Wednesday, November 12, 2008

MTU ရဲ့ တန်ဆောင်တိုင်ည


ဓါတ်ပုံကို ဒီက ယူပါတယ်……

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ဒီလိုညမှာပေါ့….

မန်းချယ်ရီ အဆောင်ရှေ့မှာ ညနေ ၆နာရီကျော်တဲ့အထိ လူစည်ကားနေဆဲပေါ့။ တန်ဆောင်တိုင်ညလေ။ ၆နာရီကျော်ရင် အဆောင်တံခါးပိတ်လို့ ပြင်ပလောကကြီးနဲ့ဝေးနေရတာ တစ်နှစ်ပတ်လုံးပါပဲ။ ဒီည…တန်ဆောင်မုန်း လပြည့်ညလေးကတော့ တစ်ရက်တည်းသော ညရဲ့အလှကို ခံစားခွင့်ရတဲ့ အမှတ်တရညလေးပါ။ ဘာလို့လဲဆိုတော့…..

မဟာဆန်တို့ စစ်ကိုင်းတိုင်းအသင်းက ကျောင်းရှေ့က မြောင်းထဲမှာ မီးမျှောပွဲ လုပ်လို့ပါပဲ။ 2nd year ကတည်းက နှစ်စဉ်နှစ်တိုင်း တန်ဆောင်တိုင်ညမှာ မီးမျှောပွဲလုပ်ကြပါတယ်။

မဟာဆန်တို့ဆို နေ့လည်ကတည်းက မဲဇလီဖူးသုပ်ဖို့ ပြင်ဆင်ရတာ။ အဆောင်ရှေ့က ဈေးရောင်းတဲ့ အဒေါ်ကြီးတွေကို မဲဇလီဖူး မှာရတယ်။ မဲဇလီဖူးကို နေ့လည်ခင်းလာပို့ပါလို့ ပြောရတယ်။ တစ်ခါက ပြုတ်ပြီးသား မဟုတ်ဘဲ ခူးပြီးပြီးချင်း လတ်လတ်ဆတ်ဆတ်ကြီး လာပို့လို့ ကိုယ့်ဘာကိုယ် ပြုတ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့။

“ဟင်..အစိမ်းကြီးလား” လို့ မေးတော့ ”နေ့လည်ခင်း လိုချင်တာဆိုလို့ အချိန်မီ လာပို့တာလေ” တဲ့။ ဂစ်……..

အဲဒီတုန်းက မဟာဆန်နေတာက မန်းချယ်ရီဆောင် ဒုတိယထပ်၊ မျက်နှာစာအတန်း၊ အဆောင်ခြံ အ၀င်ပေါက်နဲ့ တည့်တည့်၊ အဆောင်မှူးအခန်း အပေါ်ထပ်ပေါ့။ နေရာကောင်း အခန်းလေ..ဟဲဟဲ..။ ဘယ်လိုနေရာကောင်းလဲ ဆိုတာ နောက်သတ်သတ် ထပ်ရေးဦးမယ်။

သူငယ်ချင်းတွေ ရှိသမျှ ရေနွေးဂေါက်အိုးတွေနဲ့ ၄လုံးလောက် ပြုတ်ရတယ်။ တစ်ရေပြုတ်လိုက်၊ သွန်လိုက်၊ ထပ်ပြုတ်လိုက်ပေါ့။ အာလူးပြုတ်တဲ့သူပြုတ်၊ ကြာဇံပြုတ်တဲ့သူပြုတ်၊ ကြက်သွန်ဆီချက် ချက်တဲ့သူ ချက် နဲ့ မဟာဆန်တို့ အခန်းအပြင်ဘက် ထောင့်လေးလဲ မီးဖိုချောင် ဖြစ်ရော။

စကားတွေဖောင်ဖွဲ့ရင်း မဲဇလီဖူးသုပ်ရတာ မမောနိုင်ပါဘူး။ ညကျ အပြင်ထွက်ရမှာမို့ အားလုံး ပျော်မြူးနေကြတာပဲ။ ညနေ လေးနာရီလောက်ဆို အသုပ်ရပြီ။ ညနေခင်းအတွက်က တစ်ဝက်လောက်သုပ်တာပေါ့။ ညကျ ”ဆေးပေါင်းခ” ရဦးမှာကိုး….။

အသုပ်ရပြီ ဆိုတာနဲ့ ”ဟေ့ကောင်တွေ…စားလို့ရပြီကွ” လို့ အော်လိုက်တာပဲ….။ သိပ်မအော်ရပါဘူး…။ သုံးယောက်လောက်ပဲ အော်ဦး။ ဒုတိယထပ် ညာဘက်ခြမ်းက မိန်းကလေးတွေ အကုန် ရောက်လာတာပဲ။ ဇွန်းလေးတွေကိုင်လို့ပေါ့။ တဟီးဟီး တဟားဟား နဲ့ စားကြတာပဲ။

ဦးအောင်တုပ်ထားမှ….။၁၅ မိနစ်လောက်နေရင် အပေါ်ထပ်၊ အောက်ထပ်၊ ဟိုး ဘယ်ဘက်ခြမ်းက သူငယ်ချင်းတွေလည်း အပြေးရောက်လာတာပဲ။ နောက်ကျရင် ငတ်ပြီကိုး…..။

ရည်းစားနဲ့ချိန်းထားလို့ …ပြင်ဆင်ထွက်လာတဲ့ ကောင်မလေးတွေကရော…မသွားသေးဘူးဆရာ။ အတင်း တိုးခွေ့ပြီး လုစားတာပဲ။ မဟာဆန်တို့ကလည်း ညစ်တယ်။ အချိန်းအချက်ရှိတဲ့ ကောင်ဆို မကြာကြာအောင် လုပ်တယ်….ဇွန်းကို မပေးဘူး…ဟိုလူ့လှမ်းပေးလိုက်၊ ဒီလူ့ကျော်ပေးလိုက်ပေါ့။

”ဟဲ့ နင်ချိန်းထားတာ စားမနေနဲ့လေ” ပြောလိုက်ရင် ”အံမယ်လေး…ရည်းစားက အစားလောက် အရေးမကြီးဘူးဟဲ့” ဆိုတာ မန်းချယ်ရီသူတွေရဲ့ နှုတ်ထွက်စကားပေါ့။ နောက်ဆုံးမှ အတင်းလိုက်လုလို့ ဇွန်းက ရတယ်…။ အဲဒီကျမှ တ၀ကြီးစားပြီးမှ ပါးစပ်လေးသုတ်ပြီး စက်ဘီးထုတ်…လစ်ကြတာ။

အပြင်က ကောင်တွေကတော့ တမျှော်မျှော်ပေါ့…။ ကိုယ့်ကောင်မလေး ဒီလောက်ကြာနေတာ ကိုယ်နဲ့တွေ့မှာမို့ ပဲတွေ များနေတာထင်ရဲ့ ဆိုပြီး တပြုံးပြုံးနဲ့ စောင့်လို့ပေါ့….ဟား…ဟား…ထွက်လာတော့ နှုတ်ခမ်းမှာ ဆီကွက်ကြီးနဲ့….။မှတ်ကရော…အဲဒါ မန်းချယ်ရီသူ…..

ကိုယ်တို့တွေ စားလို့ ၀ပြီဆိုမှ ယောက်ျားလေး သူငယ်ချင်းတွေကို ကျွေးဖို့ပြင်တယ်။ သူတို့အတွက် သုပ်ပြီး….ကိုယ်တွေလည်း ရေချိုးပြီးမှ … အသုပ်ချိုင့်လေးတွေကိုင်ပြီး မီးမျှောပွဲသွားဖို့ တခါတည်း အပြင်ထွက်ကြတော့တယ်။

မဟာဆန်တို့ အိုင်တီမေဂျာကတော့ လူစုံတက်စုံ မန်းချယ်ရီရှေ့မှာ ဆုံတာပဲ….။ မေဂျာထဲက ကိုယ့်ထက် နည်းနည်း အသက်ကြီးတဲ့ သူငယ်ချင်းတွေကို အသုပ်ကျွေးရင်း မုန့်ဖိုးတောင်းတယ်….။

စားသောက်ပြီးရင် မာမီကျော့အိမ်ကို ချီတက်..ကန်တော့..မုန့်ဖိုးတောင်းပေါ့…..။ ဆရာတွေ ဆရာမတွေလည်း ကျောင်းထိပ်က မီးမျှောပွဲကို လာကြတယ်လေ။ မီးမျှောပွဲသွားဖို့က မန်းချယ်ရီအဆောင်ရှေ့ ဖြတ်ကိုဖြတ်ရတယ်လေ….။ လာသမျှဆရာတွေ ဒိုင်ခံ မုန့်ဖိုးတောင်းတာပဲ…။ အဲဒီည မုန့်ဖိုး အများဆုံးရတဲ့သူက နောက်နေ့ အားလုံးကို လက်ဖက်ရည် တိုက်ရတယ်။

နည်းနည်း မှောင်လာပြီဆိုရင် ကျောင်းထိပ်ကို သွားကြပြီ…..။ ဒီတစ်ခါသွားတာကျ အားလုံး လမ်းလျှောက်ကြတာပဲ…။ ခါတိုင်း စက်ဘီးနဲ့သွားရင် ဟိုက်နေအောင် မောတာ။ ဒီလိုညကျ လရောင်လေးနဲ့…သူငယ်ချင်းတွေနဲ့…မမောဘူး..ပျော်တောင်ပျော်သေး….။

ရန်ကုန်တိုင်းတို့..မန္တလေးတိုင်းတို့က …..လမ်းတလျှောက်ကို …. ဖယောင်းတိုင်လေးတွေ ထွန်းလို့ အလှဆင်ထားတယ်….။ ရုံးစိမ်းရှေ့က ဓမ္မာရုံရောက်တော့ တထောက်နား…..အလှူလုပ်တဲ့….အသုပ်တွေစားပေါ့…။

စားသောက်ပြီး ရှေ့ဆက်လျှောက်တော့ ရောက်ပါပြီ…..။ မီးမျှောပွဲလုပ်မဲ့ မြောင်းဘောင်ရောက်ပြီလေ….။ ကျောင်းသူ ကျောင်းသားတွေဆိုတာ တစ်ကျောင်းလုံး ကန်ဘောင်မှာ ပြွတ်သိပ်နေတာပဲ….။ ကျောင်းမှာ လူဒီလောက်များတာ ခုမှပဲ သိရတော့တဲ့ အတိုင်း….။

မဟာဆန်တို့ စစ်ကိုင်းတိုင်း အသင်းသားတွေက ငှက်ပျောပင် အခွံနဲ့ ဖယောင်းတိုင်လေးတွေ လိုက်ဝေတာပေါ့…။ ငှက်ပျောပင် အခွံလေးတွေပေါ်မှာ ဖယောင်းတိုင်လေးတွေ စိုက်လို့….လူတိုင်းက မီးမျှောဖို့ အဆင်သင့် ဖြစ်နေကြပြီ….။

စမျှောတော့မယ်လို့ အော်လိုက်တာနဲ့ အားလုံး ကမ်းစပ်ကို ဆင်းပြီး မီးခွက်လေးတွေ မျှောလိုက်ကြတယ်…..။ တစ်ယောက်ပြီး တစ်ယောက်..တစ်ခွက်ပြီး တစ်ခွက်…..လှလိုက်တာ…ရေစီးနဲ့ မျောပါသွားတာများ…..။ တကယ့်ကို ရင်ခုန် ပျော်ရွှင်စရာ မြင်ကွင်းလေးပါပဲ…။

ည၉နာရီ၁၀နာရီလောက်ထိ တပျော်တပါး စကားပြောလိုက်..စလိုက်.. နောက်လိုက်..မီးသွားမျှောလိုက်…ဆရာတွေ မုန့်ဖိုးတောင်းလိုက်နဲ့ပေါ့…..။

၁၀နာရီလောက်ဆိုရင်တော့ လူစုခွဲရပြီ….။ မန်းချယ်ရီက ပိတ်တော့မှာလေ….။

အိုင်တီက သူငယ်ချင်း ကောင်လေးတွေနဲ့…”ဟေ့ကောင်တွေ…မနက်ဖန် ဦးနိုင်ဆိုင် (Black & White) ၁၀နာရီဟေ့“ လို့ ချိန်းကြ…။ အတွဲလေးတွေကလည်း….” မနက်ဖန်… ၈နာရီ အဆောင်ရှေ့ လာခေါ်မယ်နော်” လို့ ချိန်းကြနဲ့ပေါ့….။

ပြန်တော့လည်း လမ်းလျှောက်ပြန်တာပဲ… အဆောင်ပြန်ရောက်တော့…..ခဏအမောဖြေကြ… အအေး ဖျော်သောက်ကြသေး…..။ အဆောင်ရှေ့က ဂစ်တာသံလေးတွေ နားထောင်ရင်းပေါ့…..။

ကောင်မလေးတွေ ကိုယ့်ကောင်လေးက သီချင်းလာဆိုရင်တော့ ဘယ်လိုခံစားရလဲ မပြောတတ်ဘူး..။ မဟာဆန်တို့ကတော့ သူတို့ ဂစ်တာတီးတာကို အိမ်မှာ အစ်ကိုတွေ..မောင်တွေ အပျော် သီချင်းဆိုနေသလို ခံစားရတာပဲ…..။

တစ်ကျောင်းလုံးမှ လူက နည်းနည်းလေး….အကုန်လုံးနဲ့ …ရင်းနှီးနေတော့…ဒီလိုပဲ ဖြစ်မှာပေါ့…။ သီချင်းတွေထဲ ကြားဖူးသလို….” အဆောင်ရှေ့က သီချင်းသံကြောင့် ရင်ခုန်တယ်”ဆိုတာ ”ဘာလို့ပါလိမ့်” လို့တောင် အံ့သြမိသေး….။

သီချင်းဆိုတဲ့ သူငယ်ချင်းတွေကို မေးကြည့်တော့ ”ဟ….ငါတို့က စာကြည့်ရင်း ငိုက်လာလို့ အပျင်းပြေ အပြင်ထွက်ပြီး သီချင်းဆိုတာ….နင်က ဘာ ခံစားချင်တာတုန်း” တဲ့…။မှတ်ကရော…..။ မဟာဆန်တို့ MTU များ အဲလို..အဲလို….။

သီချင်းတွေနားထောင်ရင်း…..၁၂နာရီနားနီးတော့…. မဲဇလီဖူး ထပ်သုပ်ကြတယ်။ ၁၂နာရီထိုးပြီဆိုရင်…..”ဆေးပေါင်းခပါစေ” လို့ ၀ိုင်းအော်ပြီး စားကြတယ်….။ Happy New Year နဲ့ နင်လား ငါလားပဲ…..။

စားသောက်ပြီးရင်တော့ မျက်ခွံတွေလေး….အာတွေလေးလာကြတယ်…။ စကားသံ ရယ်သံတွေ….အဆောင်ရှေ့က သီချင်းသံတွေ ပါးလာလို့ မီးမှိတ်ပြီး အိပ်ကြလေသတည်းပေါ့….။

ဒီနှစ် တန်ဆောင်တိုင်ညမှာတော့ သူငယ်ချင်းတွေနဲ့…..မြန်မာပြည်နဲ့ ဝေးလို့ တစ်ယောက်တည်း ယောင်ချာချာပေါ့…။



2 comments:

Ko Boyz said...

ကျောင်းနဲ့ ပတ်သက်တာတွေ အလွမ်းပြေ လာဖတ်သွားတယ်ဗျာ။
အိုင်တီ မေဂျာ ဆိုတာ ဘယ်တုန်းက ပေါ်လာတာတုန်း..။
မီးမျှောပွဲကတော့ တစ်ခါမှ မလုပ်လိုက်ကြရဘူး...။ (အဲဒီမှာ နေခဲ့ရတဲ့ တစ်လျှောက်လုံး...။)

မဟာဆန် said...

အိုင်တီက ၉၉ မှ ပေါ်တာပေါ့
တို့က ကိုဘွိုင်းထက် အများကြီးငယ်တယ် သိလား...ဟီး
သူ့ကိုယ်သူ ကိုနဗနထက်ငယ်တယ်ဆိုလို့ သူ့ထက်ငယ်တာ ရှိသေးတယ်လို့ ပြောတာပါကွယ်
မီးမျှောပွဲကတော့ ကျွန်မတို့နှစ်မှ စလုပ်တာပါ
ကျွန်မတို့လည်းကျောင်းပြီးရော လုပ်တော့ဘူးတဲ့ ဆိုလားပဲ