Friday, October 16, 2009

အိမ်ဦးနတ်ကြီးတဲ့လား

ကျွန်မအတွက်တော့ ချစ်သူတွေ ဆိုတာ ”သံယောဇဉ်ကြိုးတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ ကြိုးတံတားတစ်ခုပေါ်မှာ အမြဲရန်ဖြစ်နေကြတဲ့ လူနှစ်ဦး”လို့ အဓိပ္ပာယ် ရပါတယ်။ အယူအဆမတူတာတွေ များလွန်းပြီး တစ်ယောက်ကို တစ်ယောက်ကလည်း ဘယ်တော့မှ အရှုံးမပေးစတမ်း ငြင်းခုံနေကြလို့ပါ။ တခါတရံများ အ၀တ်အစား အရောင်ရွေးတဲ့ ကိစ္စကနေ စလိုက်တာ ”နင့်စိတ်ကဘယ်လို…ငါ့စိတ်က ဘယ်လို”..တွေအထိရောက်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားနိုင်လုရင်းနဲ့ ကိုယ်ရန်ဖြစ်နေတဲ့ အကြောင်းအရာကို ပြန်ကြည့်လိုက်တော့ မူရင်း ကိစ္စ (အရောင်ရွေးတဲ့ ကိစ္စ)က ပျောက်တောင်နေပေါ့။ အဲလို ချစ်ကြပါတယ်။

စကားများ ရန်ဖြစ်တိုင်း သူပြောတတ်တာက ”နင့် အိမ်ဦးနတ်ဖြစ်မယ့်လူနော်။ လေးလေးစားစား ဆက်ဆံ” ဟူသတတ်။ အဲ့မှာ ကိုယ့်အကွက် ၀င်သွားတာပေါ့ကွယ်။ ”ဟေ့ အိမ်ဦးနတ်ဆိုတာ အိမ်ဦးနတ်ကတော်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရတဲ့သူ” လို့ ရှင်းပြလိုက်တာပေါ့။ ဟုတ်ဘူးလား စဉ်းစားကြည့်လေ။

နတ်ပွဲတွေ နတ်မေးတာတွေ လူတိုင်း သိပါတယ်။ နတ်များခမျာ စားချင်တာလေး၊ ၀တ်ချင်တာလေး၊ သောက်ချင်တာလေးရှိရင် သူ့ကတော်ကို သူ ကပ်ရတယ်မလား။ နတ်ကတော်ကြီးက ”ဟေ့ ကြက်ကင်ဆက်စမ်း” လို့ပြောမှ ဘေးလူတွေက ကြက်ကင်လေး ဆက်တယ်လေ။ ဒါတောင် နတ်ကိုယ်တိုင် စားရရဲ့လား..နတ်ကတော်ပဲ အရင်စားသလား…ဘယ်သူသိတာမှတ်လို့။ အ၀တ်လေးများ ၀တ်ချင်ရင်လည်း နတ်ကတော်ကပဲ ”ဟေ့ ဗောင်းတော်ဆက်မှ ကျေနပ်မဟဲ့” ဆိုမှ ရရှာတယ် မဟုတ်လား။ ဒီကြားထဲ လူတွေများ နေထိုင်မကောင်း၊ အဆင်မပြေတာများ ဖြစ်ရင် နတ်က မကျေနပ်လို့ ဒဏ်ခတ်တယ်လို့ အပြစ်တင်ခံရသေးရဲ့။

မိသားစုရဲ့ အိမ်ဦးနတ် ဆိုရင်ရော ကြည့်ကြပါဦးလေ။ အဖေက ဘော့စ်ဆိုပါတော့။ အမေက မန်နေဂျာပဲ။ တစ်မိသားစုလုံးရဲ့ အရေးကိစ္စတွေကို အမေ ဆုံးဖြတ်မှ ပွဲပြီးတယ်။ အဖေကတော့ အတည်ပြုပေါ့။ အရာရှိကြီးများ မိသားစုဆိုရင်လည်း ကြည့်လိုက်ဦး။ ရာထူးလေးများ တိုးချင်ရင် ဆရာ့ဆီသွားသလား။ ဆရာကတော်ဆီ နောက်ဖေးပေါက်က ၀င်သလား။ စဉ်းစား ချင့်ချိန်ကြပါကုန်။

ဒါဘာကြောင့်လဲဆိုတော့ မိန်းမသားတွေဟာ မိခင်စိတ်ရှိလို့ပါ။ မိန်းကလေးများဟာ သူ့ချစ်သူကို သံယောဇဉ်ရှိသွားတာနဲ့ နဂိုဗီဇ အခံစိတ်ဖြစ်တဲ့ မိခင်စိတ်၊ မိခင်မေတ္တာတွေ ချစ်သူကို ပေးမိတော့တာပါပဲ။ နေမကောင်းလို့ စိတ်ပူတာ၊ အလုပ် အဆင်မပြေမှာစိုးလို့ စိတ်မချတာ၊ စားကောင်းသောက်ဖွယ်လေးတွေ ချက်ကျွေးချင်တာ၊ ဒါတွေ အားလုံးဟာ အမေက သားကလေးကို ချစ်လို့ ဂရုစိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ချစ်သူမို့ ကိုယ့်ခင်ပွန်းမို့ ဂရုစိုက်တာပါလို့ အပြင်မှာ ထင်ရပေမဲ့ တကယ့် အရင်းခံစိတ်လေးက မိခင်စိတ်ပါ။ အဲလို ပျော့ပျောင်း ညင်သာစွာ ခိုင်မာတဲ့ မေတ္တာဓာတ်ရဲ့ တန်ခိုးကြောင့် ယောက်ျားတွေဟာ ခေါင်းညိတ်၊အလိုလိုက်၊ သဘောတူ၊ အကြိုက်ဆောင်နေကြတာပေါ့။ ဒါကြောင့်လေ..အိမ်ဦးနတ်ကြီးများကို သိစေချင်တာက အိမ်ဦးနတ်ကတော်လေးများရဲ့ မေတ္တာစကားကို ကောင်းကောင်း နားထောင်ကြပါလို့။

8 comments:

Yu Ya said...

ဟုတ်ပါ့ဗျာ.. မှန်လိုက်တာမှ တိန်တိန်တိန်နဲ့ကို မြည်နေတာ မ မဟာဆန်ရေ..အဟီး။

yu ya

ရေတမာ said...

ဟားဟား ၀ါဒဖြန့်နေတာ မကြီးမဟာဆန်တို့ နားမယောင်ပါဗျို့.... ထန်းကိုးပင်သားများ နားမယောင်ပါးP

Shinlay said...

ဟုတ်ပါ့။ အိမ်က အိမ်ဦးနတ်လည်း ပြောထားရတယ်။
သူ့ ကိုဘယ်သူက သင်ပေးလိုက်တယ် မသိဘူး
တချိန်လုံး အိမ်ဦးနတ်ကမလျှော့တော့ဘူး။

Unknown said...

ဟာဟ .. ပညာပေးတာလား .. အကို့ကို စစ်ကြေညာလိုက်တာလား .. :P

Anonymous said...

ဆိုင်ငိမ်တော့မာညပဲ

MYO HAN HTUN said...

ကြည့်ရတာ ငွေအပြည့်မအပ်လို့ထင်တယ်။ ခွီခွီခွီ

မျက်မှန်လေး said...

မှန်လိုက်တာ မဟာဆန်ရယ်...
ဒီနည်းအတိုင်း အိမ်းဥနတ်ကို ပြောရမယ်။။
ဟဟ

မျက်မှန်လေး said...

လင့်ခ်ယူသွားတယ်နော်။။။။ဟီး၂