Sunday, June 14, 2009

စားဖိုစားရိတ်လေး လက်တို့လိုက်မယ်


ကျောင်းပိတ်ရက်မို့ မြန်မာဟင်းလေး ကောင်းကောင်းချက်စားမယ် စိတ်ကူးပြီး အာရှဆိုင်မှာ ဈေးသွားဝယ်ပါတယ်။ အနီးဆုံး အာရှဆိုင်တွေက Moor Straße နဲ့ Wilstofer Straße လမ်းထောင့်မှာ ရှိပါတယ်။ ဗီယက်နမ်ဆိုင်နဲ့ ပါကစ္စတန် ဆိုင် နှစ်ဆိုင်ပါ။ Phoenix Center ရဲ့ ဘယ်ဘက်မှာပေါ့။
မီးဖိုသုံး စရိတ်လေး သိအောင် သတင်းပေးမယ်လေ။ အိမ်ရှင်မများ အိမ်ရှင်ထီးများ၊ အိမ်ဦးနတ်မရှိသေးသော မမများ၊ ရှင်မ မရှိသေးသော ကိုကိုများ သိရှိရန် အလို့ငှာ ဗဟုသုတ ဖြန့်ဝေလိုက်ပါတယ်။



ငါးဗိုက်သား (၁ ကီလို) ၅ ယူရို
ဗမာနံနံပင် (၁၀၀ ဂရမ်) ၁.၃၅ ယူရို
ပဲငပိဗူး (၄၅၀ ဂရမ်) ၁.၈၀
မျှစ်(၄၀၀ ဂရမ်) ၁.၂၉
ကြက်ဟင်းခါးသီး(၁ ကီလို) ၂.၄၀
ရုံးပတီသီး(၁ ကီလို) ၂.၄၀
သရက်ကင်း(၁ ကီလို) ၂.၄၀
ငရုတ်သီးစိမ်း(ဗမာငရုတ်သီး)(၁ ကီလို)၂.၄၀
ဒံပေါက်မဆလာ(၄၀ ဂရမ်) ၁
ပါပလာအခြောက်(၁၀၀ ဂရမ်) ၁.၄၀
တူရကီဆိုင်က အခြား ဟင်းသီးဟင်းရွက်တွေ (အာရှမှ အစားအသောက်များ မပါ) ဈေးချိုပါတယ်။
အဲဒီဆိုင်မှာ ၀ယ်ခဲ့တာတွေက
ငှက်ပျောသီး(၁ ကီလို) ၁ ယူရို
စပျစ်သီး (၅၀၀ ဂရမ်) .၅၀ ယူရို
ခရမ်းသီး (၁ ကီလို) ၃ ယူရို
ပဲပင်ပေါက်ချဉ် (၁၅၀ ဂရမ်) ၂.၅၀
ခရမ်းချဉ်သီး(၁ ကီလို) ၂.၃၀
ဈေးဝယ်ပြီးချိန်မှာ အိတ်ထဲက ငွေသုံးဆယ် ခုန်ထွက်သွားပါတယ်။ အဲဒါ တစ်ပတ်စာ စားလောက်ပါတယ်။ မြန်မာဟင်းကို မစားဘဲ နေနိုင်တယ် ဆိုရင် ဒီလောက် မကုန်ပါဘူး။ ဒီမှာရတဲ့ အသီးအရွက်တွေ စားတတ်တယ်ဆိုရင် တစ်ပတ်စာ ၂၀ယူရိုလောက်ပဲ ကုန်ပါမယ်ရှင်။ ဂျာမန်ဆိုင်တွေမှာ ရနိုင်တဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေ စားမယ်ဆိုရင် သိပ်မကုန်ပါဘူး။ ဥပမာ အာလူး၊ သခွားသီး၊ ဆလပ်မျိုးစုံ၊ မှို၊ ခဥ၊ မုန်လာဥ….သားငါးတွေကတော့ တူတူပါပဲ။ ဒါတွေအားလုံး ဂျာမန်ဆိုင်တွေမှာ ရနိုင်ပါတယ်။ ကျွန်မကတော့ ပေါက်ပေါက်ရှာရှာ မြန်မာထမင်းဝိုင်းလို တို့စရာလေးနဲ့မှ စားချင်တာဆိုတော့ အာရှဆိုင် ပြေးရတာပေါ့။ ငါးကတော့ မတူဘူးရှင့်။ ဒီက ငါးတွေကို စားမရဘူး။ မချိုသလိုပဲ။ အာရှဆိုင်က ငါးမှ ချိုတယ်။
ငါးအစိုချက်ပါတယ်။ မြန်မာဟင်းချက်နည်း ဖော်မြူလာအတိုင်းပါပဲ။ အရင်ဆုံး ကြက်သွန်နီ၊ဖြူ ဆီသတ်၊ ခရမ်းချဉ်သီးလေးထည့်ပြီး အခွံလိပ်သွားအောင် လုံးလိုက်တာပါပဲ။ ငါးကို ရေစင်စင်ဆေးပြီး ဆား၊ အချိုမှုန့်နယ် နှပ်ထားပါတယ်။ ခရမ်းချဉ်သီး လိပ်သွားပြီး ဆီပြန်လာမှ ငါးကို ထည့်ပါတယ်။ တော်တော်ကြာအောင် ထည့်ထားပြီး ချိုးကပ်လာရင် ရေလေးနည်းနည်း ထည့်ပေးလိုက်တယ်။ ငရုတ်သီးစိမ်း၊နံနံပင်ခတ်ပြီး ခဏနေရင် ငါးဟင်းကျက်ရောပေါ့။
ပြီးတော့ ပဲငပိကို ကြက်သွန်ဖြူ၊ နီနဲ့ ငရုတ်သီးနိုင်နိုင်ထည့်ပြီး ခြောက်နေအောင် ကြော်ပါတယ်။ အမှန်က ငပိရည်ဖျော်စားချင်တာ။ ဒီမှာချက်ရင် အားလုံးထွက်ပြေးကုန်မှာ စိုးလို့။
မုန်ညင်းဖြူရွက် ကြက်ဥနဲ့ ကြော်ပါတယ်။ ပဲနီလေးဟင်းချို….မြန်မာမှာတုန်းက တစ်ခါမှ မစားတဲ့ဟင်းပါ။ ဒီမှာတော့ ကိုယ်ကြိုက်တဲ့ ကုလားပဲက တစ်ခါချက်ရင် တမနက်ကုန်တာကြောင့် ပဲနီလေးကို ချစ်ပြနေရတယ်။ သူက ချက်ရတာ အရမ်းမြန်တယ်ရှင့်။ ကျွန်မကတော့ ကြက်သွန်တွေ၊ ဂျင်းတွေနိုင်နိုင်ထည့်ပြီး မီးအေးအေးလေးနဲ့ တင်ထားလိုက်တာပဲ။ တစ်ခါပွက်ရင် ကျက်ပြီပဲ။
စားခါနီးရင် ရေနွေးတစ်ပွက်ဆူမှာ ရုံးပတီသီးလေး ၂မိနစ်လောက်ထည့်လိုက်တယ်။ မျှစ်နဲ့ သရက်ကင်းလေးလဲ စိတ်ထားလိုက်တာပေါ့။ ထမင်းပွဲပြင်လို့ ရပြီပေါ့ရှင်။
ဗိုက်ကလဲ တအားဆာနေလို့ မမဂျာမုန်းဒန်လိုတော့ ထမင်းပွဲ လှလှလေး မပြင်နိုင်တော့ဘူးရှင့်။ ဟင်းတွေကတော့ အစုံပါပဲ။ စားသွားကြပါဦးနော်။



5 comments:

Anonymous said...

စားမယ်စားမယ် မမချက်တာဗိုက်()
အောင်စားမယ်းးးးဈေးကြီးလိုက်တာနော်
ဟင်းတခွက်၇ဖို့လေ နော်းးးးးးးးးးးမမ

မမကို
ချစ်ခင်တဲ့
မြူးလေး

Mr.Pu said...

Es sieht leckter aus!!!

Mr.Pu said...

Es sieht leckter aus!!!

Mr.Pu said...

Falsch! Ich habe lecker gemeint, nicht leckter!!

မဟာဆန် said...

Hallo Mr.Pu
Gut. Den viele essen. :)
Ich will kochen mehr für dich.