ကျွန်မသည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်သာ ဖြစ်ပါသည်။ သစ္စာ ဟူသော စကားလုံးကို ”ဟုတ်သားပဲ” ဟု နှစ်နှစ်ခြိုက်ခြိုက် နားလည်ခဲ့သည်မှာ ၂ နှစ်ခန့်သာ ရှိပါသေးသည်။ နားလည်သည် ဆိုရာတွင် မြန်မာလို သဘောပေါက် နားလည်ရုံအဆင့်သာ ဖြစ်ပါသည်။ ဟိုးအရင်တုန်းက ကျွန်မနာဖူးသော တရားပွဲတို့မှာ သစ္စာအကြောင်း ၀ိပဿနာအကြောင်း သိပ်မပါခဲ့ပါ။ ပါသည့်တိုင်အောင် ကျွန်မ မရိပ်စားမိတာလည်း ဖြစ်နိုင်ပါသည်။ ကျွန်မ ဖြစ်ချင်တာက ပါဠိ မသုံး မြန်မာစကား သက်သက် သုံးပြီး မြန်မာလို သိချင်တာဖြစ်သည်။ ဘုန်းကြီးတွေ ဟောနေသည့် ရုပ် နာမ်၊ ဓါတ်၊ ခန္ဓာ ထိုစကားလုံးများမှာ ကျွန်မ ရင်းနှီးပါသည်။ ဘုန်းကြီး ရှေ့ကမေး၊ နောက်က လိုက်အော်ဖြေကြတဲ့ အထဲ အမှီလိုက်နိုင်ပါသည်။ သို့သော် ကျွန်မ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို မသိပါ။ အဲတော့ တရားဆိုတာ ရွတ်ရတာပဲလို့ လောက်သာ ထင်ခဲ့ပါသည်။ ဒီလမ်းနဲ့ သွားနေခဲ့တာ နှစ်ပေါင်း ၂၅နှစ်ကျော်ကြာပါသည်။
တကယ်တော့ ကျွန်မသည် အဲဒီလမ်းအကြောင်း မြန်မာလို တိတိကျကျ သိပ်သိချင်ခဲ့ပါသည်။ ကျွန်မသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရက်နှင့် သံသရာ ထွက်ရာနည်းလမ်းတို့ကို ဘာကြောင့် မသိနိုင်ရတာလဲ။ ငယ်စဉ်တုန်းက ဘုန်းကြီးတွေ သင်ပေးကြပါသည်။ ကျွန်မကိုယ်တိုင်ကိုက သိပြီးသား၊ နားလည်ပြီးသား လူတွေနဲ့ တတန်းတည်း တက်ခဲ့လို့များလားတော့ မပြောတတ်ပါ။ ရုပ်နာမ်ဟဲ့၊ ၀င်သက်ထွက်သက် ရှုဟဲ့။ သူများအော်လို့သာ ရုပ်ပါ ဘုရား၊ နာမ်ပါ ဘုရား လိုက်အော်ခဲ့သည်။ ဘာကို ရုပ်ပြောတာလဲ နာမ်ပြောတာလဲ သေချာမသိ။ ကိုယ့်ဟာကိုယ် ဘာသာပြန်ပြီးတော့ပဲ ဒီခန္ဓာကြီးဟာ ရုပ်၊ စိတ်ဆိုတာ နာမ် အဲလို သတ်မှတ်ထားပါသည်။
ကဲ အဲလောက် သိရုံနှင့် ကျွန်မ ဘာသွားလုပ်တတ်မလဲရှင်။ ၀င်သက် ထွက်သက်ရှုတော့ရော ဘာဖြစ်မလဲ စိတ်တည်ငြိမ်မယ်။ ဒါပဲ အဲဒီမှာ လမ်းဆုံးနေပြီ။ ကျွန်မ သိသမျှ အဲဒီအဆင့်မှာပဲ လမ်းဆုံးနေသည်။ ဟုတ်ပြီ စိတ်တည်ငြိမ်တော့ သံသရာက လွတ်ရောလား။ ဘယ်လွတ်လိမ့်မလဲ။ တရားအားထုတ်တယ်ဆိုတာလဲ ၀င်သက် ထွက်သက်မှတ်တဲ့နည်းလောက်ပဲ သိသည်။ အဲလောက်နဲ့ သစ္စာမသိဘူး ဆိုတာလဲ သိနေပြန်သည်။
ကျွန်မ အဲဒီနည်းလမ်းကို မြန်မာလို သေသေချာချာကြီး သိပ်ကို သိချင်နေခဲ့ပါသည်။ မသိခင် ၂ နှစ်လောက် အလိုက ဘုရား ရှိခိုးတိုင်း ”သေချာ သင်ပေးမဲ့ ဆရာကောင်းတွေ့လို့ နည်းမှန် လမ်းမှန်နဲ့ တရား အားထုတ်နိုင်ပါစေ” လို့ ဆုတောင်းခဲ့ပါသည်။ ကျွန်မ ပတ်ဝန်းကျင်မှာ တကယ် မြန်မာလို နားလည်အောင် ပြောပြတဲ့သူ သို့မဟုတ် တကယ်သင်တဲ့ ဆရာဘယ်မှာ ရှိတယ်ဆိုတဲ့ သတင်းကို ပေးနိုင်သူ တစ်ယောက်မှ မရှိခဲ့ပါ။ ကိုယ်တိုင် ကြိုးကြိုးစားစား မရှာဖွေခဲ့တာလည်းပါပါသည်။
သစ္စာတရားဆိုတာကို နားလည်ဖို့ ကျွန်မသည် လူပိန်း အဆင့်ဖြစ်ပါသည်။ အဲဒီ လူပိန်းသည် သစ္စာတရားကို မြန်မာလို နားလည်မှ ကျင့်သုံး ပွားများတတ်မှာ ဖြစ်ပါသည်။ ကျွန်မတို့ သင်နေကြတဲ့ သိပ္ပံပညာတွေနှင့် ဥပမာပြုရလျှင် သီအိုရီတွေ နားမလည်ဘဲ နှုတ်တိုက် အလွတ်ကျက်နေသည်နှင့် အတူတူဖြစ်ပါသည်။ သီအိုရီ အလွတ်ရသည်။ သို့သော် နားမလည်။ မည်သို့ အသုံးချမည်နည်း။ ဘုရားစာတွေ ပါဠိတွေနှင့် ကျွန်မ ရွတ်နိုင်သားပဲ။ သို့သော် နားမလည်။ အသုံးမချတတ်။ အဲဒါကိုလည်း ကျွန်မ တိတ်တဆိတ် မကျေမလည် ဖြစ်နေပါသည်။ ငါ ဘာလို့ ဒီလမ်းနဲ့ ဒီလောက် ဝေးရသလဲ။
၂၀၀၇ ခုနှစ် သင်္ကြန်မှာ မန္တလေးမြို့ မိုးကုတ်ဝိပဿနာ မင်္ဂလာကျောင်းတိုက် (အမရပူရ မြို့ ဟုလည်း ပြောနိုင်ပါသည်) တွင် တရားစခန်း ၀င်ဖြစ်သွားပါသည်။ အဲဒီမှာ မိုးကုတ်တရားတော်များကို မြန်မာလို နှစ်နှစ်ခြိုက်ခြိုက်ကြီး နားလည်စပြုလာပါသည်။ မိုးကုတ်တရားများသည် မြန်မာ စကားသက်သက် ဟောပါသည်။ အလွန်နားလည်လွယ်ပါသည်။ တစ်ခွန်းပြောလိုက်တိုင်း ” ဟာ ဒီစကားလုံး ငါ ကြားဖူးတယ်။ အော် ဒါက မြန်မာလို ဒါကိုး” ဆိုတာ သိ သိ လိုက်လာပါသည်။ အလွန်ကျေးဇူးများသော အချိန်ဖြစ်ခဲ့ပါသည်။
အရင်တုန်းက နည်းလမ်း အဆင့်ကို သေချာ မသိ၊ ယောင်ဝါးဝါးနှင့် ”ထိုင် ထိုင် ” ဆိုတာနှင့် ပြီးခဲ့ရပါသည်။ လမ်းမသိဘဲနှင့် လုပ်နေတော့ ဘယ်မှာ စိတ်ဝင်စားပါ့မလဲ။ တိကျတဲ့ research direction မရှိဘဲနှင့် လုပ်လုပ် ဆိုပြီး နင်းကန် စာတွေဖတ်၊ ဟိုဟာလေး စမ်းလိုက်၊ ဒီဟာလေး စမ်းလိုက်နဲ့ လုပ်နေတဲ့ Ph.D ကျောင်းသား တစ်ယောက်လို ဖြစ်နေသည်။ (အခုလောလောဆယ် ကျွန်မ အဲလို ဖြစ်နေလို့ လက်တွေ့ ထင်ရှားတဲ့ ဥပမာ ပေးလိုက်တာ။ ခု စာရေးရင်းနဲ့မှ အဲဒီ အချက်ကို သတိထားမိလာတာ။ ခု ခေါင်းထဲမှာ direction ပေါ်သွားပြီ။ ကြည့်ထားတဲ့ protocol ကို Avispa tool နဲ့ ရအောင် ရေးဖို့ ၊ တိကျတဲ့ analysis လုပ်ဖို့။ ဒါက ခုလောလောဆယ် direction ပဲ။ ကျေးဇူး)
အဲဒီ တရားစခန်းမှာဘဲ သံသရာ ထွက်ရာလမ်း၏ လမ်းပြမြေပုံကို ရခဲ့ပါသည်။ လမ်းပြမြေပုံ ဆိုသည်မှာ ဘယ်လိုလုပ်ရင် ရတယ်ဆိုတာကို မြန်မာလို နားလည်ခြင်းကို ဆိုလိုပါသည်။ ထို့နောက်ပိုင်းတွင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို တတ်နိုင်သလောက် အချိန်ယူပြီး နာယူခဲ့သည်မှာ ယနေ့ အထိဖြစ်ပါသည်။
ကျွန်မစိတ်ထဲတွင် ကျွန်မ မသိသည်များကို သိလာရချိန်တွင် သူများတွေကို သိပ်မျှဝေချင်ပါသည်။ ကျွန်မလို ဘာဆိုဘာမျှမသိသေးသည့်၊ သစ္စာနဲ့ ပတ်သက်ရင် လူပိန်းအဆင့်သာ ရှိသည့် သူများကို ကျွန်မလို အလှမ်းဝေးမနေအောင် ပြောပြပေးချင်ပါသည်။ ကျွန်မ တကယ်ကျင့်နေသလား ဆိုရင် တကယ် မကျင့်သေးပါ။ တရားနာရုံ အဆင့်သာ ရှိသေးသည်။
ယခု ကျွန်မရေးနေခြင်းသည် ကျွန်မ လို ဘာမျှမသိသေးသူများ မြန်မာလို နည်းလမ်းသိစေချင်သည့် စေတနာ နှင့်ရေးပါသည်။ ဘယ်လို အားထုတ်လိုက်၊ ဘယ်လောက်ရသွားမယ် ဆိုတာမျိုး အတိအကျ မပြောတတ်ပါ။ ကျွန်မမှ တကယ် အဲလောက်ထိ ထိထိရောက်ရောက် အားမထုတ်ထားဘဲ။ သို့သော် ကျွန်မ မြန်မာလို နားလည်စေတဲ့ တရားများ နာယူခဲ့သည်။ တော်တော်များများကို မြန်မာလို နားလည်ပါသည်။ သူပြောတဲ့ အားထုတ်နည်းဆိုတာတော့ ဆရာတော်၏ တရားတော်ကို နာယူတာသာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်ပါလိမ့်မည်။ ဆရာတော် သင်ပြတာကို ကိုယ်တိုင် လက်ချာလိုက်မှသာလျှင် ကိုယ်တိုင် စိတ်ထဲမှ လက်ခံ သဘောပေါက်မှာ ဖြစ်ပါသည်။
ကျွန်မသည် တရားတွေနာ၊ နားလည်အောင် စဉ်းစားပြီး ကိုယ်နားလည် သလို ပြန်မှတ်ထားတတ်ပါသည်။ ကိုယ်လုပ်ရမဲ့ အလုပ်ကို Frame ချ ထားနိုင်အောင် လုပ်ခြင်းဖြစ်ပါသည်။ တစ်ခွေပြီး တစ်ခွေ တရားနာရင်းနဲ့ schedule ကို ကိုယ်တိုင်သိအောင် လုပ်ပါသည်။ ယခုပို့စ်သည် ကျွန်မ နားလည်သလောက်နဲ့ သွားနိုင်တဲ့လမ်းရဲ့ schedule အတိုဆုံး၊ အထိရောက်ဆုံးကို ရေးပြမည် ဖြစ်ပါသည်။
သံသရာ ထွက်ရာခရီးသွားရန် ခြေလှမ်းသုံးလှမ်း လိုပါသည်။ ၄င်းတို့မှာ
(၁) သိမှု
(၂) ပွားမှု
(၃) ပယ်မှု
ထို စကားသုံးလုံးသည် မြန်မာစကား သက်သက် ဖြစ်၍ အားလုံး နားလည်နိုင်ပါမည်။ အဲဒီ သုံးမျိုးကို သေချာသိမှတ် နားလည် ရပါမည်။
အရေးကြီးဆုံးကတော့ သိမှု ဖြစ်သည်။ အဲဒီ သိမှု ကို ကျွန်မ မသိခဲ့ သဖြင့် ၂၅နှစ်လုံးလုံး ဘုရားစာရွတ်၊ ၀င်လေ ထွက်လေ မှတ်နဲ့ ဘာသာရေးလုပ်ခဲ့ရသည်။
သိမှု ဆိုရာတွင် အဓိက သိစရာများမှာ
ခန္ဓာ ၊ အာယတန၊ ဓာတ်၊ သစ္စာ ၊ ပဋ္ဋိစ္စသမုပ္ပါဒ် တို့ကို မြန်မာလို နားလည် သိမှတ်ဖို့ ဖြစ်ပါသည်။
ခန္ဓာငါးပါး လူတိုင်းကြားဖူးပါသည်။ ကျွန်မလည်း ကြားဖူးပါသည်။ ကျွန်မသည် တစ်ခုတည်းရှိတဲ့ ခန္ဓာကိုယ်ကို ဘာလို့ ဒီ language မှာ ငါးခု…ငါးခုနဲ့ ပြောနေကြတာလဲဟု နားမလည်နိုင်ဖြစ်ခဲ့ပါသည်။ ယခု မြန်မာလို သိပါပြီ။
ခန္ဓာဆိုတာ ကျွန်မတို့ သိထားတဲ့ လူကောင်ကြီး တစ်ခုကို ဆိုလိုချင်တာ မဟုတ်ပါ။ အစုအပုံ လို့သာ ဆိုလိုပါသည်။ ခန္ဓာငါးပါးတို့မှာ
(၁) ရူပက္ခန္ဓာ ………………ဖောက်ပြန် ပျက်စီးတတ်သော သဘောအစု ဖြစ်ပျက်မှု
(၂) ဝေဒနာက္ခန္ဓာ………….ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၃) သညာက္ခန္ဓာ ………….မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှု
(၄) သင်္ခါရက္ခန္ဓာ……………ပြုပြင်စီရင်တတ်သော သဘောအစု ဖြစ်ပျက်မှု
(၅) ၀ိညာဏက္ခန္ဓာ……… သိကြံ တတ်သော သဘောအစု ဖြစ်ပျက်မှု
ဤနေရာတွင် သေချာ ကြည့်ရန်မှာ ”……..သော” တို့သည် မြန်မာပြန်ဖြစ်သဖြင့် သေချာမှတ်ကြပါလိမ့်မည်။ သတိထားရန်မှာ နောက်က ” သဘောအစု ဖြစ်ပျက်မှု” ဟူသော စကားတည်း။ (ခန္ဓာသည် အကောင်ကြီးမဟုတ် ”သဘော အစုကြီး” ဖြစ်သည်။ ခန္ဓာသည် ”ဖြစ် ပျက်မှု” များ တရစပ် ဖြစ်နေသည်။ ) ဟူသော concept ကို ခန္ဓာငါးပါးကို ရွတ်တိုင်း အမြဲ ခေါင်းထဲရောက်ဖို့ လိုပါသည်။
အလွယ်မှတ်ရန် လင်္ကာမှာ
”ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်”
ကျွန်မကိုယ်တိုင် အဲဒီလင်္ကာ အလွတ်ရပြီး အဲဒီ စကားလုံး ငါးလုံးကိုသာ မှတ်ထားပါသည်။ ကိုယ်တကယ် အသုံးချမှာက ဒါပဲကိုး။ ပါဠိလိုကို လုံးဝ မမှတ်မိပါ။ အခု ဒီစာရေးတော့မည်ဆိုမှ စာအုပ်ထုတ်ရှာပြီး ပါဠိစကား ဖြည့်စွက်ရပါသည်။
ဤ ခန္ဓာငါးပါးကိုတော့ ပါဠိလိုရော မြန်မာလိုပါ အလွတ်ရအောင် ဦးစွာ လုပ်သင့်သည်။ ကျွန်မလည်း အခုပဲ ပါဠိလို နှုတ်တိုက်ရအောင် ကျက်ရပါဦးမည်။ ပါဠိလို ဘယ်မှာ အသုံးပြုရမလဲဆိုတော့ တရားနာတဲ့အခါ၊ ဆရာ သင်ပေးတဲ့အခါ၊ တရား ဆွေးနွေးတဲ့ အခါ လိုအပ်ပါသည်။ ထို ပါဠိစကားလုံးများသည် ဒီပညာရပ်သင်ယူဖို့ အတွက်က လိုအပ်သော ဝေါဟာရများ ဖြစ်နေသောကြောင့် သိဖို့ လိုအပ်ပါသည်။
ခါတိုင်းလို ဘုန်းကြီးရှေ့က မေး ၊ နောက်က ”ခန္ဓာ ငါးပါးပါ ဘုရား။ ရူပက္ခန္ဓာ………..” စသည်ဖြင့် ကြက်တူရွေးနှုတ်တိုက် မဖြစ်တော့ပါ။ မြန်မာလို နားလည်ပြီး ဖြစ်ရပါမည်။
အဲဒီငါးပါးကို ပေါင်းလိုက်ရင်
နံပါတ် ၁ က ရုပ် ခန္ဓာ
နံပါတ် ၂ မှ ၅ အထိ က နာမ်ခန္ဓာ
အကျဉ်းချုပ်လိုက်ရင် ရုပ်နဲ့နာမ် နှစ်ပါးသာ ဖြစ်သွားပါသည်။
ထို ခန္ဓာငါးပါးကိုပဲ ညအိပ်ရာဝင်လျှင် မြန်မာလို တိတိကျကျကြီး နှုတ်က အသံထွက် ဆိုပြီး နှလုံးသွင်းအိပ်ပါ။ စိတ်အေးအေးချမ်းချမ်း အိပ်ပျော်သွားပါမည်။ မနက် အိပ်ရာနိုးနိုးချင်း မြန်မာလို တိတိကျကျကြီး အသံထွက်ဆိုပြီး နှလုံးသွင်းကြည့်ပါ။ ရုံးသွား ကျောင်းသွားဖို့အတွက် စိတ်တက်ကြွ လန်းဆန်းနေပါလိမ့်မည်။ မယုံမရှိပါနဲ့။ တကယ် စိတ်နှစ်ပြီး လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါသည်။
အမှန်တော့ ဘာသာရေးပို့စ်များကို တရားတော်ဘလော့ဂ်တွင် ကျွန်မတို့ သတ်သတ်ခွဲခြားပြီး ရေးကြပါသည်။ အခု သူငယ်ချင်းများက ဒီဘလော့ဂ်ကိုသာ သိကြသဖြင့် ဒီမှာ ပို့စ်လာတင်ခြင်းဖြစ်ပါသည်။ သူကတော့ ဒီမှာပဲ အကုန်ရောရေးလိုပါသည်။ ကျွန်မကတော့ ဘာသာရေးပို့စ်တွေကို သတ်သတ်ခွဲခြား ရေးချင်ပါသည်။ အိမ်မှာ ဘုရားခန်းနှင့် ဧည့်ခန်းခွဲခြားထားသလို သဘောထားမိပါသည်။ ထို့ကြောင့် ဘာသာရေး ပို့စ်များကို ကျွန်မတို့အိမ်၏ ဘုရားခန်းမှာ လာဖတ်ပေးပါလို့ မေတ္တာရပ်ခံပါသည်။
Sunday, June 21, 2009
ခန္ဓာငါးပါးကို မြန်မာလို သဘောပေါက် သိမြင်နိုင်ကြပါစေ
Friday, May 22, 2009
ပုဗ္ဗဏှသုတ် ပါဋ္ဌိ နှင့် မြန်မာပြန်
ဟူး ခုမှပဲ ပြီးတော့တယ်
တစ်နေကုန် ထိုင်ရိုက်နေတာလေ
ပါဋ္ဌိတွေက ရိုက်ရတာကြာတယ်
ဟိုဘက်မှာ သွားဖတ်ကြနော်
တရားစာမျက်နှာ မှာလေ
Monday, April 14, 2008
အစွန်းသုံးပါးမှ လွတ်သော သားငါး (၃)မျိုး
၂) ရည်၍ သတ်ခြင်း သတင်းကို လည်းမကြားထသော သားငါး။
၃) ငါ့ကို ရည်ကာ သတ်သည်သာဟု ရွံရှာခြင်းလည်း မရှိသော သားငါး။
သုခမှတ်စုပါ အထက်ပါ သားငါးသုံးမျိုးသည် အပြစ်လွတ်သော သားငါးဖြစ်၍ စားသုံးသော် မည်သည့် အကုသိုလ် စိတ်ကိုမျှ ဖြစ်စေမည် မဟုတ်သော ဗုဒ္ဓအလိုကျ အလယ်လမ်းစဉ်ဖြစ်မည်ဟု ယုံကြည်ပါသည်။
သုခမှတ်စုမှ
သရဏဂုံ မပျက်သော အကြောင်း (၃)ပါး
၁) ဒိဌိတို့အား အဆွေအမျိုးတည်းဟု ရှိခိုးသော်လည်း မပျက်။
၂) အတတ်သင်သော တိတ္တိတို့အား ဆရာဟု ရှိခိုးသော်လည်း မပျက်။
၃) မင်း ဧကရာဇ်တို့အားကြောက်သဖြင့် ရှိခိုးသော်လည်း မပျက်။
Saturday, April 12, 2008
လူမိုက် အင်္ဂါ (၃) ပါး
၁) ခွန်အား မရှိပဲ ခိုက်ရန်ပြုခြင်း
၂) ကျမ်းဂန် မတတ်ပဲ ငြင်းခုန်ပြုခြင်း
၃) စည်းစိမ်မရှိပဲ ကာမဂုဏ်ကို အလိုရှိခြင်း
သုခ မှတ်စု
Thursday, April 10, 2008
ကိုးန၀င်း အဓိဌာန် ပုတီးစိတ်နည်း
| | တနလာင်္ | အင်္ဂါ | ဗုဒ္ဓဟူး | ကြာသာပတေး | သောကြာ | စနေ | တနင်္ဂနွေ | တနင်္လာ | အင်္ဂါ |
| ပထမဆင့် | သမ္ဗာသမ္ဗုဒ္ဓေါ (၂) ပတ် | ဘဂ၀ါ (၉)ပတ် | သုဂတော (၄)ပတ် | သတ္တာဒေ၀ မနုဿာနံ (၇) ပတ် | လောက၀ိဓူ (၅) ပတ် | ၀ိဇ္ဇာစရဏ သမ္ပန္နော (၃)ပတ် | အနုတ္တရော ပုရိသ ဓမ္မသာရထိ (၆)ပတ် | အရဟံ (၁)ပတ် | ဗုဒ္ဓေါ (၈)ပတ် |
| ဒုတိယဆင့် | (၃) | (၁) | (၅) | (၈) | (၆) | (၄) | (၇) | (၂) | (၉) |
| တတိယဆင့် | (၄) | (၂) | (၆) | (၉) | (၇) | (၅) | (၈) | (၃) | (၁) |
| စတုတ္တဆင့် | (၅) | (၃) | (၇) | (၁) | (၈) | (၆) | (၉) | (၄) | (၂) |
| ပဉ္စမဆင့် | (၆) | (၄) | (၈) | (၂) | (၉) | (၇) | (၁) | (၅) | (၃) |
| ဆဌမဆင့် | (၇) | (၅) | (၉) | (၃) | (၁) | (၈) | (၂) | (၆) | (၄) |
| သတ္တမဆင့် | (၈) | (၆) | (၁) | (၄) | (၂) | (၉) | (၃) | (၇) | (၅) |
| အဌမဆင့် | (၉) | (၇) | (၂) | (၅) | (၃) | (၁) | (၄) | (၈) | (၆) |
| န၀မဆင့် | (၁) | (၈) | (၃) | (၆) | (၄) | (၂) | (၅) | (၉) | (၇) |
၁) အ၀ါရောင် ခြယ်ထားသောနေ့များသည် သက်သက်လွတ်စားရန်ဖြစ်ပါသည်။
၂) ပထမ အဆင့်မှ ဆက်၍ ကျန်နေ့များ ကို ရည်တွက်ရန်၊ (ဥပမာ ဒုတိယဆင့် အတွက်ဆိုလျင် ဗုဒ္ဓဟူးနေ့  ၊၀ိဇ္ဇာစရဏ သမ္ပန္နော၊ (၃) ပတ် ဖြစ်၍ ကြာသပတေးနေ့၊ ဘဂ၀ါ ၉ ပတ်တွင် ပြီးပါမည်။ တတိယဆင့် အတွက် သောကြာနေ့ ၊ သုဂတော ၄ပတ်တွင် စ၍ စနေနေ့၊ အရဟံ ၁ ပတ်တွင်ပြီးပါမည်။)
၃) တစ်ဆင့် အောင်မြင်တိုင်း လိုရာဆု တစ်ဆုကို လေးနက်စွာဆုတောင်းပါ။ တစ်ဆင့် နှင့် တစ်ဆင့်ကြား အကြားအလပ်မရှိ တစ်ဆက်တည်းဖြစ်ပါသည်။
ကြံတိုင်းအောင်၍ ဆောင်တိုင်းပေါက်ကြပါစေ။
(သင်္ကြန်တွင်း အထိမ်းအမှတ်)
Wednesday, April 9, 2008
ဘုရားဂုဏ်တော် (၉)ပါး
၁) အရဟံ ။ လူနတ်ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ပူဇော် အထူးကို ခံတော်မူ
ထိုက်သော မြတ်စွာဘုရား။
၂) သမ္မာသမ္ဗုဒ္ဓေါ ။ အလုံးစုံသော တရားအပေါင်းကို ကောင်းစွာသိမြင်တော်မူသော
မြတ်စွာဘုရား။
၃) ၀ိဇ္ဇ္ဇာစရဏ သမ္ပန္နော ။ ၀ိဇ္ဇာ ရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။
၎) သုဂတော ။ ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော
မြတ်စွာဘုရား။
၅) လောက၀ိဓူ ။ လောကသုံးပါး၌ အလုံးစုံကိုသိမြင်တော်မူသောမြတ်စွာဘုရား။
၆) အနုတ္တရော ပုရိသ ဓမ္မသာရထိ ။ အတုမရှိသော ယောက်ျားမြတ်ဖြစ်၍ မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
၇) သတ္တာဒေ၀ မနုဿာနံ ။ လူနတ်ဗြဟ္မာသတ္တ၀ါတို့ ၏ ကိုးကွယ်အားထားရာ ဆရာဖြစ်သော မြတ်စွာဘုရား။
၈) ဗုဒ္ဓေါ ။ သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၉) ဘဂ၀ါ ။ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ပဋ္ဌာန်း ၂၄-ပစ္စည်း အကျဉ်း
“ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိ“
- ဟေတုပစ္စယော
- အာရမ္မဏပစ္စယော
- အဓိအတိပစ္စယော
- အနန္တရပစ္စယော
- သမနန္တရပစ္စယော
- သဟဇာတပစ္စယော
- အညမညပစ္စယော
- နိဿယပစ္စယော
- ဥပနိဿယပစ္စယော
- ပုရေဇာတပစ္စယော
- ပစ္ဆာဇာတပစ္စယော
- အာသေ၀နပစ္စယော
- ကမ္မပစ္စယော
- ၀ိပါကပစ္စယော
- အာဟာရပစ္စယော
- ဣနြ္ဒိယပစ္စယော
- ဈာနပစ္စယော
- မဂ္ဂပစ္စယော
- သမ္ပယုတ္တပစ္စယော
- ၀ိပ္ပယုတ္တပစ္စယော
- အတ္ထိပစ္စယော
- နတ္ထိပစ္စယော
- ၀ိဂတပစ္စယော
- အ၀ိဂတပစ္စယော
ပစ္စုဒ္ဒေသာ နိဠိတော။
(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျဉ်းပြီး၏။)
