Monday, May 25, 2009

ပျော်ရွှင်မှု



“စိုးရိမ်မနေပါနဲ့..ပျော်ပျော်နေစမ်းပါ” ဆိုတဲ့ စကားဟာ ပြောရလွယ်သလောက် ဖြစ်အောင်လုပ်နိုင်ဖို့

တော်တော်ခက်ပါတယ်။ မင်းရဲ့စိတ်ထဲမှာ ပျော်ရွှင်မှု နည်းနည်းလေးပဲ လျော့နေရင်တောင်မှ အဲလို စကားမျိုးကို

ပြောထွက်နိုင်ဖို့ သိပ်ခက်တယ်။

ကျွန်မ ခံယူထားတာကတော့ ပျော်ရွှင်မှု ဆိုတာ ဘ၀မှာ အကောင်းတွေ လိုက်ရှာခြင်း လို့ ပါပဲ။ အခု

စာဖတ်နေချိန်၊ အခု ချက်ချင်းကိုပဲ ကိုယ့်မှာ ဘာတွေ ကောင်းတာရှိလဲ ဆိုတာ ပြန်စဉ်းစားလိုက်စမ်းပါ။


မင်းဘေးမှာ ကောင်းမွန်တဲ့ အချက်လေးတွေကို တအံ့တသြနဲ့ တွေ့လိုက်ရလိမ့်မယ်။ လူတော်တော်များများဟာ

”ဒီဟာရမှ၊ ဟိုဟာ အောင်မြင်မှ ငါ ပျော်ရွှင်နိုင်လိမ့်မယ်” ဆိုတဲ့ အတွေးကြီးကို ခေါင်းထဲ တရားသေ

ရိုက်သွင်းထားတတ်ကြတယ်။

အဲလိုနဲ့ပဲ သူတို့ဟာ အမြဲတမ်း ပျော်ရွှင်မှုကို ဆုံးရှုံးခဲ့ကြတယ်။ တစ်ခုရတော့ နောက်တစ်ခုလိုချင်၊

တစ်မျိုးအောင်မြင်တော့ နောက်တစ်မျိုး အောင်မြင်ချင်တဲ့ စိတ်တွေနဲ့ ”အောင်မြင်မှ ပျော်ရွှင်နိုင်မယ်” ဆိုတဲ့

အသိကြီး ဆုပ်ကိုင်ထားတော့ အမြဲပဲ မပျော်မရွှင် ဖြစ်ကြရတယ်။ ပန်းတိုင်ရောက်မှ ပျော်ရွှင်နိုင်မယ် လို့

တရားသေ တွက်ဆထားကြတယ်။ ပန်းတိုင်ကို သွားနေတဲ့ လမ်းတလျှောက်မှာရှိတဲ့ ပျော်ရွှင်မှုတွေကို

မကောက်ယူနိုင်ခဲ့ကြဘူး။
တချို့ကပြောကြတယ်…ပျော်ရွှင်မှုဆိုတာ ရှာရခက်တဲ့ ရှားပါးပစ္စည်းတဲ့။ ကျွန်မကတော့ အဲလို မထင်ပါဘူး။

ပျော်ရွှင်မှုဆိုတာ မိမိ သဘောထား တစ်ခုပါပဲ။ ပျော်ရွှင်ခြင်းကို ဖွင့်တဲ့သော့လေးတွေကိုသာ မင်းသွားလေရာ

ယူသွားလိုက်ပါ။ အဲဒီ သော့လေးတွေက မင်းရဲ့ အတွင်းစိတ်ထဲမှာ အလိုလို ရှိနှင့်နေပြီးသားပါ။

ပျော်ရွှင်ခြင်း ရဖို့ဆိုတာ အလွယ်လေးပါ။ မိမိမှာရှိတဲ့ တန်ဖိုးထား ဂုဏ်ယူစရာ အချက်လေးတွေကို

ဖော်ထုတ်ကြည့်လိုက်ရုံပါပဲ။ မြစ်ရေစီးထဲမှာ သက်သက်သာသာလေး စုန်ဆင်းလိုက်သွားသလို ဘ၀ခရီးကို

ခပ်ပေါ့ပေါ့လေး လျှောက်လိုက်စမ်းပါ။ မှင်သက်ဖွယ်ကောင်းလောက်တဲ့ အကျိုးကျေးဇူးကောင်းလေးတွေ

ရလာလိမ့်မယ်။

အချက်သေးသေးလေးတွေပေါ်မှာ ပျော်ရွှင်မှုသေးသေးလေးတွေကို ရှာနိုင်ပြီဆိုရင် မင်းရဲ့ စိတ်ဟာ

ပြောင်းလဲလာလိမ့်မယ်။ မင်းရဲ့ အတွင်းစိတ်ဟာ သံလိုက်တစ်ခုလို အကောင်းတွေကို ညှို့ယူဆွဲသွင်းလာလိမ့်မယ်။

ကျွန်မ ဒီဘာသာရပ်ကို နှစ် ၂၀လောက် ကြာအောင် လေ့လာခဲ့ပြီးပါပြီ။ ဒီ အနှစ် ၂၀ အတွင်း ရခဲ့တဲ့

အတွေ့အကြုံတွေအရ နှစ်သက်ခြင်း ဟာ နောက်ထပ် နှစ်သက်ဖွယ်လေးတွေကို ဆွဲငင်ယူနိုင်တယ် လို့

တစ်ထစ်ချ ပြောရဲပါတယ်။

မင်း စိတ်ထဲမှာ ကိုယ် ပိုင်ဆိုင်နေတဲ့ အရာတွေကို နှစ်သက်တတ်လာပြီဆိုရင် ပျော်ရွှင်မှု စတင်လာမှာပါ။ အဲဒီ

ပျော်ရွှင်တဲ့ စိတ်လေးကို အမြဲရှိနေအောင် ထိန်းထားဖို့ကလည်း ပို..ပို လွယ်လာပါလိမ့်မယ်။


ဒီလင့်ခ် မှ

ပုံပြင်တိုလေးကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားတာပါ။ ပိုပြီး ပြည့်ပြည့်၀၀ ခံစားချင်ရင်တော့

မူရင်း ပုံပြင်လေးကို သွားဖတ်ပါနော်။

1 comment:

လင်းကြယ်ဖြူ said...

အရမ်းကောင်းတဲ့ စာစုလေးပါခင်ဗျာ။
တကယ်တော့ပျော်စရာတ္ဂေက ကိုယ့်ဘေးနားမှာ ရှိနေတာ အများကြီးပါလေ....