်တော့မယ် ဒေါ်လေးမဟာကတော့။
ဒီမှာဖြင့် တက်ဂ်ကျွေး၂ခုမပြီးသေးဘူး။ နောက်ပြီး မွေးနေ့အတွက်လဲ ရေးရဦးမယ်။ ကျနော့်မွေးနေ့က ၂၂ရက်နေ့ဗျ။ အဟင့် =(

ဒေါ်လေးရေးတာ အရမ်းကောင်းတယ်နော်။ တစ်ခါတည်း ကွက်ကွက်ကွင်းကွင်းပဲ။ အရမ်းမိုက်တယ်။ ကျနော်လဲ အဲ့လို ရေးတတ်ချင်တယ်ဗျာ။
ကျနော်ကတော့ အခါးသိပ်မကြိုက်ဘူး။ အဟီး။ အစပ်ဆို ဝေလာဝေးပဲနော။ အဟဲ။ =D

ရေးပေးမယ်နော် ဒေါ်လေး။ ဒါပေမယ့် မွေးနေ့ ကျော်မှ ရေးပါရစေ။ အဟဲ။ =)

မေသစ္စာမောင် said...

အားးးးးးးးးးးးးးးတက်ဂ်တယ်ဗျို့
ဘုရားဖူးသွားတာ ပြန်ရောက်သေးဘူးနော်
လမ်းမှာ ပဲရှိသေးတယ်...ဟိ :P

သရက်ကင်း ဆားရည်စိမ်လေးကြိုက်
ပဲကြီးနှပ် Goodddddတယ်လေနော်
ငချိပ်ပေါင်းနဲ့ စားတော်ပဲပြုတ် အရမ်းကြိုက်
ဒညင်းသီး ကြိုက်မှကြိုက်

အဟဲ....အပေါ်မှာ တက်ဂ်ထားတာလေချရေးထားလိုက်တယ်
ရလားဟင် :D
စတာနော်
ရေးပေးမယ် အမ
နည်းနည်းတော့ကြာမယ်နော်။

ပျော်ရွှင်ပါစေ

yaewoori said...

ဟဲဟဲ ငါကွ

ကျေးဇူးနော် အမ
တာတ် တော့တာတ် ပါ

အကြွေးနော်

subuueain said...

အရမ်းစားချင်လာတယ်။မုန့်ဟင်းခါးကို ဓညင်းသီးထည့်မစားဖူးဘူး။ တစ်ရွာတစ်ပုဒ်ဆန်းပဲနော်။

မေလေး said...

မမနော်
လူလည်လုပ်တာသိတယ်။
မုန့်ဟင်းခါးထဲ ဓညင်းသီးထည့်စားတာ မေလေးတို့လဲစားတယ်မမရ။ ကောက်ညင်းပေါင်းလဲထည့်စားတယ်။ မမရေးထားတာတော်တာနော်။
အကုန်စားချင်သွားတယ်။
တက့်ဂ်ထားတာ ရေးပေးမယ်နော်။
ချစ်လို့တက့်ဂ်တာဘဲ။
(နောက်မှ ချစ်တာတော့ ကျေနပ်ဝူးးးးတော်)

Yu Ya said...

ဟော်ဗျာ... ဒီနေ့တစ်နေကုန် မဟေသီနဲ့ လျှောက်လည်နေတာ အခုပြန်ရောက်လို့ Computer လေးဖွင့်ပြီး Blog ထဲလည်းဝင်လိုက်ရော...
မဟာဆန်ရဲ့ ခင်မင်စွာတက်ဂ်ထားတာနဲ့ ဆက်ပြီး လျှောက်လည်ရပါတော့မယ်ခင်ဗျာ... အဟီး..
မဟာဆန်ရေ.. လာမယ် ကြာမယ်နော်...။

ကျေးဇူးတင်စွာဖြင့်
yu ya

မီးတောင် said...

အကုန်ကြိုက်တယ် ......
အီးစားချင်တယ် ဘယ်လိုလုပ်မလဲး(

လပြည့်ရိပ် said...

ဟေး ........ ဧည့်သည်တွေနဲ့ တနေကုန်ဘလော့ဂ်မလာအားတာ....တက်ဂ်ထားတယ်ဆိုလို့ဝင်ကြည့်ပါတယ်....အားလားလား.... ငယ်ဘဝကအစားအသောက်တွေပါလား.... လာမယ်..ကြာမယ်...မျှော်.... ဘယ်သူမှမစားတဲ့ အစားအသောက်အစမ်းတွေပါမယ်..... (ဟိုဟာတော့ဟုတ်ဘူးနှော် ) :) မင်းလွမ်းတဲ့ အစားအသောက်တွေကလည်း တလောကလုံးကအစားအစာတွေကုန်လုနီးနီးပါလား..... ဟားးးးးးးးး .....

Anonymous said...

စားချင်တဲ့ဟင်းတဲ့လား။
ရေးရမှာပေါ့။
ခရမ်းရောင်လွင်ပြင်ထဲက ခရမ်းသီးတော့ မဟုတ်ဘူးနော်။ :)

မဟာဆန် said...

အေးပါ ဇော်ရယ် မွေးနေ့ပြီးမှ ရေးတော့ မွေးနေ့မှာ ကျွေးတဲ့ဟင်းလေးတွေပါ ပါတာပေါ့။
မေသစ္စာရေ...ဘုရားဖူးတာ မြန်မြန်ပြန်လာနော်
ကြယ်ကလေး...တို့ ကွန်မန့်ကြောင့် အသက်နှစ်တစ်ရာ ပိုရှည်ပါစေတော်..သူ့ကျ အကြွေးတဲ့ ဟွန့်
စုဗူး..မုန့်ဟင်းခါး ဓညင်းသီးက သိပ်ကောင်းတာ။ စားကြည့်
ဒီမေလေးကတော့လေ...တရုတ်မ...စကားသိပ်တတ်တဲ့ လူလည်လေး
ကိုယုယနော်...အပြင်ထွက်လည်လိုက် ဘလော့ဂ်လည်လိုက်နဲ့...ပိုက်ပိုက်ပေါနေတယ်ပေါ့လေ
မီးတောင်ရေ..စားချင်တာ အကုန်စားလို့ရပါတယ်ကွယ်..ဟီး ဟီး
သယ်ရင်း လရိပ်...အဆန်းအပြားဟင်းတွေက ဘာတွေတုန်းကွဲ့..
မမပြုံးရေ...ခရမ်းသီးပဲချက်ချက် ဘာပဲချက်ချက် ခရမ်းရောင် ထမင်းစားခန်းလေးမှာပဲ ကျွေးမှာလား

ကျောပိုးအိတ် said...

ဖွဲ့ ဖွဲ့ နွဲ့ နွဲ့  ရေးသွားလိုက်တာနော်။

စာဖတ်နေရင်းနဲ့ ဘယ်နှစ်ကြိမ်မှန်းမသိဘူး တံတွေးမျိုချရတာ။

ထနောင်းရွက်သုတ် စားချင်းတယ်။ သမီးမစားဘူးသေးလို့ ။
း)

ရေးပေးမယ်နော်။
စဉ်းစားလိုက်ဦးမယ်။ အိပ်ယာထဲမှာ ကွေးရင်းနဲ့ 
း)

ချစ်တဲ့
သမီးလေး
ကျောပိုးအိတ်

ZT said...

ဗိုက်ဆာသွားအောင် ရေးတတ်ပါပေတယ်။

နွားနို့ခဲက မိတ္ထီလာမှာလည်း သိပ်ပေါတာ။ ဘလော့ခ်တစ်ခုမှာတော့ နွားနို့ခဲလုပ်နည်း တွေ့ဖူးတယ်။ နွားနို့ထဲ ဘာအရွက်ထည့်ရတယ် ဆိုလားပဲ။ :D အသေအချာတော့ မှတ်မထားမိဘူး။

မဟာဆန် said...

ကို ZT ရေ..ကျွန်မ သိတာတော့ နွားနို့ထဲကို မရိုးစေး ထည့်တာတဲ့

သားကြီး said...

ကြောင်လျှာသီးကိုဝက်သားနဲ့ချက်
အားးး ပါးးးး ပါးးးး ကောင်းမှကောင်းးးးးး
အဲ...
အိပ်ချင်ယောင်ဆောင်သောသူနှိုးရခက်၏တဲ့
အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ပါဘူးဗျာ
တကယ်အိပ်နေတာပါ မယုံဘူးလား?
နားစိုက်ထောင်ကြည့်..
ခူးးးးး ခလေါ....ခေါးးးး ခူးးးးးးးး ZZzzZzzz :P
အီးးး....တူများကိုtagတယ် ရက်စက်လိုက်ထှာ :P

Shinlay said...

ညီမရေ ရေးပေးမယ် နော် ...
မျှော်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မင်းညို said...

ငယ်ငယ်တုန်းက စားခဲ့သည်...။..... -ျီး....။

လင်းကြယ်ဖြူ said...

အခုလို အမှတ်တရရှိစ္ဂာ သတိတရလေး လုပ်ပေးတာကျေးဇူးပါ။အင်မတန်မှ လည်ပတ်လို့ကောင်းတဲ့ အိမ်လှလှလေးရဲ့ ပိုင်ရှင်က အခုလိုတောင်းဆိုတာကိုလည်းဂုဏ်ယူမိပါတယ်..
အရင်ကဒီခေါင်းစဉ်နဲ့ ရေးပြီးသားရှိနေပြီးသားပါ..
ဒါပေမယ့်ကြိုးစားပြီး ထပ်ရေးပါ့မယ်..နဲနဲတော့ စောင့်ပေးနော် ကိုကို မမ တို့ရေ...ဒါမှ
မေတ္တာတုန့်ပြန်ရာကျမှာပေါ့နော်..ကိုယ့်ကိုသတိရတဲ့
အိမ်လှလှ စာရေးကောင်းကောင်း ပုဂ္ဂိုလ်များရဲ့ အမှတ်တရရှိမှုလေးကို ထပ်ပြီး ကျေးဇူးတင်ပါရစေ..ခင်ဗျာ..ပျော်ပါစေ...
လာမယ်..ကြာမယ်နော်..ဟဲ..ဟဲ...

ရေတမာ said...

အဲဂလို အရေးအသားကို ကြိုက်တာ မြန်မာပြည်တုန်းက ချက်နည်းပြုတ်နည်းစာအုပ်များ ရှဲဒိုး လုပ်ခဲ့သလား။

မဟာဆန် said...

ရေတမာရေ..လာမြှောက်မနေပါနဲ့ကွယ်..တို့တော်တာ တို့သိပါတယ်..ဟဲဟဲ
အရေးကြီးတာက မာမာရဲ့ ရင်ထဲက စားချင်တာလေးတွေကို ပြောပြပေးဖို့ပါ နော်

မိုးကောင်းသူ said...

ငယ်ငယ်တုန်းက စားခဲ့တာတွေလာဖတ်သွားပါတယ်ရှင်။
ငါးဆားနယ်ချက်နဲ့ ချဉ်ဖတ်မျိုးစုံစားချင်ပါတယ်ရှင်။ ပြီးတော့ ပဲလိပ်ပြာဟင်းရည်လဲ သောက်ချင်ပါတယ်။
မြေပဲ "ပဲပင်ပေါက်" ကို ရိုးရိုးကြော်တာတော့ စားဖူးပါတယ်။ မြေပဲဆံနဲ့တော့ ကြော်စားဖူးဘူး။

newlifeoscar said...

ငါးသလောက်ပေါင်းကောင်းကောင်းလေးချက် နည်းလေးလုပ်စမ်းပါအုံး၊ ဒကာ၊ဒကာမတွေ မချက်တတ်ကြတော့၊ ဦးဇင်းတို့ကိုယ်တိုင်ချက် လို့ရအောင်ပြည့်ပြည့်စုံစုံလေးရေးလိုက်နော်။

မင်း said...

အာယ

မင်း said...

အာယ