Friday, October 17, 2008

အီတလီသွား တောသား

August လလောက်ကတည်းက Berlin မှာနေတဲ့ သူငယ်ချင်းက အီးမေးလ် ပို့လာတယ်။ အီတလီကို သွားရအောင်တဲ့။ သူ စပြောစဉ်တုန်းကတော့ သူငယ်ချင်း ၄၊ ၅ ယောက်လောက် သွားဖို့ ပြောပြီးပြီ ပြောတယ်။…

ကျွန်တော်လည်း အဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတွေကို အကြောင်းကြားတော့တာပေါ့။ အဖော်လာညှိတဲ့ သူငယ်ချင်း မှာကလည်း အဆက်အသွယ်ရှိ သူငယ်ချင်း အများ ကြီးဆိုတော့ အားလုံး ၁၅ ယောက်ဖြစ်သွားတယ်။….

အဖော်စညှိတဲ့ သူငယ်ချင်းကပဲ အစစ အရာရာ အားလုံး လုပ်သွားပါတယ်။ သူ့မှာ ဗီဇာကဒ်လည်းရှိတော့ လေယဉ်လက်မှတ်ဖြတ်၊ တည်းခိုဖို့နေရာ booking လုပ်နဲ့ အားလုံးလုပ်ရတော့ တာပေါ့။ လေယာဉ်ခဆိုတာလည်း စောစောကြိုဖြတ်နိုင်လေ ဈေးသက်သာလေမဟုတ်လား။……

အားလုံး သိတဲ့အတိုင်း အနောက်ဥရောပရဲ့ ဈေးအသက်သာဆုံး Ryan airline ပေါ့ဗျာ။ ပတ်စ်ပို့ပါ အမည် နဲ့ ကိုက်အောင် လိုက်ပါမယ့် ကာယကံရှင်တွေကို နာမည်မေး အီးမေးလ်ပို့ ဖုန်းတချိန်းချိန်းဆက်၊ သွားမယ့်လူတွေအတွက် အကြမ်းဖျင်းကုန်ကျစရိတ် ခန့်မှန်း နဲ့ စည်းရုံးရေးမှူး သူငယ်ချင်းလည်း အတော်ပင်ပန်းမယ်ဆိုတာ သိလိုက် ပါတယ်။………

ဒီလိုနဲ့ပဲ သွားမယ်လူဦးရေအတိအကျ သိပြီဆိုတော့ ဘယ်နေရာမှာ ဆုံမှတ်လုပ်မလဲပေါ့။ သြစတြီးယားက သူငယ်ချင်းနှစ်ယောက်လဲပါတယ် ဆိုတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး သူငယ်ချင်းပဲ လွှဲချတာပေါ့ဗျာ။……..

ထုံးစံအတိုင်း နောင်တစ်ချိန်ခေါင်းဆောင်ဖြစ်လာမည့် ခေါင်းဆောင်တို့ရဲ့ ၀သီအတိုင်း ကြည့်လုပ်ကြကွာ ပေါ့။ မင်း ပရိုပိုဆယ် Proposal တင် ငါဆုံးဖြတ်မယ် ဆိုသလိုပေါ့။ တတ်နိုင်ဘူး ကိုယ်မှ ခေါင်းရှူပ်စရာကိစ္စ တွေ မလုပ်တတ်တာ။……

စည်းရုံးရေးမှူး သူငယ်ချင်းနဲ့ အဖွဲ့ သြစတြီးယားသူငယ်ချင်း၂ ယောက်အပါအ၀င် ၁၀ ယောက်အဖွဲ့က Frankfurt မှာဆုံ တစ်ရက်ကြိုထွက်ပြီး အီတလီကစောင့်မယ်ပေါ့။ ကျန်တဲ့ နီးစပ်ရာ ကျွန်တော်တို့ ၅ ယောက်က Weekend ticket လက်မှတ်ဝယ်ပြီး လူစုရင်း နောက်နေ့ မနက်စောစောမှာ Frankfurt ဘူတာမှာ ဆုံလို့ Frankfurt (hahn) လေဆိပ် ကို ဘတ်စ် နဲ့ လစ်ကြသတည်းပေါ့ဗျာ။…….

Frankfurt လေဆိပ် ဆိုလို့ ဘူတာနား နီးတယ်မှတ်တယ်။ ကျွန်တော်တို့ စီးမယ့် Airline က Frankfurt လေဆိပ်မဟုတ်ဘူးခင်ဗျ။ Frankfurt –Hahn တဲ့။ Weekend ticket နဲ့ စီးလိုက်မဟဲ့လို့ အားတင်းပြီးလာခဲ့တာ ဘူတာကနေ လေဆိပ်ထိ ဘတ်စ်က မရဘူးတဲ့ဗျာ ဒါနဲ့ တစ်ယောက်ကို ၁၂ ယူရိုပေးလိုက်ရသဗျာ။ …….

ဂျာမနီရထားအကြောင်းနည်းနည်းရှင်းပြရရင် Weekend ticket ဆိုတာက အဲဒီစနေနေ့ ဒါမှမဟုတ် တနင်္ဂနွေ တနေ့လုံး ဂျာမနီတစ်နိုင်ငံလုံး ကြိုက်ရာသွားပေါ့။ စက်မှာဝယ်ရင် ၃၅ ယူရို၊ လူကိုယ်တိုင်ဝယ်ရင် ၂ ယူရိုအပိုဆောင်းရသဗျ။ Service ကြေးပေါ့ဗျာ။…..

ပြည်နယ် လက်မှတ် state ticket ဆိုတာရှိလည်း ရှိသဗျ။ တစ်ယောက်တည်းအတွက်ဆို ၁၉ ယူရို၊ အုပ်စု ၅ ယောက်အတွက်ဆို ၂၇ ယူရိုပေးရသဗျ။………..

Eurotrip တို့ special offer to ဘယ်နိုင်ငံတို့ဘာတို့ဆိုတာလည်းရှိသဗျ www.bahn.de မှာ ကြည့်ရင် ရထားစီးရမယ့် အချိန်ဇယား၊ ဘယ် tunnel မှာ ဘယ်နှစ်နာရီ ဘယ်မိနစ်မှာ ဘယ်လိုရထားပြောင်းစီးရမယ်ဆိုတာ အချိန်နဲ့ အမျှ ဖော်ပြပေးတယ်။…………

online ကနေ လက်မှတ်ဝယ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာမှာ Print ထုတ်ရင် လည်းရသဗျ။ တစ်နှစ်မှာ ခရီးစရိတ် ၂၀၀ ထက်ပိုဖြုန်းတဲ့သူတွေအတွက် လက်မှတ်ဝယ်တိုင်း ၂၅ ရာခိုင်နှုန်းလျှော့ပေးတဲ့ Bahn Card လုပ်ချင်ရင် တစ်နှစ်စာအတွက် ၅၅ ယူရိုပေးရသဗျ။…….

ဒါပေမယ့် ပြည်နယ် လက်မှတ်ဝယ်မရဘူး။ စီးရတာတော့ Second class ပေါ့ဗျာ။ ခုံလိုချင်ရင် သတ်သတ်ထပ်ပေးပေါ့။ သိရသလောက် Second class စီးတဲ့ ဂျာမနီကလူတွေ ခုံဖြတ်ပြီးစီးတာ တစ်ခါမှ မမြင်ဖူးဘူး။ လွတ်တဲ့ခုံတွေက အများကြီးကို လွတ်ရင်ဝင်ထိုင်၊ လက်မှတ် ဖြတ်လာတဲ့လူလာရင် ထပေးပေါ့။…..

လက်မှတ်စစ်ကလည်း လူစီးလက်မှတ်သာစစ်တာဘာမှ မပြောဘူး။ လက်မှတ်ဝယ်လာတဲ့လူလာလို့ ထပေးရတာလည်း တစ်ခါမှ မတွေ့ဘူးပါဘူး။ ပြောချင်တာက Second class မှာ ဘယ်သူမှ ခုံမ၀ယ်ဘူးဆိုတာပဲ။…..

ခရီးစဉ်ပြန်ဆက်ရရင် Weekend ticket ၀ယ်ပြီး လိုက်မယ့်သူတွေကို ၀င်ခေါ်ပေါ့။ Frankfurt Station ကနေ လေဆိပ် ကိုပါစီးလို့ရမယ်ထင်နေတာ။ ကဲ သွားရော့ ၁၂ ယူရို။........

ဒါနဲ့ လေယဉ်စီးဖို့ Checkin လုပ်ပေါ့ဗျာ။ ပါလာတဲ့ Luggage ကို ၁၅ ကီလို ကျော်မကျော်ချိန်ပေါ့ဗျာ။ ကံကောင်းသဗျ ၁၄.၇ ကီလို တဲ့ဗျာ။ ပြီးတော့ Boating Pass ယူပေါ့ဗျာ။ .......

Ryan Airline က ဈေးကို အနိမ့်ဆုံးထိလျော့ပေမယ် luggage ယူရင် ၁၅ ယူရိုတောင်းသဗျ။ Cabin Bag အတွက် မပေးရပေမယ့် ၁၀ ကီလိုနဲ့ သတ်မှတ်တဲ့ အရွယ်အစားလည်း ရှိသေးသကိုး။ ဂိတ်နံပါတ် ၁၀ သွားပေါ့။ အန္တရာယ်ဖြစ်စေတဲ့ပစ္စည်း ပါ မပါအစစ်ခံပေါ့ဗျာ။……..

နှုတ်ခမ်းဆိုးဆီ၊ Lotion၊ သွားတိုက်ဆေး၊ ခေါင်းလိမ်းဆီ ကော့စမစ်တစ်တွေ၊ လက်သည်းညှပ် မုတ်ဆိတ်ရိတ်ဂျုတ်တွေကို အကုန် Luggage ထဲထည့်ထားတာ ဒီစစ်ဆေးရေး ဘယ်အသံမြည်မတုန်းဗျာ။

(အပြန်ခရီး မှာတော့ နာရီချွတ်၊ ခါးမှာပတ်ထားတဲ့ ကင်မရာနဲ့ ခါးပတ်ချွတ်ပြီးသူတို့ပေးတဲ့ ပုံးထဲထည့် ပြီး စစ်ဆေးရေးဂိတ် လူချည်းသက်သက် မိန့်မိန့်ကြီးဝင်သွားတာ အချက်ပေးစနစ်က ထမြည်ပါလေရောဗျာ။ ဖိနပ်ကို ချွတ်လိုက်ပြီးပေးလိုက်မှ အသံတိတ်သွားတယ်။ ကျွန်တော့်ဖိနပ်ထဲ ဘာပါသည် မသိ။ ဧကန္တ ဂေါ်ဇီလာ သားရေနဲ့များမှားလုပ်ထားသလား)………………..

ကဲ ရောက်ပါပြီ ရောမ။ တည်းခိုဖို့ ငှားထားတဲ့ သူငယ်ချင်း၉ယောက်ကြိုစောင့်တဲ့ Tiber Camping ကလွှတ်လိုက်တဲ့ကားက ရန်ကုန်မန္တလေး ခရီးသည်တင် ပို့ဆောင်ရေး ကားလောက်ကြီးဗျ။

၅ ယောက်ထဲ ဗီဒီယိုတွေရိုက်ကျ အော်ကြ ဟစ်ကြနဲ့ပေါ့ဗျာ။ ….

ဒါလည်း Cashdown တစ်ယောက် ၁၂ ယူရိုပဲ။ လေယာဉ်ကွင်းကနေ Tiber Camping ကို ဘယ်လိုသွားသလဲလို့ ရှာကြည့်တော့ ၄ ဆင့်လောက် စီးရမယ့်ဟာဖြစ်နေတာနဲ့ပဲ မထူးဘူးဆိုပြီး သူတို့ လာကြိုမယ့် ကားကို Booking လုပ်လိုက်တာပါ။

(အင်း…. လေယာဉ်ခက Frankfurt (hahn) Airport to Rome (Ciampino Airport) အသွား ၄၅ ယူရိုပဲရှိတာပါ။ Rome to Venice ၂၉ ယူရိုနဲ့။ Venice to Frankfurt ၃၁ ယူရိုပါ။)……..

ရောက်ပြီပေါ့ Tiber Camping။ ဒီအမည်ကတော့ အီတလီ Tiber မြစ်ရဲ့နဘေးမှာ ရှိနေလို့ ယူထားတာထင်ပါရဲ့။ ရောက်တော့ တည်းခိုရာ နံပါတ် ၁၂ ကားအိမ်လေးရဲ့ ရှေ့က စားပွဲပေါ်မှာ စားသောက်ဖို့ ပြင်နေကြတဲ့ သူငယ်ချင်း တစ်စု ကို တွေ့တော့တာပဲ။ ဟေးလားဝါးလားနဲ့ ငြိမ်သက်နေတဲ့ Tiber မြစ်နံဘေးက Camp လေး မှာ ချက်ချင်းဆူပွက်သွားတော့တာပါပဲ။……..

ကျွန်တော်တို့ ယောင်္ကျားလေး ငါးယောက်တည်းရမှာက နံပါတ် ၁၃ ကားအိမ်လေးပါပဲ။………

မိန်းကလေး ငါးယောက်အတွက် နံပါတ် ၁၂ ကားအိမ်လေးနဲ့ ကျန်တဲ့ ၄ ယောက်အတွက် နံပါတ် ၁၇ ကားအိမ်လေးပါပဲ။…….

( စီစဉ်တုန်းက ၁၅ ယောက်ဖြစ်ပေမယ့် သူငယ်ချင်းတစ်ယောက်က ဒူးမှာဒဏ်ရာရလို့ ဆေးရုံမှာ အစားထိုး ကုသခံရမှာမို့ မလိုက်နိုင်တော့ကြောင်း အီးမေးလ်ပို့အကြောင်းကြားလာပါတယ်။ စရိတ်တော့ ဆုံးသွားတာပေါ့ဗျာ)။…………

အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် တ၀ိုက်မှာ ရှိပြီး မိုးရွာမယ်ဆိုပြီး အဖွဲ့ဝင်တစ်ယောက်ရှာပေးထားတဲ့ ရာသီ ဥတုခန့်မှန်းချက်ကဆိုပေမယ့် မိုးမရွာပါဘူး။ ……….

အပူချိန်ကတော့ မှန်နိုင်ပါတယ်။ အေးသကိုးခင်ဗျ။…………

(ဂျာမနီ ရာသီ ခန့်မှန်းချက်ကတော့ အတော့်ကို မှန်ပါသည်။ မြို့ အလိုက် ခန့်မှန်းချက်များသီးခြားရှိသောကြောင့် မိမိ နေထိုင်ရာမြို့ ရာသီခန့်မှန်းချက်ကို မိမိ ကွန်ပြူတာ Screen ပေါ်တင်ထားလျှင် အတော်အဆင်ပြေပါသည်)။………….

ကျွန်တော်တို့ ယောင်္ကျားလေးများနေထိုင်ရာ နံပါတ် ၁၃ (နံပါတ်ကြီးက ကြောက်စရာကြီးနော) ကားအိမ် ရှေ့ နဲ့ Tiber မြစ်ကြား မြက်ခင်းမှာ ရွက်ဖျင်တဲတွေနဲ့ အိပ်တဲ့ လူတွေရှိတော့ ည ဘယ်လိုအိပ်သလဲမစဉ်းစားတတ်ပါဘူး။ ချမ်းလို့ပါ။………….

ကျွန်တော်တို့ကိုတော့ လက်ဆွဲ heater နှစ်လုံးပေးထားတာ နှစ်ယောက်အိပ်ကုတင်နှစ်လုံးပါ အိပ်ခန်း ၂ ခန်း နှင့်ဧည့်ခန်း(မီးဖိုခန်း တွဲလျက်) အတွက်တော့ နံပတ်ကုန်ဖွင့်ထားသည်မှာ လုံလောက်ယုံမျှရှိပါသည်။

ဒါတောင် ဘော်ဘော် တစ်ယောက်က အိပ်ပျော်နေတုန်း အပူချိန်သိပ်တက်နေရင် မကောင်းဆိုပြီး ဘယ်အချိန် သူ့အခန်းထဲက heater ကို ပိတ်သလဲမသိ၊ ဧည့်ခန်းထဲအိပ်သည့် ကျွန်တော်မှာ မိုးလင်းခါနီး လန့်နိုးသောအခါ သဲ့သဲ့သာ ပြုံးနိုင်တော့သည်။ (မခို့တရို့တော့မဟုတ်ပါ)။

ဒီလိုနဲ့ မနက်ရောက်ရေချိုး (ရေးချိုးခန်း ပါသော ကားအိမ်လေးပါ။ တစ်ယောက်စာအတွက် ယူရို ၂၅ ဖြစ်သောကြောင့် မီးဖိုခန်း ရေချိုးခန်းပါသည်၊ ယူရို ၁၀ ဆို မပါပါ။)

နံနက်စာ ပါသမျှထုတ်၍ စားမည်ဆိုသော်လည်း စရိတ်ကုန်မည်စိုး၍ ယူလာသော ရယ်ဒီမိတ် ခွေးပူ (hotdog)(ကိုသင်္ကာ ဘလော့မှ ဘာသာပြန်ချက်) နှင့် ယမ်ယမ် သာရှိပေသည်။………

မနက်ခင်း ခွေးပူ နှင့် နေ့လယ်ညစာ ယမ်ယမ်ပေါ့ဗျာ။ စားနေတုန်း ဘယ်ချိန်ထွက်သွားသည်မသိ စည်းရုံးရေးမှူး အော်သံကြားလိုက်ရသည်။

၈နာရီ အမှီထွက်ကြဟေ့။ ဂိတ်ပေါက်က စောင့်မယ်.။

အော်…ဒင်းကမြိုဆို့ပြီးပြီကိုး။ ဒါနဲ့ Tiber Camping က အလကားမတ်တင်း စီစဉ်ပေးတဲ့ ကားပေါ်တက် Prima Porta အမည်ရဘူတာရုံသို့ချီတက်ကြပေါ့ဗျာ။ ရထား၊ကားကြိုက်ရာစီး သုံးရက်စာ ၁၁ယူရို လက်မှတ်ဝယ်ပြီး ရွှေမြန်မာတသိုက် ရထားစောင့်သတည်းပေါ့ဗျာ။ မဟုတ်သေးဘူး ရထားနဲ့ ပါလာမယ့် ဖာသာ တစ်ယောက်ကိုစောင့်တာပါ။……..

သူက Roma မှာ ကျောင်းလာတက်တာခင်ဗျ။ အီတလီမှာ ဒီလိုမြန်မာ တွေ့မယ် မထင်ထားပါဘူး။ စည်းရုံးရေးမှူးကလည်း ကြိုပြောမထားဘူးကိုး။………

ဖာသာလာပါပြီ။ သူနဲ့ အတူ ရောမမှာ ကျောင်းတက်နေတဲ့ မြန်မာ ဘရာသာ တစ်ယောက်ပါလာတယ်ဗျ။ သူတို့တော့ ခံရမှာကို မသိကြသေးဘူး။ ဖာသာတွေ ဘရာသာတွေ ဘယ်လိုခံရလဲ ဆက်လက်ရှူစားပါကုန်။

ရိုက်လိုက်ကြတဲ့ ဓါတ်ပုံတွေဗီဒီယိုတွေ။ တကယ်က ဂျာမနီက စထွက်ကတည်းက ရိုက်တာပါ။ ကျွန်တော်အပါအ၀င်ပေါ့။ Tiber Camping က ထွက်တော့လည်း မထွက်ခင် ရိုက်တာ ပလူကိုပျံနေတာပဲ။ ဘက်စုံ၊ ထောင့်စုံ ရှူထောင့်စုံနဲ့ အမူအရာစုံပေါ့။ ကျွန်တော်ဆို 2 G Memory သုံးခု ကင်မရာအတွက် ၀ယ်သွားတာဗျ။………..

ကျွန်တော့်သူငယ်ချင်းမလေးက ဗီဒီယိုပေါ့ဗျာ။ 40 G memory ကို Battery မလောက်မှာ စိုးလို့ဆိုပြီး အပိုဝယ်မယ်လုပ်နေလို့ ကုန်တာတွေများလှပါပြီဆိုပြီး တားယူရတယ်။ အော် ဓါတ်ပုံရိုက်ဖို့ လာကြတာကိုးခင်ဗျ။ ကဲ ဖာသာတို့ ဘရာသာတို့ရေ သည်းခံကြပေရော့။…………

သူတို့ခမျာ ရပ်ကြည့်ယုံ အရိုက်ခံယုံ မဟုတ် ခင်ဗျ။ ကင်မရာဆိုတာ ကို ကိုင်ထားရင် ကိုယ့်ပုံ ဘယ်ပါမလဲ ခင်ဗျာ။ လူတိုင်းကလည်း ကင်မရာတွေ၊ ဗီဒီယို ကမ်ကော်ဒါ တွေနဲ့ခင်ဗျ။ ဒီတော့ လက်အားနေတဲ့ ဖာသာတို့ ဘရာသာတို့ အော်တိုမစ်တစ် ကင်မရာမန်း ကမ်ကော်ဒါမန်းတွေဖြစ်ကုန်ကျရော။ ဒီကြားထဲ ရှင်းပြရသေးသကိုးဗျ။ လမ်းလျောက်ရင်းရှင်းပြတာပါ။ လျောက်လိုက်ရတဲ့လမ်း ရှင်းလိုက်ရတဲ့ သမိုင်း။……..

ကဲ စပါပြီ လမ်းလျောက် လေ့လာရေး။ ဒီနေရာမှာ စည်းရုံးရေးမှူးရေးထားတဲ့အထဲက ဖြည့်စွက်ပြီး ပြန်ရေးတာပါ။ ဘယ်တွေကိုသွားခဲ့တယ် ဘယ်လိုဆိုတာ ဖတ်ကြည့်ပါအုံး။………….

(ဆက်ရေးပါဦးမယ်……..)

1 comment:

Julia Saw said...

ဟားဟား အခုမှ ဖတ်မိတယ်.. အဲတုန်းက ပင်လည်းပင်ပန်း ပျော်လည်း ပျော်စရာကြီးနော်..