Thursday, April 15, 2010

သတင်းခေတ်ထဲက ငပျင်း နဲ့ အရူးချေးပန်း

ဒီနေ့က တကယ့်နေ့ပဲ။ မကောင်းသတင်းချည်း ကြားနေရတယ်။ သင်္ကြန်တွင်း ဖြစ်တဲ့ သတင်းက မကောင်းလှတဲ့ အထဲ ကြေငြာချက် ကျောင်းအီးမေးဝင်လာတယ် ပါချုပ်ဟောင်း Professor Peter Dietz အီကွေဒေါမှာ ကားမတော်တဆ ဖြစ်သေဆုံးသွားတယ်တဲ့။ သူ့အသက်ဟာ ၇၀ ရှိပါပြီတဲ့။ ဒီအရွယ်ရောက်မှ သေတာတောင် အေးအေး မသေရပဲ ဘာလို့ ဒီလိုအန္တရာယ်တွေ ဖြစ်သေကြတယ်မသိ။ ပါချုပ်အဖြစ် ၁၉၉၆ ကနေ ၂၀၀၀ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီ ကလောက်စထယ်မြို့လေးရဲ့  မြို့တော်ဝန် အဖြစ်လည်း ထမ်းဆောင်ခဲ့တယ်တဲ့။ သူဟာ လက်ရှိ တရုတ်နိုင်ငံ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး Professor Wan Gang Ph.D ကျောင်းသားတုန်းက Doktorvater လို့ ခေါ်တဲ့ Supervisor ဖြစ်ပါတယ်တဲ့။ နောက်ထပ်ပြောချင်တာကတော့ ဒီမြို့  မြို့ တော်ဝန်ကို သေမှပဲ သိတော့တယ်ဗျာ၊ လေ့လာမှုအားကောင်းပုံများ။

နိုဗယ်ဆုရှင် Dr.Robert Koch ဟာ တီဘီရောဂါပိုး နဲ့ ကုထုံးကို ဒီမြို့ မှာတွေ့တယ် ဆိုတာတော့ တခန်းထဲ အလုပ်လုပ်ဖူးတဲ့ ဂျာမန် တစ်ယောက် ကြွားချင်တာနဲ့ သိသွားတာပါ။ တမြို့ လုံး သူ့ရုပ်ထုတွေ မြင်နေတာလဲမသိ၊ ကျောင်းသားဆောင်က Oven ထဲဟင်းထည့် ဖုတ်ရင်း အနှုတ်မတော်လို့ ကျွန်တော့်လက်မကြီး အပူလောင်အနာရင်းပြီး အရိုးထိလုနီးနီး ပြည်စားနေခဲ့တာ ဆေးရုံသွားခွဲတုန်းကလဲ Robert Koch ဆေးရုံကြီးဆိုပြီး ရေးထားတာလဲ ဒီလူဘယ်သူမှန်းမသိနဲ့ ၊ အဲဒီ တစ်ယောက်က တစ်နေ့တော့ ပြောတယ် အခု ငါနဲ့ မျက်နှာချင်းဆိုင် မင်းထိုင်နေတဲ့ ခုံမှာ အရင်နှစ်က အာဖရိကန် လူမည်းတစ်ယောက်ထိုင်သွားဖူးတယ်။ ခုတော့ တီဘီဖြစ်လို့ ဆေးရုံရောက်နေတယ်တဲ့။ မထူးဆန်းဘူးလားကွာ၊ ဒါလောက် ၁၂ လရာသီ နှင်းဖုံးနေတဲ့ ကလောက်စထယ် ဒီငတိ ဘယ်လို တီဘီဖြစ်တာတုန်းတဲ့။ နောက်ပြီး ဟို Robert Koch ဆိုတဲ့ ငနဲကြီးက လည်း ဒီတီဘီ ရောဂါပိုးကို ဒီမြို့ မှာတွေ့သွားတာကွတဲ့။ နောက် ကျွန်တော့်တွေ့တိုင်း အဲဒီငတိ ရွှတ်နောက်နောက်နဲ့ ချောင်းဆိုးပြပြီး စနေတော့တာပဲဗျာ။


နည်းနည်းပို ရယ်စရာကောင်းတာက တချိန်က တီဘီ ရောဂါ ဆိုတာ masturbation ကြောင့်ဖြစ်တာလို့ တချို့ က ယုံနေခဲ့ကြတာတဲ့ (Ref:link)။

သတင်းခေတ်လို့ ပြောရလောက်အောင် သတင်းတွေရတာ သိပ်မြန်လွန်းတယ်။ တစ်နာရီလောက် အွန်လိုင်းမရောက်တာနဲ့ သတင်းပေါင်းများစွာ သိဖို့ နောက်ကျသွားတယ်။ တရက်လောက်နောက်ကျပြီဆို ပတ်ဝန်းကျင်ကို သတိမထားတဲ့ ငပျင်းလို့လို့တောင် ခေါ်ရမလားပဲ။ ဒီနေ့ခေတ်ရဲ့  အသုံးလုံးက အင်တာနက်(Internet)၊ အင်ဖော်မေးရှင်း (information) ၊ အင်္ဂလိပ်စာ (English)တဲ့။ ကျွန်တော်ထင်တာကတော့ အင်တာနက်၊ အီးမေးလ် နဲ့ အင်္ဂလိပ်စာဖြစ်မယ်ထင်တာပဲ။ အင်တာနက်သုံးတတ်ရမယ်၊ အီးမေးလ် သုံးတတ်ရမယ်၊ အင်္ဂလိပ်စာ တတ်ရမယ် ဆိုချင်သလားလို့ဗျာ။ ဒီအသုံးလုံး ဆိုတာကြီး ဘယ်သူစသုံးမှန်းလဲ မသိပါဘူး။ ဘယ်ဆရာသမားက ဘယ်လို စ ရေးလို့ သတင်းခေတ်ရဲ့  အသုံးလုံး ဖြစ်လာရတယ်မသိပါဘူး။ အဲ ထပ်ပြောရရင် ဘယ်သူက ကော သတင်းခေတ်လို့ နံမည်ပေးတာတုန်း ဟာ..ကြာလေ မသိတာတွေ များနေပါလား။ ဒီကြားထဲ Vergessen Idee ist Keine Idee (Forget idea is no idea) ဆိုတာကလဲ ရှိသေး။ အာဂုံရမှ အာဂလူ ဆိုတာနဲ့ ဆန့်ကျင်ဖက်အဓိပ္ပါယ် တူမလားပဲ။ ဟိုဟာလေးဆိုလဲ ပြေးသိချင်လိုက် ဒီဟာလေးဆိုလဲ ပြေးသိချင်လိုက်နဲ့ ပြီးတော့လဲ ဘာမှ သုံးမရ။ သုံးရတဲ့ ဟာလေးတွေ ကြတော့လည်း သတင်းတွေကို ဖတ်ယုံပဲ ဖတ်ပြီး မေ့ပစ်တတ်တဲ့ ဒီဥာည် ကြောင့် ဘာမှ မှတ်မရ။ သတင်းတွေအပြင် သိစရာဗဟုသုတတွေကလဲ များပါဘိတောင်း။ ဒီခေတ်ကြီးထဲ မ တစ်လုံးကြေ ခင်ကြီးဖျော်သာ ပြန်ရောက်လာရင်တော့ သူ့ခမျာ အင်တာနက်ဆိုင်က ထနိုင်ပါ့မလားမသိ။

ဒီနေ့လဲ မဟာဆန်တစ်ယောက် ကျောရိုးထဲ အပ်သွင်းခံရတာတောင် ခံလိုက်ရမှန်းမသိပါဘူး။ PRT injection နည်း ဆိုပဲ။ ပထမနေ့မှာ Magnetic resonance tomography နည်းအရ သေတ္တာထဲအသွင်းခံလိုက်ရတာ ခေါင်းထဲ သွင်းပါတယ်ဆိုပြီး ကြောက်လို့တုန်နေတယ်။ တကိုယ်လုံး အရိုးတွေ ပုံဖော်လိုက်တာ ခါးရိုးနေရာက အဆစ်တစ်ခုမှာ ပြဿနာဖြစ်နေတာသွားတွေ့တယ်။ နောက်တစ်ပတ်ထပ်ချိန်းခဲ့လို့ ဒီနေ့သွားလိုက်တယ် ၀မ်းလျားမှောက်လို့ ကျောရိုးထဲ အပ်သွင်းပြီး ဆေးထိုးထဲ့တာခံလိုက်ရတယ်။ အရိုးထဲ အပ်သွင်းမယ်ဆိုတာ မသွားခင်ညက အင်တာနက်မှာ ရှာလိုက်လို့ သေချာသိလိုက်ရတယ်။ တကယ် သွင်းတော့ အရေပြားလောက်ပဲ အပ်ဖောက်လိုက်တယ် ထင်တာတဲ့။ စက်နဲ့ သွင်းသွားသလား လက်နဲ့သွင်းသွားသလားတောင် ကောင်းကောင်းသိပုံမရဘူး။ ကြာချိန်က လဲ ငါးမိနစ် လောက်ပဲ။ လာလိုက်တဲ့ လူနာကလဲ သောက်သောက်လဲပဲ။ လာတဲ့လူနာတွေကလည်း အေးအေးဆေးဆေးပဲ ပြုံးပြုံးရွှင်ရွှင်ချည်းပဲ ထသွားတော့မှ ခြေထော့နဲ့ ထော့နဲ့ တို့ ၊ ခါးစောင်းတို့ ဆိုတာသိရတယ်။ ပြီး ၅ မိနစ်အတွင်းပြန်ထွက်လာကြတဲ့သူချည်းပဲ။ ဒီအထဲ မဟာဆန်တစ်ယောက်ပဲ ရှုံမဲ့မဲ့ နဲ့ ထိုင်နေတာ။


ယူရိုတွေ ဈေးတွေ တက်နေလား၊ ဒေါ်လာဈေးတွေ ဘယ်လိုလဲ၊ ဂရိကြွေးကျေရင်ကော ယူရိုဈေးတက်မှာလား၊ ဘယ်သမ္မတက ဘယ်မှာ လေယာဉ်ပျက်လို့၊ ဘယ်နိုင်ငံမှာ ပြဿတွေ ဖြစ်နေလဲ၊ ဘယ်သူတွေ ဘလော့က ဘာတွေ ရေးထားတာ၊ ဘယ်ဟင်းကို ချက်စားဖို့ ဘယ်ဘလော့ သွားရှာရင် ကောင်းမယ် အချိန်မပြတ် အင်တာနက်မှ အင်တာနက်ဖြစ်နေရင်းကနေ တရက်စာလောက် နောက်ကျသွားတာ ညနေပိုင်း အင်တာနက် အသည်းအသန် ကောက်ဖွင့် အီးမေးလ်စစ်၊ ဖိုရမ်တွေထဲ လျှောက်ဝင်လိုက်တာ သတင်းတွေ ပလူပျံလို့ ငပျင်းတစ်ယောက် နောက်ကျ ကျန်ခဲ့ပါကြောင်း။

Ref:

http://en.wikipedia.org/wiki/Tuberculosis
http://www.radiologie-schwabing.de/prt_en.html
http://books.google.com/books?id=72AHO0rE2HoC&lpg=PR1&pg=PA80#v=onepage&q&f=false

4 comments:

စန္ဒကူး said...

အရမ်းနာလားဟင်..
သူများပြောတာကြားဖူးတယ်.
အရင်က ကျောနောက်ကနေ ဖောက်ပီး ကျောက်ကပ်အစထုတ်တုံးက သေအောင်အော်လိုက်ရတာ..း(

မဟာဆန် said...

ပုရွက်ဆိတ်ကိုက်သလောက်ပဲ။ သိလိုက်တဲ့ အချိန်မှာ ထိုးပြီးနေပြီ။ တကယ်ကောင်းတဲ့ ကုထုံးပါ။ သုံးနှစ်လောက် ခံစားခဲ့ရတဲ့ ခါးကိုက်ဝေဒနာ ခု ပျောက်သလောက်ပဲ။ ရှင်းရှင်းပျောက်ဖို့ နောက် နှစ်ခါထပ်ထိုးရအုံးမယ်။

johnmoeeain said...

သတင်းခေတ်ဆိုတာကြီးကို သိသိရက်နဲ့
ပေါက်ကွဲချင်ပြီး.. စကားအစ ရှာမရ ဖြစ်နေတာ........
ခုမှပဲ စိတ်ထဲ ပြောချင်တာတွေ ပေါ့သွားတော့တယ်...
နည်းနည်းမှ ပျင်းလို့မရတဲ့ သတင်းခေတ်ကြီးမှာ
ပျင်းနည်းလေး သိရရင် ကောင်းမှာပဲ... :)

ခင်မင်လေးစားစွာ

Unknown said...

တခါ တခါ ဒေါ်လာ ၊ ယူရို ၊ အင်တာနက်၊ အီးမေး ၊ လက်ကိုင်ဖုန်း အဲတာတွေမရှိ နေရာမှာ နေချင်စိတ်ပေါ်တယ်ဗျာ။